အလုပ်မရှိသော မိန်းမ
စိတ်ပညာရှင် ဆရာဝန်ထံသို့ လူတယောက် ရောက်လာသည်။ "ထိုင်ပါ ကော်ဖီ သောက်မလား"
"မသောက်တော့ပါဘူး သောက်လာပြီးပြီ"
"ဒါဆို ခဏလေး ကျွန်တော် ကော်ဖီ ဖျော်လိုက်ဦးမယ်"
ဆရာဝန်က ကော်ဖီခွက်ကို ကိုင်လာပြီး သူ့ရှေ့တွင် ပြန်ထိုင်လိုက်သည်။ "ကဲပြောပါ ကျွန်တော် ဘာကူညီရမလဲ"
"ကျွန်တော့်မိန်းမနဲ့ ကွာရှင်းချင် လို့ပါ"
"ဟာ၊ နေရာ မှားလာပြီနဲ့ တူတယ်။ ဒါ လင်မယားချင်း ကွာရှင်းပေးတဲ့ နေရာ မဟုတ်ဘူးဗျ"
"ဆရာရယ် ကျွန်တော့် စိတ်ထဲမှာ ကျွန်တော့်မိန်းမက ဖိစီးနေတယ်။ အဲဒါကြောင့် လာခဲ့တာပါ"
"ဒါကတော့ နည်းနည်း ဆိုင်မယ် ထင်တယ်။ ခင်ဗျား မိန်းမက ဘယ်လိုဖိစီးမှု ဖြစ်စေတယ် ဆိုတာ ပြောပြ နိုင်မလား"
"ဒီခေတ်မှာ လင်ရယ် မယားရယ် အိမ်ထောင်တခု ထူထောင်ပြီ ဆိုရင် အေးအတူ ပူအမျှ စိတ်ဓာတ်နဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်ကြမှ ဖြစ်မယ် ဆိုတာ ဆရာ လက်ခံပါတယ်နော်"
"မှန်တာပေါ့ အိမ်ထောင်ရေးမှာ ဒါအရေးကြီးတာ ပဲဗျ"
"ဆရာက သဘောပေါက်တယ်။ ကျွန်တော်ပြောတာကို လက်ခံတယ်"
"ဟုတ်ပြီ ပထမဆုံး ခင်ဗျား ဘာလုပ်သလဲ ဆိုတာလေး စ ပြောရအောင်"
"ကျွန်တော်က ဘဏ်မှာ အလုပ်လုပ်ပါတယ် ဆရာ။ စာရင်းကိုင် တယောက်ပေါ့"
"ခင်ဗျား ဇနီးကရောဗျာ"
"အဲဒါကို ပြောချင်တာဆရာ။ ကျွန်တော့် မိန်းမက အလုပ် မရှိဘူး အိမ်မှာပဲ"
"ဪ ခင်ဗျား မိန်းမက ဘာမှ မလုပ်ဘဲ အိမ်မှာ အခန့်သား ခင်ဗျား ရှာကျွေးတာကို ထိုင်စားနေတယ် ဆိုပါတော့"
"ဟုတ်တယ်"
"သားသမီးတွေရော ရှိသလားဗျ"
"ရှိတယ် နှစ်ယောက်။ ကျောင်းနေတဲ့ အရွယ်တွေ ရောက်နေပြီ"
"အို ကလေးနှစ်ယောက် ရတဲ့အထိ ခင်ဗျား မိန်းမက ဘာအလုပ်မှ မလုပ်ဘူးပေါ့"
"ဟုတ်တယ်ဆရာ အဲဒါကို စိတ်ထဲမှာ ခံပြင်းနေတာ"
"နေဦး ခင်ဗျားနဲ့ ကလေးတွေရဲ့ မနက်စာကို ဘယ်သူ ချက်ပေးလဲဗျ"
"ဘယ်သူရှိရမလဲ ဆရာ။ ကျွန်တော့် မိန်းမပေါ့။ သူက အလုပ်မှ မရှိတာ"
"ခင်ဗျား မိန်းမက မနက်ဆို အိပ်ရာက ဘယ်နှနာရီလောက် ထသလဲ"
"အလုပ်မရှိ အကိုင်မရှိဘူးသာ ဆိုတယ် မနက်ဆို ၄ နာရီလောက် ဆို နိုးနေပြီ"
"မနက် ၄ နာရီလောက်ကြီး ထပြီးတော့ ဘာလုပ်သလဲ"
"အစောကြီး ထပြီး ထမင်းတွေချက်၊ သန့်ရှင်းရေးတွေ လုပ်ပေါ့ဆရာ အလုပ်မှ မရှိတာ"
"ခင်ဗျားနဲ့ ကလေးတွေကရော ဘယ်နှနာရီ လောက်မှ ထကြသလဲ"
"ကျွန်တော်တို့ ကတော့ ၇ နာရီ ၈ နာရီလောက်မှ ထကြတယ်။ ကျွန်တော်က အလုပ်သွားရမှာလေ ကလေးတွေက ကျောင်းသွားရမှာ"
"အင်း ခင်ဗျားတို့ နိုးတော့ နံနက်စာ အသင့် ဖြစ်နေရောပေါ့"
"ဖြစ်နေတာပေါ့ ကျွန်တော့် အလုပ်လက်မဲ့ ဇနီးကြောင့် အချိန်မှန်လေးတော့ နံနက်စာ စားရပါတယ်"
"ကလေးတွေကိုရော ကျောင်းကို ဘယ်သူပို့သလဲဗျ"
"သူပဲလေ ဘာအလုပ်မှ မရှိတာ"
"ဟုတ်ပြီ ကလေးတွေကို ကျောင်းပို့ပြီးရင် အလုပ် မရှိတော့ လျှောက်သွားနေသလား"
"ဈေးလျှောက်ဝယ်တယ်လေ"
"ဈေးဝယ်ပြီးတော့ရော"
"အလုပ်မှ မရှိတာ ဆရာရယ်။ အိမ်ပြန်လာ ချက်ပြုတ်ပြီး ကျွန်တော်တို့ ဝတ်ထားတဲ့ အဝတ်တွေ လျှော်ပေါ့"
"အဲဒီတော့ ခင်ဗျားက အလုပ် သွားနေပြီပေါ့။ ဒါနဲ့ ခင်ဗျား ညနေဆို အလုပ်ကနေ အိမ်ကို တန်းပြန်တာပဲလား"
"ဟုတ်ကဲ့"
"ရုံးက ပြန်လာတော့ ခင်ဗျား အိမ်မှာဘာလုပ်သလဲ"
"အနားယူတာပေါ့ ဆရာရယ် တနေကုန် ရုံးမှာ ပင်ပန်းလာတယ် မဟုတ်လား"
"ခင်ဗျား အနားယူနေတဲ့ အချိန်မှာ ခင်ဗျား မိန်းမ ဘာလုပ်နေသလဲဗျ"
"အလုပ်မှ မရှိတာ ဆရာရယ် ညစာချက် ကလေးတွေကို ထမင်းကျွေး၊ ကျွန်တော့်အတွက် ညစာပြင်ပေး၊ ကျွန်တော်တို့ စားထားတဲ့ ပန်းကန်တွေဆေး၊ ကလေးတွေကိုသိပ်၊ တအိမ်လုံးရှင်းပေါ့"
ဆရာဝန်က ကော်ဖီခွက်ကို ကိုင်ပြီး နောက်ဆုံး တကျိုက်ကို မော့ချလိုက်သည်။ "ခင်ဗျား ဘဏ်မှာ ရာထူး အသင့်အတင့် ရှိပုံပေါ်တယ်"
"ရှိပါတယ်ဆရာ"
"ပညာတွေလည်း တတ်မှာပေါ့"
"ဘွဲ့နှစ်ခုခင်ဗျ"
"ခုဖြစ်နေတဲ့ ပြဿနာက ခင်ဗျားဗျ။ ခင်ဗျား မိန်းမ မဟုတ်ဘူး" "ဗျာ"
"ဟုတ်တယ် ခင်ဗျားစိတ်မှာ ဖြစ်နေတာကို အရင်ဆုံး ကုရမယ်။ ခင်ဗျားမှာ ရောဂါ ဖြစ်နေတာ"
"ကျွန်တော့်မှာ ရောဂါဖြစ်နေတယ် ဟုတ်လားဆရာ။ ကယ်ပါဦး ဆရာ"
"ဟုတ်တယ် ခင်ဗျား ရောဂါ ရနေပြီ" "ဘာရောဂါလဲ ဆရာ"
"အလုပ်ကို အလုပ်မှန်း မသိအောင် အတွေးတိမ်တဲ့ ရောဂါ"
"ဗျာ"
"ပြီးတော့ ခင်ဗျား မျက်လုံးပါ မကောင်းဘူး။ အနီးမှုန်နေတယ်"
"ခင်ဗျာ"
"နောက်ပြီး ခင်ဗျားမှာ တခု ပျောက်နေတယ်"
"ဘာလဲဆရာ"
"ကိုယ်ချင်းစာစိတ်" phoomyatchal and Crd

إرسال تعليق