ဘယ်အရာကိုမဆိုဖြေရှင်းရာမှာ နည်းလမ်းဖို့လိုတယ်
— 24.06.2022 09:07 Thuta MM Daily
တခါတုန်းက ဘုရင်တစ်ပါးဟာ သူ့ရဲ့တိုင်းပြည်ကို မင်းကျင့်တရားနဲ့အညီအုပ်ချုပ်နေပါတယ်။ တခါမှာတော့ သူ့တိုင်းပြည်ကို လေ့လာကြည့်ရှုဖို့ရာ ခြေလျင်ဖြင့်ပဲ လှည်ပတ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူ့တိုင်းပြည်ရဲ့ဝေးလံခေါင်းဖျားတဲ့နေရာတွေနဲ့ သွားလာရခက်ခဲတဲ့နေရာတွေကို သူကိုယ်တိုင်လေ့လာချင်တဲ့အတွက် တခြားသောအချွေအရံတွေကို မခေါ်ဘဲ တစ်ယောက်တည်းနန်းတော်ကနေထွက်ခွာလာခဲ့ပါတယ်။ ရက်သတ္တပတ်ကြာပြီးတဲ့အခါမှာတော့
ဘုရင်ဟာ နန်းတော်ကိုပြန်ရောက်လာခဲ့ပါတယ်။ အဲ့ဒီ့အခါမှာ သူ့ရဲ့ မှုးမတ်တွေကို ဆင့် ခေါ်ပြီး သူကြုံခဲ့ရတာတွေကို ဆွေးနွေးပါတော့တယ်။ “တိုင်းပြည်ရဲ့အချို့သောနေရာတွေမှာ လမ်းပန်းသွားလာရေးအင်မတန်ခက်ခဲနေတာကိုတွေ့ခဲ့ရပါတယ်။
အဲဒီ့အတွက် တိုင်းသူပြည်သားတွေဟာ အင်မတန် ပင်ပန်းခက်ခဲစွာ သွားလာနေရတာကို စိတ်မကောင်းစွာသိခဲ့ရပါတယ် ” ဆိုပြီး ဘုရင်ဟာ သူ့ရဲ့မှုးမတ်တွေကိုပြောပါတယ်။ လမ်းတွေက ကြမ်းတမ်းလွန်းလို့ ဘုရင်ဟာ သူ့ရဲ့ခြေထောက်မှာတောင်မှ
အနာ တရတွေ ဖြစ်လာခဲ့တဲ့အကြောင်း မှုးမတ်တွေကို ပြောပြပြီး သူသွားလေ့လာခဲ့တဲ့နေရာအချို့ရဲ့လမ်းတွေကို အကောင်းစားသားရေတွေနဲ့ ခင်းပေးဖို့ မှုးမတ်တွေကို အမိန့် ပေးလိုက်ပါတယ်။အဲဒီ့အခါမှာ ပညာရှိအမတ်တွေက ဘုရင်ကိုအကြံပေးကြပါတယ်။
“အရှင်မင်းကြီး တိုင်းပြည်အသီးသီးက မြို့နယ်တိုင်းအတွက် အကောင်းစားသားရေတွေနဲ့ခင်းကျင်းပေးဖို့ဆိုတာက ငွေကုန်ကြေးကျများသလို၊ အခြားသော တိရိစ္ဆန်တွေသွားလာတဲ့အခါမှာလည်း သားရေတွေဟာ အလကား ပျက်စီးကုန်မှာပါပဲ။
အဲဒါကြောင့် ငွေကုန်ကြေးကျခံပြီး အလကားဖြစ်သွားနိုင်ပါတယ်” ဆိုပြီးပြောကြပါတယ်။ ဘုရင့်ရဲ့ပညာရှိအမတ်ဟာဆိုရင် “အရှင်မင်းကြီးသာခွင့်ပြုမယ်ဆိုရင် ကျွန်တော်မျိုးမှာ အကြံတစ်ခုရှိပါတယ် ” ဆိုပြီးခွင့်တောင်းပါတယ်။ ဘုရင်ကလည်း ပညာရှိရဲ့အကြံကိုကြားတဲ့အခါ သဘောကျလျက် ခွင့်ပြုလိုက်ပါတယ်။
အဲဒီ့အကြံကတော့ တိုင်းပြည်မှာရှိသမျှ ပြည်သူအားလုံးကို ဖိနပ်တစ်ရံစီ ပြုလုပ်ပေးပြီး ဖိနပ်စီးခိုင်းလိုက်ဖို့ပါပဲ။ ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အသိလေးတစ်ခုက တခါတလေ ကျွန်တော်တို့ဘဝမှာ မထင်မှတ်ထားတဲ့အရာလေးတွေရှိပါတယ်။
အရမ်းခက်ခဲတယ်လို့ထင်ပေမယ့် အဲဒီ့အရာဟာ ကိုယ်တိုင်ပြုပြင်ပြောင်းလဲလိုက်ရင် ဘာမှမဟုတ်တဲ့အရာလေးတွေဖြစ်သွားတာမျိုးပေါ့။ တခါတလေကျရင် ကျွန်တော်တို့တွေဟာ အခြားသူတွေကို ပြောင်းလဲဖို့ မျှော်လင့်တတ်ကြပါတယ်။
ပုံပြင်ထဲက ဘုရင်လိုခြေထောက်နာမှာစိုးလို့ တစ်ပြည်လုံးကိုလမ်းခင်းပေးရမယ့်အစား ကိုယ်တိုင်ဖိနပ်စီးလိုက်တော့ ခြေထောက်အနာမသက်သာသွားဘူးလား။ အဲဒီလိုပါပဲ။ ဘဝမှာ သင်မပြုပြင်နိုင်တဲ့အရာတွေအများကြီးကြုံရပါလိမ့်မယ်။
သင့်ဘဝရဲ့အခြေအနေ၊ သင့်မိဘ၊ သင့်အသိုင်းအဝန်း စသဖြင့်ပေါ့။ သူတို့ကိုသင်မပြောင်းလဲနိုင်ဘူးဆိုရင် သူတို့ဆီကနေ သင်ခန်းစာယူပြီး သင့်ကိုယ်သင်သာ ပြောင်းလဲပစ်လိုက်ပါ..။
Credit – BAWA

إرسال تعليق