သတ္တိ ဆိုတာ

သတ္တိ ဆိုတာ
 — Sun, 10 Jul 2022 07:35 Love Media


"အဲဒီတော့ ရှင်က ကျွန်မကို သတ္တိ ရှိတယ်လို့ ယူဆတယ်ပေါ့" ဟု သူမက မေးသည်။ "ဟုတ်တယ်"


"အင်းလေ၊ ဟုတ်ချင်လဲ ဟုတ်မှာပေါ့။ ဒါပေမယ့် သတ္တိ ရှိတယ် ဆိုရင်လည်း အဲဒီလို ရှိလာအောင် နှိုးဆွပေး ခဲ့တဲ့ ပုဂ္ဂိုလ် တချို့ကြောင့်လို့ ဆိုရမှာပါ။ ပုဂ္ဂိုလ် တယောက် အကြောင်း ကျွန်မ ပြောပြပါ့မယ်"


လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာတုန်းက ကျွန်မ စတင်းဖိုဒ့်ဆေးရုံမှာ ဆေးရုံမှာ စေတနာ့ ဝန်ထမ်းအလုပ် လုပ်ခဲ့ဖူးတယ်။ အဲဒီမှာ လီဇာ ဆိုတဲ့ လူနာတယောက် ကျွန်မ တွေ့ခဲ့ရတယ်။


အဲဒီကောင်မလေးဟာ အင်မတန် ဖြစ်ခဲတဲ့ ရောဂါဝေဒနာဆိုး တမျိုးကို ခံစားနေ ရတာ။ သူမ နာလန် ပြန်ထူလာဖို့ အတွက်က အသက် ငါးနှစ်ပဲ ရှိသေးတဲ့ သူ့မောင်လေး ဆီက သွေးကို သွင်းပေးတဲ့ နည်းလမ်း တခုပဲ ရှိတော့တယ်။


ဒီမောင်လေးက သူကိုယ်တိုင် သူ့အမရဲ့ ရောဂါမျိုး ဖြစ်ခဲ့ဖူးပြီး ထူးခြား အံ့သြဖွယ် ပြန်ကျန်းမာ ရှင်သန်လာခဲ့သူ လေးပဲ။ အဲဒီရောဂါကို ခုခံ တွန်းလှန် နိုင်တဲ့ ပဋိဇီဝ ပစ္စည်းတွေလည်း သူ့ရဲ့ သွေးထဲမှာ ဖြစ်ပေါ်ခဲ့တယ်။


ဆရာဝန်က ဒီကလေးကို သူ့အမရဲ့ ရောဂါ အခြေအနေ အကြောင်း ရှင်းပြပြီး အမအတွက် သူ့သွေးကို ပေးလိုတဲ့ ဆန္ဒ ရှိသလားလို့ မေးတယ်။ ကောင်လေးဟာ ခဏတော့ တွေဝေသွားတာ ကျွန်မ သတိထားမိတယ်။


အဲဒီနောက် သက်ပြင်းတချက် ရှိုက်ပြီး သူပြန်ဖြေတယ်။ "မမအသက်ကို ကယ်နိုင်မယ် ဆိုရင် ကျွန်တော် ပေးပါ့မယ်" တဲ့။ အဲဒါနဲ့ သူ့ဆီက သွေးကို သွင်းတဲ့အခါ အမ ခုတင်ဘေးမှာ သူလည်း ခုတင်တလုံးနဲ့ လှဲရင်း ကြည့်နေတယ်။


ကောင်မလေးရဲ့ ပါးပြင်မှာ သွေးရောင် သန်းလာတော့ ကျွန်မတို့ ကြည့်နေသူတွေ အားလုံး နည်းတူ သူလည်း ပြုံးတာပဲ။ အဲဒီနောက်တော့ သူ့မျက်နှာလေးက ဖြူရော်ရော် ဖြစ်လာပြီး အပြုံးလေးလည်း ပြယ်သွားတယ်။


ပြီးတော့ ဆရာဝန်ကို မော့ကြည့်ပြီး တုန်တုန်ယင်ယင် အသံလေးနဲ့ သူ မေးရှာတယ်။ "ကျွန်တော် အခု တခါတည်း သေသွားတော့ မှာလား" တဲ့။ ကလေးက ငယ်တော့ ဆရာဝန် ရှင်းပြတာကို ကောင်းကောင်း သဘောမပေါက်ဘူး။


သူက သူ့အမအတွက် သွေးပေးရမယ် ဆိုတာ သူ့သွေးအားလုံး ဖောက်ပေးလိုက်ရမယ်လို့ ထင်ထားတာကိုး။ အဲဒါပါပဲ၊ သတ္တိစိတ် မွေးပေးတဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေ တွေ့ခဲ့ရဖူးလို့ ကျွန်မမှာလည်း သတ္တိဆိုတာ ရှိတတ်လာခဲ့ တာပါ။ (Dan Millman ၏ On Courage) ဖေမြင့်။ PannNuHtwe


noreply@blogger.com (kakar)

Post a Comment

Previous Post Next Post

Comments