အနိုင်ကျင့်ရလွယ်တယ်

အနိုင်ကျင့်ရလွယ်တယ်
 — Fri, 8 Jul 2022 07:05 Love Media


တခါတုန်းက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနုတ်မြောင်း ဖြတ်စီးနေတယ်။ နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ် ကိုယ်တော်ကြီး။


တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပြီး ဟိုဘက်ကမ်းကို ကူးမယ် လုပ်တယ်။ အဲဒီ မြောင်းထဲမှာ ရေတော်တော် များနေတယ်။ ညက မိုးရွာထားတာကိုး။


ထိုလူဟာ ခုန်ကူးရအောင် ကလည်း မမီမကမ်းနဲ့။ မြောင်းထဲ ဆင်းကူးရင်လည်း ရေစိုမယ်လေ။ ပြီးတော့ ဒီလူကလည်း ခပ်ရွတ်ရွတ် ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပြီး ချတယ်။


ပြီးမှ နတ်ရုပ်ကြီးကို တုံးတံတား လုပ်ပြီး မြောင်းကို ကူးသွားတယ်။ ဟိုဘက်ကမ်း အဆင်းမှာ နတ်ရုပ်ကြီးရဲ့ မျက်ခွက်ကိုတောင် ဆောင့်နင်းသွား လိုက်သေးသတဲ့။


သိပ်မကြာလိုက်ပါဘူး။ လယ်သမားကြီး တယောက် ရောက်လာတယ်။ သူကတော့ နတ်ရုပ်ကြီး မျက်နှာမှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့လိုက်တယ်။


လယ်သမားကြီးဟာ မျက်စေ့တောင် ပျာခနဲ ဖြစ်သွားပြီး မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ ခပ်၊ နတ်ရုပ်ကြီးကိုဆေး၊ မနိုင့်တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထား လိုက်တယ်။


အဲဒိမှာ မထီမဲ့မြင် လုပ်တယ် ဆိုပြီး နတ်ကြီးက ဖမ်းစားသတဲ့။ ဘယ်သူ့ကိုလဲ ဆိုတော့ သူ့ကို နတ်ကွန်းထဲ ပြန်ထားတဲ့ လယ်သမားကြီးကို။ သူ့ကို ချနင်းသွားတဲ့ လူကို မဟုတ်ဘူး။


ဘာလို့လဲဆိုတော့ နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ အစဉ်အလာ ရှိတဲ့ အတိုင်း အမွှေးတိုင် ထွန်းပြီး မပင့် မလျှောက်လို့ တဲ့။ နတ်ဆရာတွေက ဒီလိုဟောလို့ လယ်သမားကြီးက ဝက်ပေါ်ပြီး ပူဇော်ရသတဲ့။


အဲဒါနဲ့ သူ့သူငယ်ချင်း နတ်တွေက အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်။ "မင်းကွာ မင်းကို တက်နင်းသွားတဲ့ ကောင်တော့ ဖမ်းမစားရဲဘူး" ပေါ့။


ထိုအခါ ဖမ်းစားတဲ့ နတ်က "ဟ ငါ့ကို မရိုမသေ မကြောက်မရွံ့ လို့မှ မျက်ခွက်တောင် ဖနောင့်နဲ့ ပေါက်သွားတဲ့ လူကို ငါက သွားကိုင်ရင် မကြောက်ရွံ့တဲ့ အပြင် ငါ့နတ်စင်ပါ အမှုန့် ကြိတ်သွားမှာပေါ့" လို့ ပြောတယ်။


သူငယ်ချင်းနတ်တွေက "ဒါဆို မင်းကို ရိုသေ ကြောက်ရွံ့တဲ့ လူကိုပဲ အမိအရ ကိုင်လိုက်တာပေါ့" ဆိုတော့ အဲဒီနတ်က အားရပါးရ ရယ်ပြီး ပြန်ပြောသတဲ့။


"ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား။ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ" တဲ့။ တချို့တွေက သူတို့ အခွက်ကို တက်နင်းတဲ့ ကောင်တွေနဲ့ပဲ တန်ပါတယ်။ Tin Maung Nyunt

noreply@blogger.com (kakar)

Post a Comment

Previous Post Next Post

Comments