ကျွန်မ ပြတ်သားကြည့်ချင်တယ်...
ကိုယ်ဆွဲထားမှ မြဲမယ့်လက်ကို ဆွဲမထားတော့ပဲ လွှတ်ချချင်မိတဲ့ စိတ်တွေ မကြာခဏဆိုသလို ဖြစ်မိနေတယ် ။ နာကျင်ပါစေ... တစ်နေ့နေ့ကျရင်တော့ သူမရှိခြင်းတွေမှာနေသားတကျလေးဖြစ်သွားမှာပါဆိုတဲ့အတွေးနဲ့ ပြတ်သားကြည့်ချင်တယ် ။
ပင်ပန်းတယ်... တကယ်ကို ပင်ပန်းတယ်... အစစအရာရာ အဆင်ပြေမနေတဲ့ နေ့ရက်တွေမှာ သူနဲ့တော့ အဆင်ပြေချင်တယ်ဆိုတဲ့စိတ်နဲ့ ကိုယ် အဆင်မပြေတာတွေတောင် တစ်ခွန်းမှ မဟခဲ့မိဘူးလေ ။ ကိုယ့်ကြောင့် ပူသွားမှာ စိုးရိမ်နေခဲ့မိတာလေ ။
ဒါပေမယ့် မထူးပါဘူးလေ.. စကားလေးတစ်ခွန်းဟလိုက်တာနဲ့ သူအမြင်မကြည်စာတွေချည်းဖြစ်ဖြစ်နေတဲ့ ကိုယ်က ဘယ်လောက်ပဲ အဆင်ပြေအောင် နေဖို့ကြိုးစားကြိုးစား မပြေလည်ခြင်းတွေနဲ့ပဲ တစ်ရက်ဆုံးရတယ် ။
အဆင်ပြေရဲ့လားဆိုတဲ့ မေးခွန်းတွေ ကိုယ့်နှုတ်ဖျားက တဖွဖွ ထွက်ခဲ့ပေမယ့် သူ့အတွက်ကျ ကိုယ့်အဆင်ပြေခြင်းမပြေခြင်းတွေက အရေးပါမနေဘူးလေ ။ သူ့ဖက် ကိုယ့်ဖက် ရှိမနေတဲ့ ဆက်ဆံရေးတစ်ခုကို ပြတ်သားကြည့်ချင်တယ် ။
သူမရှိတော့ရင်လို့ မတွေးပဲ... လက်ရှိနာကျင်နေပြီဆိုတဲ့ အမှန်တရားကို လက်သင့်ခံလိုက်ပြီး အဲ့ဒီနာကျင်မှုကို လွှတ်ချကြည့်ချင်တယ် ။ ပေါ့ပါးသွားမလားလို့... တစ်ရက်တစ်ရက် သူ့စိတ်နဲ့နေ့ဝင် သူ့စိတ်နဲ့ မိုးချုပ်နေရတဲ့ အချိန်တွေ ရပ်တန့်လိုက်ချင်ပြီ။
တကယ်ပါ... ကိုယ့်အတွက် နေရာမရှိတော့တဲ့အရပ်ကနေ လှည့်ထွက်ပြီး ကိုယ့်ဘဝနဲ့ကိုယ် ပျော်အောင် နေတတ်ချင်ပြီ ။
#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)
crd

Post a Comment