ဉာဏ်ကောင်းသော လုလင်ပျို

ဉာဏ်ကောင်းသော လုလင်ပျို
 — Sun, 3 Jul 2022 10:23 Love Media


တခါတုန်းက အင်မတန် ချမ်းသာတဲ့ သူဌေးတယောက်မှာ ချောမော လှပတဲ့ သမီးလေး တယောက် ရှိသတဲ့။ တနေ့ မှာတော့ သူဌေးကြီးဟာ အခြားမြို့က မိတ်ဆွေ သူဌေးတယောက်ဆီ အလည်သွားရင်း အပြန်မှာ ဓားပြတွေနဲ့ တိုးပါလေရော။


ဓားပြတွေဟာ သူဌေးဆီမှာ ပါတဲ့ ပစ္စည်းတွေကို လုယူဖို့ ကြံစည်တဲ့ အပြင်၊ အသက်ကိုပါ ရန်ရှာဖို့ ကြိုးစားသတဲ့။ အဲဒီအချိန်မှာ တက္ကသိုလ်ပြည်ကြီး ကနေ ပညာတော်သင် ပြန်လာတဲ့ လုလင်တယောက်ဟာ တောလမ်းထဲကို ရောက်လာပြီး သူဌေးကြီးတို့ အဖြစ်အပျက်ကို တွေ့မြင်သွားပါသတဲ့။


ဒါကြောင့် လုလင်ဟာ သူ့မှာ ပါလာတဲ့ လေးနဲ့ မြှားကို အသုံးပြုပြီး လူဆိုးတွေကို ပစ်ခတ် ခြောက်လှန့် လိုက်တယ်။ ဒါကြောင့် သူဌေးကြီးဟာ သူ့ အသက်ကို ကယ်တင်လိုက်တဲ့ လုလင်ကို အရမ်း ကျေးဇူးတင်သွားတာပေါ့။


ပြီးတော့ သူဌေးကြီးက သူဟာ ဗာရာဏသီမြို့က အချမ်းသာဆုံး သူဌေးကြီး ဖြစ်ကြောင်း၊ အကူအညီ လိုလျှင် သူ့ဆီကို အချိန်မရွေး လာနိုင်ကြောင်း မှာကြားပြီး အိမ်ကို ပြန်လာခဲ့ သတဲ့။


အဲဒီလိုနဲ့ တနှစ်လောက် ကြာတဲ့အခါ သူဌေးကြီးဟာ သူရဲ့ တဦးတည်းသော သမီးချောလေး အရွယ်ရောက်လာ တာကြောင့် သင့်တော်မယ့် လူနဲ့ ပေးစားဖို့ ဆုံးဖြတ်လိုက် သတဲ့။


ဒါကြောင့် ဗဟုသုတ ကြွယ်ဝသူပီပီ မိမိ မကြားဘူးတဲ့ စကားကို ပြောနိုင်သူအား ပညာရှိလို့ သတ်မှတ်ပြီး အယုတ်အလတ် အမြတ်မရွေး သမီးဖြစ်သူနဲ့ ပေးစားမယ်လို့ ကြေညာလိုက်သတဲ့။


သူဌေးကြီးရဲ့ ကြေညာစကားကို ကြားတဲ့အခါ မှာတော့ လုလင် အမြောက်အမြားဟာ သူဌေးကြီးဆီကို လာရောက်ပြီး မကြားဖူးတဲ့ စကားတွေကို ဆိုကြသတဲ့။ ဒါပေမယ့် ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော သူတို့ ပြောတဲ့ စကားတွေ အားလုံးကို ဗဟုသုတကြွယ်တဲ့ သူဌေးကြီးက ကြားဖူး နေတယ်။


ဒါကြောင့် လူငယ်တွေဟာ လက်လျော့ ပြန်ကြရသတဲ့။ အဲဒီအချိန်မှာ သူဌေးကြီးရဲ့ ကြေညာချက်ကို တမြို့ တရွာမှာ နေတဲ့ တက္ကသိုလ် ပညာတော်သင်ပြန် လုလင်ပျိုဟာ ကြားသွားပါရော။


သူဟာ ဗာရာဏသီ သူဌေးကြီးလို့ ဆိုလိုက်တာနဲ့ တခါက တောလမ်းလေး ထဲမှာ သူကယ်တင်လိုက်တဲ့ သူဌေးကြီးမှန်း သိသွားသတဲ့။ သူဌေးကြီးက အကူအညီ လိုရင် အချိန်မရွေး လာခဲ့လို ပြောပေမယ့် သူက လုံးဝ မသွားခဲ့ဘူးလေ။


ဒီတခါတော့ သမီးချောလေးကို လိုချင်လို့ သူဌေးကြီးဆီကို သွားရတော့မယ်။ လုလင်ဟာ သူဌေးကြီး မကြားဘူးတဲ့ စကားကို ဘယ်လိုပြောရင် ကောင်းမလဲ ဆိုတာ စဉ်းစားရင်း အကြံတခု ရသွားပါတယ်။


ဒါကြောင့် သူဌေးကြီးဆီကို ထွက်လာခဲ့သတဲ့။ လုလင်ကို မြင်တော့ သူဌေးကြီးက သူ့ရဲ့ အသက်သခင် ကျေးဇူးရှင်မှန်း မှတ်မိပြီး ဝမ်းသာအားရနဲ့ ကြိုဆိုလိုက်တယ်။ ဘာအခက်အခဲ ရှိသလဲ၊ ဘာကူညီပေးရမလဲ ဆိုပြီးတော့လည်း အထပ်ထပ် မေးတယ်။


အဲဒီအခါ လုလင်က သူလာရတဲ့ အကြောင်းရင်းက အကူအညီ တောင်းဖို့ မဟုတ်ကြောင်း၊ သူဌေးကြီးရဲ့ သမီးချောလေးကို မြတ်မြတ်နိုးနိုးနဲ့ လက်ထပ်ချင်လို့၊ သူဌေးကြီး မကြားဘူးတဲ့ စကားကို ပြောရအောင် လာကြောင်း ရှင်းပြသတဲ့။


အဲဒီအခါ သူဌေးကြီးက အခြားလူငယ်တွေ လိုပဲ လုလင်ပျိုကို ကြိုးစားခွင့် ပေးလိုက်သတဲ့။ လုလင်လည်း သူဌေးကြီးဆီက ခွင့်ပြုချက် ရတာနဲ့ တပြိုင်ထဲ "သူဌေးကြီး ခင်ဗျာ၊ မင်းမှာကတိ လူမှာသစ္စာ ဆိုတဲ့ စကားအတိုင်း၊


တခါက ကျွန်တော့်မိဘတွေဟာ သူဌေးကြီးကို ကတိတခု ပေးခဲ့ပါတယ်။ အဲဒီကတိကတော့ ကျွန်တော် အရွယ်ရောက်လာရင် သူဌေးကြီးရဲ့ သမီးနဲ့ ပေးစားပါမယ် ဆိုတဲ့ ကတိပါပဲ။ အဲဒီ ကတိစကားကို ကြားဘူးပါလား ခင်ဗျာ" ဆိုပြီး ပြောလိုက်ပါတယ်။


သူဌေးကြီးလည်း လုလင်စကားကို ကြားတဲ့အခါ မှာတော့ ကြားဖူးပါတယ် လို့လည်း ပြောရခက်၊ မကြားဘူးပါ လို့လည်း ပြောရခက် သွားပါတယ်။ တကယ်လို့ ကြားဖူးပါတယ် လို့ ပြောရင် သမီးနဲ့ ပေးစားရမယ်၊ မကြားဘူးပါလို့ ပြောရင်လည်း သမီးနဲ့ပေးစားရမယ်။


နောက်ဆုံးတော့ သူဌေးကြီးဟာ အင်း မလုပ်၊ အဲ မလုပ်နဲ့ လုလင်ပျိုကို အရှုံးပေးလိုက် ရသတဲ့ကွယ်။ ဒါပေမယ့် သူဌေးကြီး စိတ်ထဲမှာ အလွန် ကျေနပ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လုလင်ပျိုဟာ သူ့ အသက်ကို ကယ်တင်ပေးတဲ့ ကျေးဇူးရှင်တယောက် ဖြစ်နေလို့ ပါပဲ။


PhooMyatChal မောင်မဟာရဲ့ ဖြတ်ထိုးဉာဏ် ကောင်းသော အမတ်ကြီးနှင့် အခြားပုံပြင်များ စာအုပ်မှ ပြန်လည် ဝေမျှပါသည်။

noreply@blogger.com (kakar)

Post a Comment

Previous Post Next Post

Comments