ကူညီခြင်းရဲ့ အရသာ
— Tue, 5 Jul 2022 16:06 Love Media
ဈေးဝယ်သူတယောက် ဆိုင်ထဲ ဝင်လာပြီး မေးတယ်။ "ငှက်ပျောသီး ဘယ်ဈေးလဲ" ဆိုင်ရှင်က ပြန်ဖြေတယ်။ "ငှက်ပျောသီးက ငွေဒင်္ဂါး ၁၂ ပြား၊ ပန်းသီးက ၁ဝ ပြားပါ"
အဲဒီ အချိန်မှာပဲ ဆိုင်ထဲကို အမျိုးသမီးတယောက် ဝင်လာပြီး "ကျမ ငှက်ပျောသီး ဝယ်ချင်လို့ ငှက်ပျောသီး ဘယ်ဈေးလဲ" လို့ မေးပြန်တယ်။ ဆိုင်ရှင်က ပြန်ဖြေတယ်။ "ငှက်ပျောသီးက ငွေဒင်္ဂါး ၃ ပြား၊ ပန်းသီးက ၂ ပြား ပါ"
ဒါကိုကြားတော့ ပထမ ဝယ်သူ အမျိုးသားက ဒေါသထွက်နေတဲ့ အကြည့်နဲ့ ဆိုင်ရှင်ကို ကြည့်နေတယ်။ အဲဒါကို ရိပ်စားမိတဲ့ ဆိုင်ရှင်က ပထမဝယ်သူ အမျိုးသားကို ဟိုအမျိုးသမီး မမြင်အောင် မျက်စေ့တဖက် မှိတ်ပြပြီး ခနလေး စောင့်ဖို့ ပြောတယ်။
အမျိုးသမီးက ဝယ်ခြမ်းပြီးတော့ ပျော်ရွှင်စွာ ဆိုင်ထဲက အထွက်မှာ နှုတ်က "အို ဆိုင်ရှင်ကြီး ကျေးဇူးတင်ပါတယ်။ ကျမ ကလေးတွေ ဒါတွေကို စားပြီး အရမ်း ပျော်သွားကြလိမ့်မယ်" လို့ ပြောရင်း ထွက်သွား ပါတယ်။
အမျိုးသမီး ထွက်သွားတော့မှ ဆိုင်ရှင်က ပထမ ဝယ်သူကို "ကျနော် ခင်ဗျားကို သက်သက် ဈေးတင်ပြီး ရောင်းတာ မဟုတ်ပါဘူး။ ဒီအမျိုးသမီးက ဖတဆိုး ကလေး ၄ ယောက်ရဲ့ မိခင် မုဆိုးမ တယောက်ပါ။
ဒါပေမယ့် သူမက ဘယ်သူ့ဆီ ကမှ ဘယ်လို အကူအညီမျှ ယူလေ့ မရှိဘူး။ ကျနော် သူ့ကို ကူညီဖို့ အများကြီး ကြိုးစားကြည့် ပြီးပါပြီ။ မအောင်မြင်ပါဘူး။ အဲဒါနဲ့ ကျနော်လည်း နည်းလမ်း တခု စဉ်းစားမိ သွားတယ်။
ဒီအမျိုးသမီးဆိုင်မှာ ဘာပဲ လာဝယ် လာဝယ် အနည်းဆုံး ဈေးနှုန်းနဲ့ လျှော့ပြီး ရောင်းပေးလိုက်မယ်။ အဲဒါဆိုရင် သူ့ကို ကူညီရာလည်း ရောက်မယ်။
ပြီးတော့ ဒီအမျိုးသမီးရဲ့ ဘယ်သူ့ရဲ့ အကူအညီမှ မလိုဘူး ဆိုတဲ့ ယုံကြည်ချက် ကိုလည်း မထိခိုက်တော့ဘူးပေါ့။ ပြီးတော့ ဒီအမျိုးသမီးက တပါတ်လုံး မှာမှ တရက်ပဲ လာတာ။ သူမ လာတဲ့နေ့ ဆိုရင် ဆိုင်က ပိုပြီး ရောင်းရတယ်"
အဲဒီတော့မှ ပထမ ဝယ်သူလည်း သဘောပေါက် သွားပြီး မျက်ရည်တွေ ဝဲလာပါတယ်။ "တပါးသူကို ကူညီခြင်းရဲ့ အရသာကို ကူညီဖူးသူတွေပဲ သိပါတယ်" လို့ ပြောရင်း ဝယ်ခြမ်းပြီး ပြန်သွားပါ တော့တယ်။
ဒီအဖြစ်အပျက်မှာ ဆိုင်ရှင်ပုဂ္ဂိုလ်ဟာ အတုယူသင့်တဲ့ သူပါ။ တဖက်သားကို ကူညီလည်း ကူညီလိုက်တယ်။ တဖက်သားရဲ့ စိတ်ခံစားချက် ကိုလည်း ငဲ့ကွက်တယ်။ ယုံကြည်ချက် ကိုလည်း မပျက်ယွင်း စေပါဘူး။
သူဈေးလျှော့ပေးတာ (တနည်းအားဖြင့် သွယ်ဝိုက်သော နည်းနဲ့ ပေးကမ်း လှူဒါန်းတာ) တဖက်သားက သိတောင် မသိလိုက်ပါဘူး။ ကျနော်တို့ အားလုံးလည်း ဒီလိုဆိုင်ရှင်ကို အတုယူပြီး လက်တွေ့ ပြုလုပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ကြပါစေ။ SaeedAhmad
noreply@blogger.com (kakar)

Post a Comment