Binomial Pairs in English သိထားသင့်သော အင်္ဂလိပ်ဝေါဟာရ စုံတွဲစကားလုံးလေးများ

Binomial Pairs in English
သိထားသင့်သော အင်္ဂလိပ်ဝေါဟာရ စုံတွဲစကားလုံးလေးများ


Binomial ကိုတွေ့တာနဲ့ ဆရာတော့ ဒီတစ်ခါ သင်္ချာဘာသာရပ်အကြောင်းရေးတော့မယ်လို့ မထင်လိုက်နဲ့ဦး။ အင်္ဂလိပ်စာမှာ အဖိုနဲ့အမလို အမြဲတွဲသုံးလေ့ရှိကြတဲ့ ဝေါဟာရလေးတွေကို စုစည်းတင်ပြချင်လို့ ဒီ post ကိုရေးလိုက်တာပါ။ willy-nilly, wishy-washy, dilly-dally စသည်ဖြင့် အသံထွက်နီးစပ်သော စကားလုံးနှစ်လုံးကို ပူးတွဲသုံးတဲ့ reduplicative words တွေအကြောင်းကိုတော့ "စွယ်တော်ရွက်လို စကားလုံးများ" ခေါင်းစဉ်နဲ့ တင်ပြပေးခဲ့ဖူးတာ ဖတ်လိုက်ရသူတွေ မှတ်မိပါလိမ့်မယ်။

အခု ဒီ post မှာတော့ ကိုယ်တွေ မြန်မာစကားမှာလည်း "ထမင်းနဲ့ဟင်း၊ လင်နဲ့မယား လျှာနဲ့သွား၊ ရံဖန်ရံခါ၊ လူးလာပြန်ခတ်" စသည်ဖြင့် တွဲပြီးသုံးကြတတ်သလို အင်္ဂလိပ်စာမှာလည်း အမြဲအတူတကွတွေ့ရတတ်တဲ့ "law and order", "rules and regulations", "sick and tired" စသည့် စကားလုံးတွဲလေးတွေကို Binomials လို့ခေါ်တယ်။ Binomial pairs သို့မဟုတ် Binomial expressions လို့လည်းခေါ်ပါတယ်။ Law နဲ့ order ဆိုတဲ့ Noun နှစ်ခုကို အလယ်မှာ and ထားပြီးသုံးတော့ Law and order ဆိုတဲ့ Binomial pair တစ်ခုဖြစ်လာတယ်။ အလယ်မှာ conjunction "and" သို့မဟုတ် "or" ကိုသုံးကြသော်လည်း ဒီစကားစုတွေကို ရသလောက် လိုက်စုကြည့်လိုက်တော့ "and" နဲ့တွဲထားတဲ့ Binomial pairs တွေဟာ အရေအတွက်ပိုများကြောင်း သတိပြုမိတယ်။

ဒီလိုမျိုး Binomial pairs တွေကို native speakers တွေကလည်း လိုအပ်တဲ့နေရာတွေမှာ ချက်ကျကျသုံးသွားတာလေးတွေဟာ natural, authentic language use ဖြစ်တာမို့ ကိုယ်တွေလည်း သူတို့အသုံးများတဲ့ ဒီစကားလုံးတွဲလေးတွေကို သိထားသင့်တာပေါ့။ အရင်ဦးဆုံး Binomial pairs လေးတွေကို ဝါကျထဲမှာသုံးပုံကို နမူနာနည်းနည်းကြည့်ပါ။

📍aches and pains= နာကျင်ကိုက်ခဲခြင်းများ
This balm will relieve all of your aches and pains.
ဒီပရုပ်ဆီဟာ မင်းရဲ့ နာကျင်ကိုက်ခဲတာတွေအားလုံးကို ပျောက်စေလိမ့်မယ်။

📍cease and desist= ရပ်တန်းကရပ်၊ နောင်လည်း ထပ်မလုပ်စေရ
The court sent a cease and desist letter to the factory that produes illicit liquor.
အရက်တုထုတ်သောစက်ရုံအား ရပ်တန်းမှရပ်ရန် တရားရုံးမှ အမိန့်စာ ပို့ခဲ့သည်။

📍sick and tired= လုံးဝစိတ်ကုန် စိတ်ပျက်သော
I am sick and tired of him bragging about his girlfriend.
သူ့ရည်းစားအကြောင်းပဲ လာလာကြွားနေတာ ငါ ဒီကောင့်ကို စိတ်ကုန်နေပြီ။

📍hustle and bustle= ဆူဆူညံညံ လှုပ်လှုပ်ရှားရှား
I love the hustle and bustle of the Bogyoke Market.
ဗိုလ်ချုပ်စျေးမှာ ပျားပန်းခတ်မျှစည်ကားနေတာကို သဘောကျတယ်။

ကဲ… ဒီလောက်ဆိုရင် Binomial pairs လေးတွေရဲ့ အလှတရားကို ခံစားသိမြင်လောက်ပြီပေါ့နော်။ ဆက်ပြီးတော့ "and" နဲ့ တွဲသုံးတဲ့ pairs လေးတွေနဲ့ "or" နဲ့တွဲတဲ့ pairs လေးတွေကို အောက်မှာ လက်လှမ်းမီသလောက် စုစည်းပေးထားတာ ဖတ်ကြည့်ပါ။

❤️❤️"and" ဖြင့်တွဲထားသော Binomial pairs များ

Black and white= အဖြူ အမဲ သဲကွဲစွာ
Salt and pepper= ဆားနှင့် ငရုပ်ကောင်း၊ ဆံပင် အဖြူတစ်ဝက် အနက်တစ်ဝက်
Safe and sound= အန္တရာယ်ကင်းစွာ
Peace and quiet= တိတ်ဆိတ်အေးချမ်း
Done and dusted= လုံးဝပြီးစီးသွားသော
Short and sweet= တိုတိုနဲ့လိုရင်း
Cheap and cheerful= ပေါချောင်ကောင်းလေး
Neat and tidy= သေသေသပ်သပ်
Down and out= ကံဆိုးမိုးမှောင်ကျ၊ ဒုက္ခရောက် ငတ်ပြတ်နေသော
Wear and tear= အသုံးပြုသောကြောင့် ဟောင်းနွမ်းပျက်စီးခြင်း
to leave someone high and dry= အကြပ်ရိုက်စေသည်
to search high and low= နေရာအနှံ့ရှာဖွေသည်
High and mighty= ချေသော၊ ရင့်သော၊ ကြောသော၊ သူများထက်ပိုသာသယောင်ပြုမူတတ်သော
Pros and cons= အကျိုး အပြစ်များ
Ups and downs= လောကဓံ အတက်အကျ
You live and learn. = ဘဝမှာ အံ့သြစရာတွေများသားလား။
Dos and don'ts= ဆောင်ရန် ရှောင်ရန်များ
By and by= ခဏနေရင်
On and off= ဖြစ်လိုက် မဖြစ်လိုက် ပုံမှန်မဟုတ်သော
From far and wide= အနယ်နယ်အရပ်ရပ်၊ ဝေးလံခေါင်သီသောအရပ်မှပင်လာကြသော
Loud and clear= ရှင်းရှင်းလင်းလင်း ကြားရသော
Every now and then= တခါတရံ၊ ရံဖန်ရံခါ
Law and order= တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေး
Odds and ends= တိုလီမိုလီ အပိုင်းအစများ
Odds and sods= Odds and ends
Hustle and bustle= ပျားပန်းခတ်၊ ယောက်ယက်ခတ်လှုပ်ရှားမှု
Rest and relaxation= အနားယူ အပန်းဖြေ
Trials and tribulations= ဒုက္ခ သုက္ခများ
Trial and error= အစောပိုင်းမှာ မှားသော်လည်း အောင်မြင်သည်အထိ ထပ်ခါတလဲလဲကြိုးပမ်းမှု
Ins and outs= အတွင်းအပြင် ခရေစေ့တွင်းကျ ကောင်းကောင်းသိသော
Ifs and buts= ဘာဘာညာညာ ဆင်ခြေ စောဒကတက်ခြင်းများ
Sick and tired= လုံးဝစိတ်ကုန် စိတ်ပျက်
Bits and pieces= အပိုင်းအစလေးများ
By and large= အားလုံးကိုခြုံငုံသုံးသပ်သော်
Part and parcel= ကြိုက်ကြိုက် မကြိုက်ကြိုက် ရှောင်လွှဲလို့မရ လက်ခံရမည်ဖြစ်သောအရာ
Wine and dine= အစားအသောက် ရေမီးအစုံ (wine တိုက်မယ် dinner ကျွေးမယ်)
Back and forth= ခေါက်တုန့်ခေါက်ပြန်
Spick and span= သန့်ရှင်း သပ်ရပ်သော
skin and bones= အရိုးပေါ်အရေတင်၊ ပိန်ကပ်နေသော
Rules and regulations= စည်းမျဉ်းစည်းကမ်းများ
Aches and pains= နာကျင် ကိုက်ခဲခြင်းများ
Bread and butter= ပေါင်မုန့်နှင့်ထောပတ်၊ ရှင်သန်နေထိုင်ရန် အဓိကအစားအစာ
Cease and desist= လုပ်နေသည်ကို လုံးဝ ရပ်တန်းကရပ်
Checks and balances= အပြန်အလှန်တည့်မတ်ထိန်းကျောင်းပေးခြင်း
Cloak and dagger= စုံထောက်ဆန်ဆန် လှို့ဝှက်သည်းဖို
Cut and dried= ဆုံးဖြတ်ပြီး၍ မပြင်နိုင်တော့သော။ လူပြိန်းနားလည်လောက်သော
Fair and square= တရားမျှတသော
Goods and services= ရောင်းကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ
Hem and haw= အိလေးအလေးဖြင့် ဆုံးဖြတ်ချက်မချနိုင်ဖြစ်နေသည်
Huff and puff= ကျယ်လောင်စွာ အသက်ပြင်းပြင်းရှုသည်၊ ဒေါသဖြင့်စောဒကတက်သည်
Hugs and kisses= ပွေ့ဖက်ခြင်းများ အနမ်းပန်းများ
Kiss and make up= တောင်းပန်ကြေအေးသည်
Life-and-death= သေရေးရှင်ရေးတမျှ အရေးကြီးသော
Lost and found= ကျပျောက်/ကောက်ရပစ္စည်းများ ပြန်ရွေးရာဌာန
a land of milk and honey= ဆီကိုရေချိုး ဆေးရိုးမီးလှုံ စပါးတောင်လိုပုံ၊ ကြွယ်ဝချမ်းသာသောတိုင်းပြည်
Null and void= (ဥပဒေအရ) တရားမဝင်သော၊ ပျက်ပြယ်သော
Nuts and bolts= လက်တွေ့အသေးစိပ် အောက်ခြေသိမ်းကိစ္စများ 
Hitches and glitches= အထစ်အငေါ့ အခက်အခဲလေးများ
Pots and pans= အိုးခွက် ပန်းကန်ခွက်ယောက်များ
Saints and sinners= သူတော်စင်များနှင့် ငမိုက်သားများ
through thick and thin= အေးအတူ ပူအမျှ
Wait and see= ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ပါ
Rise and shine= နံနက်မိုးသောက်အလင်းရောက်ပြီ အိပ်ရာမှထပါတော့
Toss and turn= အိပ်မပျော်၍ အိပ်ရာပေါ်၌ ဟိုလှည့်ဒီလှည့် လူးလှိမ့်နေသည်

❤️❤️"or" ဖြင့်တွဲထားသော Binomial pairs များ

Now or never= အခုလုပ်ရင်လုပ် မလုပ်ရင် ဘယ်တော့မှမရတော့ဘူး
a make-or-break situation= သူဌေးဖြစ်ရင်ဖြစ် မဖြစ်ရင် ခွေးဖြစ်မဲ့ကိစ္စ
Rain or shine= မိုးရွာရွာ နေပူပူ
Sooner or later= အနှေးနဲ့အမြန်
More or less= အနည်းနဲ့အများ
Give or take= (ဖော်ပြထားသည့် အချိန်၊ ငွေပမာဏ) ခန့်မျှ၊ အပိုအလိုအနည်းငယ်ရှိသော
Take it or leave it.= ယူချင်ယူ မယူချင်နေ
Do or die.= သေလျှင်မြေကြီး ရှင်လျှင်ရွှေထီး
All or nothing= အကုန်ရရင်ရ မရရင်ဘာမှမလိုချင်ဘူး
Dead or alive= အသေရရ အရှင်ရရ
Heads or tails= ခေါင်းလား ပန်းလား

အင်္ဂလိပ်စာ ဝေါဟာရကြွယ် တိုးတက်ကြပါစေ။
#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment

Previous Post Next Post

Comments