လူမှာ အရှိန်ဓါတ်ဆိုတာ ရှိကြတယ်။ တနည်းအားဖြင့် ဘုန်းရှိန် ကံရှိန်ပေါ့။

လူမှာ အရှိန်ဓါတ်ဆိုတာ ရှိကြတယ်။
တနည်းအားဖြင့် ဘုန်းရှိန် ကံရှိန်ပေါ့။ 


သူတစ်ပါးကို သွားပုပ်လေလွင့်ပြောတတ်တဲ့သူဟာ 
ကိုယ်ရောင်ကိုယ်ဝါတွေ မှေးမှိန်သွားတယ်။
အကုသိုလ်စိတ်ဟာ အဆင့်နိမ့်စေတဲ့စိတ်ပါပဲ။ 
ဒါဟာတန်ပြန် အကျိုးပေးပါပဲ••။
ရိုးရိုးလေးပါပဲ ရှင်းပါတယ်။
သူတစ်ပါးကို ဂုဏ်သတင်းမှေးအောင် 
သိက္ခာကျသွားအောင် လုပ်ချင်တဲ့
စေတနာဇောတွေကြောင့် ကိုယ့်မှာလည်း
ကံရှိန်တွေ သေးသိမ်မှေးမှိန်စေခြင်းပါ။ 
သူများမကောင်းကြောင်း ပြောလွန်းသူဟာ
ကိုယ်အရှိန်တွေ ဆုတ်ယုတ်နေပါတယ်။
သူ့မှာ အရှိန်ဓါတ် မရှိဘူး။ မပေါ်လွင်တော့ဘူး။
သူများမကောင်းကြောင်းပြောတတ်သူတွေရဲ့ မျက်နှာ
ကိုယ်အမူအရာတွေကို သတိထားပြီး ကြည့်ကြည့်ရင် 
သိပ်သာပါတယ်။ 

"ပရဝဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသဝါ တဿ ဝဍ္ဎုန္တိ၊ အာရာ သော အာသဝက္ခယာ"
သူတစ်ပါးရဲ့ အပြစ်ကို အစဉ်ရှုပြီးတော့
အမြဲမပြတ် အတင်းပြော ကဲ့ရဲ့တတ်သူဟာ
အာသဝေါတရား အကုသိုလ်တို့သည် တိုးပွားကုန်တယ် 
ကိလေသာကင်းရာ နိဗ္ဗာန်ချမ်းသာနဲ့ ဝေးသထက် ဝေးသွားတယ်။
ချမ်းသာမှန်သမျှ လိုချင်ရင် သူများအတင်းမပြောနဲ့တဲ့
ဘုရားရှင်က ဒီလို ဆုံးမထားတာနော်။

အကုသိုလ်ဆိုတာ လွယ်လွယ်လေးနဲ့ အင်မတန် ဖြစ်လွယ်တယ်။ 
ကိုယ်တစ်ယောက်ထဲနေရင်း စိတ်အတွေးတွေ လွဲချော်သွားရင်တောင် 
အကုသိုလ်ဆိုတာ ဖြစ်လွယ်လွန်းတာများနော်၊ 
သူများအတင်းပြောတာ နားထောင်နေရရင်များလေ
ဘယ်လောက် အကုသိုလ်များပြီး စိတ်ပင်ပန်းလိုက်သလဲ။
ချီးမွမ်းသင့်တဲ့သူကို ကဲ့ရဲ့မိရင်လည်း အကုသိုလ်ဖြစ်တယ်။
မချီးမွမ်းသင့်သူကို ချီးမွမ်းပြန်ရင်လည်း အကုသိုလ်ဖြစ်တယ်၊
သတိထားရမယ်၊ သူများအတင်း သူများအကြောင်းထက်
အကုသိုလ် ကင်းလား မကင်းလားဆိုတာ 
ကိုယ့်ကိုကိုယ်ကြည့်ပြီး ကိုယ့်ကိုကိုယ်ပဲ ပြန်ပြီး
ဝေဖန်နေတာ အကောင်းဆုံးပဲ။

"န ပရေသံ ဝိလောမာနိ၊ န ပရေသံ ကတာကတံ။
အတ္တနော၀ အဝေက္ခယျ၊ ကတာနိ အကတာနိ စ"
သူတစ်ပါးတို့ရဲ့ မလျော်သော အပြစ်
အနာအဆာတို့ကို ကြည့်မနေပါနဲ့။
သူ ကောင်းတာလုပ်သလား 
မကောင်းတာတွေ လုပ်နေတာလားဆိုတာ
လိုက်လံ ကြည့်ရှု့မနေပါနဲ့။
ကိုယ် ကောင်းတာလုပ် မလုပ်ကိုပဲအမြဲမပြတ် ကြည့်ပါ၊ 
ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါ•• တဲ့။ 

ပြီးရင် အတင်းပြောဝါသနာပါသူကိုလည်း ရှောင်ပါ။
ဒီလိုလူမျိုးဟာ ကိုယ့်ကိုအကုသိုလ် တိုးစေတယ်။ 
အတင်းပြောသံဆိုလည်း တတ်နိုင်သမျှ နားမထောင်ပါနဲ့။
အတင်းအဖျင်းပြောတတ်တဲ့အသိုင်းအဝိုင်းမှလည်း 
တတ်နိုင်သမျှ ဝေးဝေးက ရှောင်ပါ။ 
အပိန်အဖျင်းတွေပြောသံ နားထောင်ရတာဟာ 
အတင်းပြောနေတာဟာ အကျိုးမဲ့စေပါတယ်။
အတင်းစကားဟာ အဖျင်းစကားပါ••
အတင်းနားထောင်ခြင်းဟာ အဖျင်းနားထဲ ဝင်ခြင်းပါပဲ••
သူတစ်ပါး သွန်လိုက်တဲ့အမှိုက်တွေ 
အပုတ်အသိုးတွေကို ခေါင်းထဲ အထည့်မခံပါနဲ့။
ကိုယ့်ရဲ့ ပင်ကိုယ်စိတ်လေး ဆုံးရှုံးတယ်။

သူများအတင်းပြောနေတုန်း နဲ့ နားထောင်နေချိန်မှာကော 
ကိုယ့်စိတ်ထဲမှာ ဘယ်လိုရှိလဲ? ဘယ်လိုခံစားမှုတွေဖြစ်လဲ?
ကိုယ့်စိတ်လေး ဘယ်လိုအခြေအနေရှိလဲ?
ကြည်လင်နေလား? ရှုတ်ထွေးနေလား?
ဒီလိုဖြစ်နေတဲ့ စိတ်တွေကို သတိထားကြည့်ဖူးလား
ကိုယ့်စိတ်ကို သတိထားပြီး ကြည့်ပါများလာရင် သိနိုင်ပါတယ်။
ကိုယ့်စိတ်ကို ကိုယ်ပြန်ကြည့်လေ့ရှိတဲ့သူဆို သိနေတတ်တယ်။

သူများကှို ပုတ်ခတ်ရှုတ်ချနေတဲ့အခါ••
သူများသိက္ခာကျအောင်သွားပုတ်လေလွင့် ပြောဆိုနေတဲ့အခါ••
အနှစ်သာရမဲ့တဲ့ ပိန်ဖျင်းတဲ့စကားတွေပြောနေချိန်မှာ•• 
ကိုယ့်စိတ်လေး အခြေအနေကို သေချာစောင့်ကြည့်ကြည့်ပါ။
ဒီ gossip အတင်းအဖျင်း ပြောနေတဲ့အချိန်
ဒီ အဆင့်အတန်းနိမ့်တဲ့စိတ်ကို ပြန်ကြည့်ကြည့်ပါ။
အေးချမ်း ကြည်လင် နေသလားလို့ အေးအေးချမ်းချမ်း ရှိမနေပါဘူး။
မကြည်လင်နေပါဘူးနော် ပြောနေဆိုနေတဲ့အခါ မပြောနဲ့ 
သူများကို ရှုတ်ချတဲ့အတွေးတွေ တွေးနေတဲ့အခါတောင် 
စိတ်က ကြည်လင်မနေတော့ပါဘူးနော်..။ 
သူများမကောင်းကြောင်း အတင်းအဖျင်း ပြောတဲ့အခါ
ကိုယ့်စိတ်ထဲမှာ တော်တော် အားရကျေနပ်မှု
ဖြစ်တယ်ဆိုရင် ဒီစိတ်ထားဟာ တော်တော်စဉ်းစားစရာပဲ။
ဒါဟာ ကိုယ့်မှာ တရားအသိဉာဏ် တော်တော်ကို အားနည်နေပါလား 
ငါ တရားမဲ့ သတိလက်လွတ် ဖြစ်နေပါလားလို့ သိထိုက်တယ်။
ကံအကျိုးပေးရဲ့ ကြောက်စရာကောင်းပုံကို မေ့မိနေလို့ ဖြစ်မယ်။
'ဝဇီဗေဒ ထိတိုင်း ရှ' တဲ့။ စကားတစ်ခွန်းလေးရဲ့အောက်မှာ
သံသရာ ဘဝပေါင်းများစွာ ပေးဆပ်ရမယ်ဆိုတာ
ဘုရားဟောတရားတွေထဲ များစွားရှိပါတယ်။
သံသရာခရီးသွား အမှားမလုပ်မိစေနဲ့တဲ့။
ဒီ လက်နှစ်လုံး ပါးစပ်ပေါက်လေး မထိမ်းနိုင်တာနဲ့
ပေးဆပ်ရမယ့် ဘဝတွေ နှမြောစရာကောင်းပါတယ်။
တူညီတဲ့အကျိုးပေး နိယာမတရား ကို မမေ့အပ်ဘူး။

သူများမကောင်းကြောင်း ပြောလိုက်ပြီဆိုတာနဲ့
ကိုယ့်စိတ်ထားနဲ့ ကံအရှိန်ဟာ တောက်တောက်ပပ 
ရှိမနေတော့ဘူးနော်။ သူတစ်ပါးကို စွပ်စွဲလုပ်ကြံပြီး ပြောနေတယ်
ဆိုရင်တော့ သွားပြီ ဝဋ်ကြွေး အကုသိုလ်လည်းတိုး
လက်ရှိချိန်လည်း စိတ်ထားတွေ ညစ်ညမ်းသွားတယ်။
လောလောဆယ်မှာ ကိုယ့်ကိုကိုယ့် မလေးစားနိုင်တဲ့ 
ဒီရှက်နေရတဲ့စ်ိတ်ဟာ ကိုယ့်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါပဲ။

နောက် အရေးတကာ့ အရေးကြီးဆုံးကတော့
ကိုယ့်အထင်နဲ့ အရိယာ သူတော်ကောင်းတွေကို မစွပ်စွဲ 
မပုတ်ခတ်မိဖို့ပါပဲ။ သီလ သမာဓိ ပညာကြီးတဲ့ သူတို့၊
ကိုယ်ကျင့်တရားကောင်းသူ စိတ်ထားကောင်းသူတို့ကို
ပစ်မှား စော်ကား စွပ်စွဲ ပုတ်ခတ် သွားပုပ်လေလွင့်ပြောမိရင်
ကိုယ်ပြန်ခံရမယ့် အကုသိုလ်ဝဋ်ကြွေးဟာ
တစ်ဖက်လူရဲ့ သီလ သမာဓိ ပညာ ကြီးရင်ကြီးသလောက်
ကိုယ့်ဝဋ်ကြွေးဟာလည်း ကြီးလို့ပါပဲ။
ကိုယ်အတင်းပြောချိန်ဟာ တစ်ဖက်လူ ဂုဏ်တော်ပွားနေချိန်တို့
မေတ္တာပွားနေချိန်တို့၊ တရားနာချိန်တို့ ရွတ်ဖတ်ပူဇော်နေချိန်တို့
ကောင်းမှုကုသိုလ်လုပ်နေချိန်နဲ့ တိုးတယ်ဆိုရင်
ကိုယ့်မှာ ပို ကြောက်စရာကောင်းပါတယ်။ 
ဒီထက်အဆင့်မြင့်တဲ့ တရားဝိပဿနာတို့ ခန္ဓာဉာဏ်ရောက်
တရားအားထုတ် တရားထိုင်နေလုပ်နေချိန်နဲ့များ
ကြုံကြိုက်ခဲ့မယ်ဆိုရင် ကိုယ့်ကံ မတွေးဝံ့စရာပါပဲ။
စိတ်ထားကောင်းရှိသူ သီလရှိသူတို့ကို မပစ်မှားမိစေနဲ့။
ဒီလို ဆိုးကံတွေ မထူထောင်ချင်ကြပါနဲ့။
ကံကံရဲ့အကျိုးပေးတွေဟာ သိပ်ကိုကျယ်ပြန့်လွန်းပါတယ်။

❤️ ကိုယ့် နှလုံးသားကို ကျယ်ကျယ်ထားပါ••
က်ိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို 
သူများအကြောင်းပြောပြီး မကုန်မိပါစေနဲ့။
အချိန်ဆိုတာ တကယ်တမ်းတော့ အသက်တွေပါပဲ။
တို့တတွေဟာ ဘဝဆိုတဲ့ အကန့်အသတ်လေး တစ်ခုပဲရတာ။
ကိုယ်ရဲ့ တန်ဖိုးရှိတဲ့အသက်တွေကို 
အပိန်အဖျင်းစကားတွေနဲ့ မဖြုန်းပါနဲ့။
တစ်နေ့တစ်နေ့ သူများအကြောင်းပြောပြီး••
သူများအတင်းတွေ နားထောင်ပြီး 
အချိန်တွေ ဘယ်လောက်တောင် ဖြုန်းနေမိပါသလဲ❓
#သူများအကြောင်းတွေထက် 
#ကိုယ့်အကြောင်းကိုယ်သိဖို့ရာ 
#အချိန်တန်ပါပြီ•• 

❤️ နှလုံးသားကို ကြီးကြီးထားပါ••
ဘယ်သူမှန်မှန် ဘယ်သူမှားမှား ထပ်မပြောသင့်တော့ဘူး။
ဘာလို့လဲဆိုတော့ ကိုယ့်စိတ်ကြည်လင်မှု ပျက်စီးတယ်။ 
ကိုယ့်အပေါ်မကောင်းတဲ့ လူတစ်ယောက်အကြောင်းကို 
ပြောနေတုန်းမှာ စိတ်ထဲမှာ ကြည်လင်မှု မရှိဘူး။ 
သူ့အပေါ် မကျေနပ်ဘူး။ သူလုပ်ထားပြောထားတာတွေကို
ပြန်ပြန်ပေါ်ပြီး ခံပြင်းတယ်။ မကျေမချမ်းဖြစ်တတ်တယ်။ 
ဒါမှမဟုတ်ရင် စိတ်မကောင်းဖြစ်မိနေတတ်တယ်။ 
ဘာလို့ဒီလိုသူဒီလို လုပ်တာပါလိ့မ်..။ 
ငါ့အပေါ်မှာ ဘာလို့ဒီလိုပြောရတာပါလိမ့်လို့ 
တွေးတွေးပြီး စိတ်မချမ်းသာဘူး။ စိတ်မအေးချမ်းဘူး။ 
ကိုယ် စိတ်မကြည်လင်ရဘူးလေ..။
မကျေနပ်တဲ့စိတ်ဟာ ဒေါသအသေးစားလေးပါပဲတဲ့။ 
အသေးစားပေမယ့် တငွေ့ငွေ့လောင်နေတဲ့ ဒေါသ။ 
လောင်နေမှတော့ ပူနေပြီလေ။ ပူနေရင်တော့ 
ဘယ်ကြည်လင်အေးချမ်းနေပါ့မလဲနော်။

🍁 သူများအကြောင်း အတင်းပြောသံ နားထောင်နေရတဲ့အခါ
ဆိုတာလည်း လူ့ဘောင်အတွင်း မကြာမကြာ ကြုံရတယ်။
တစ်ခါတစ်လေ မသက်သာလို့ သူများပြောတာ 
နားထောင်နေရတာမျိုးလည်း ရှိသေးတယ်နော်။ 
သူပြောနေတာ ဘာအဓိပ္ပါယ်မှ မရှိဘူး။ 
အကျိုးရှိတဲ့စကားလည်း မဟုတ်ဘူး၊ 
ဘာအရေးပါတဲ့ စကားမှလည်း မဟုတ်ဘူး။ 
အပိုအလို အနှစ်သာရမဲ့ ပိန်ဖျင်းတဲ့စကားတွေ 
သူ့အတွက်ကော ကိုယ့်အတွက်ကော အကျိုးမရှိဘူး။ 
ဒါကို ကိုယ်ကသိနေတော့•• ဖြစ်နိုင်ရင် ချက်ချင်း
ထသွားလိုက်ချင်တယ်။ ထသွားလို့လည်း မကောင်းဘူး၊
ဘယ်လိုလုပ်ရမလဲ စကားလမ်းကြောင်းလွှဲလိုက်ပါ။ 
အကျိုးရှိစေမယ့်စကားမျိုးကို လမ်းကြောင်းလွှဲလိုက်ပါ။ 
နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့်စကားမျိုး ရွေးပြောကြည့်ပါ။

စကားလမ်းကြောင်းလွှဲလို့လည်း မရဘူး။ 
ထပြန်လို့ရရင် ပြန်လိုက်ချင်တယ်။ ထပြန်လို့လည်းမကောင်းတတ်။ 
ဒါဆို ဘာဝနာတစ်ခုခု ပွားများနေလိုက်ပါတော့••
စိတ်ထဲကနေ ကိုယ်နှစ်သက်ရာ အားသန်ရာ 
ဘာဝနာတစ်ခုခုကို ပွားများနေရင် အကျိုးမမဲ့တော့ဘူးပေါ့။ 
ဒီလိုဆို ကိုယ့်အတွက် ကုသိုလ်တွေထဲမှာ 
အကြီးမားဆုံးကုသိုလ်တောင် ရသွားသေးတယ်။ 
✔️အတင်းပြောသံ နားထောင်ရင်း 
✔️ အကျိုးရှိရှိ အသုံးချလို့ရတယ်။ 

ဒီလိုလုပ်နေလိုက်တာဟာ ကိုယ့်ကို
စကားပြောနေတဲ့သူကို မလေးစားရာ မရောက်ဖူးလား?
••• လို့ စောဒကတက်ချင်လည်းပဲ။ 
ဒါပေမယ့် ဒီလိုလုပ်တာဟာ ပြောနေတဲ့သူကို 
မလေးစားလို့ မဟုတ်ဘူး။ သူပြောနေတာကို 
နားထောင်နေရရင် ကိုယ့်ကိုကိုယ် မလေးစားနိုင်လို့ 
🍀ကိုယ်လေးစားနိုင်တဲ့အလုပ်ကို လုပ်နေတာပါ🍀

ပြီးတော့ လူတွေမှာ ဖြစ်တတ်တဲ့ psycho အရ
သတိထားဖို့ကောင်းတဲ့တစ်ချက်က••• 
တကယ်ကောင်းမကောင်း ကိုယ်တိုင်မသိရတဲ့ 
လူတစ်ယောက်အကြောင်းကို ကိုယ့်ဆီမှာ 
ခဏခဏ လာပြောပါများရင် စိတ်ထဲမှာ
“ဟင် သူက ဒီလိုကြီးပါလား.. ဒီလိုတဲ့လား..
ပုံစံကိုကြည့်ရတာ ဟုတ်မှာပေါ့..” လို့ ကြိုတင်
ကောက်ချက် ချထားလိုက်မိတတ်တယ်။
ကြိုတင် နားယောင် မိထားတတ်တယ်။
အဲဒီလူက တကယ်တမ်း မကောင်းလို့မဟုတ်ပဲ
‘မကောင်းပါလား’လို့ စိတ်ထဲကနေ အရင်
တွေးထားပြီး အဆိုးမြင်နေတတ်တယ်။ 

ကိုယ်နဲ့ရင်းနှီးတဲ့ လူအနေအထားမျိုးကနေ
ကြားရတဲ့ “စကား”ဆိုရင် ပိုယုံမိတတ်တယ်..။ 
ဘာလို့လဲဆိုတော့ ကိုယ့်နဲ့ပိုခင်ရတဲ့သူ၊ 
ပိုရင်းနှီးတဲ့သူတို့ တနည်း နာမည်ကြီးတဲ့သူတို့၊
ကိုယ့်အထက်က လူတို့၊ ကိုယ်အထင်ကြီးစိတ်ဝင်နေတဲ့
သူမျိုးဆီက စကားမျိုး ကြားရရင် လူတွေဟာ အလွယ်တကူ 
ယုံမိတတ်တာ လူ့သဘာဝကိုး။
အကြောင်းအရာကို သုံးသပ်နိုင်စွမ်းထက်
ကိုယ်နဲ့ရင်းနှီးတဲ့သူက cele လိုလူတို့က ပြောတော့ 
ဟုတ်မှာပဲဆိုတဲ့စိတ်က လွှမ်းမိုးမိနေတာကိုး။ 
အဲ့ဒီ အယုံလွယ်ခြင်းဟာလည်း ပြဿနာပါပဲ။

အတင်းပြောတတ်တဲ့ သူမျိုးနားမှာ နေရတာ 
အကုသိုလ်ပွားစေတယ်။ အရိယာတွေကတော့ 
စိတ်ထားတတ်သွားလို့ အကုသိုလ်ပွားမှာ မဟုတ်ပေမယ့်
ပုထုဇဉ်တွေအနေနဲ့ အတင်းပြောနေတဲ့ အသံကြားရရင် 
စိတ်ထဲ ဦးနှောက်ထဲရောက်ပြီး ချက်ချင်းမထွက်နိုင်ဘူး။
တော်ရုံနဲ့ မထွက်ဘူးနော်•• အဲဒီအာရုံက စိတ်ထဲ 
ခေါင်းထဲ တဝဲလည်လည်နဲ့။ အာရုံဟာ ခြယ်လှယ်ခံလိုက်ရတယ်။ 

တကယ်တော့ ကိုယ်က အဲဒီလူနဲ့ အပြင်မှာ တိတိကျကျ 
ပေါင်းသင်းဆက်ဆံ မကြည့်ရသေးဘူး။ အဲဒီလူအကြောင်းကိုလည်း
ဘာရယ်ညာရယ် ပြည့်ပြည့်စုံစုံ သိရတာမဟုတ်ဘူး။ 
သူများအပြောနဲ့တင် ကိုယ့်မှာ လမ်းဆုံးနေတာ။ 
အဲဒီလူဟာ တကယ်တမ်း ကောင်းမကောင်း၊ သူပြောတဲ့အတိုင်း 
ဟုတ်မဟုတ် ကိုယ်လည်း တကယ် သိနိုင်တာမဟုတ်ဘူး။ 
သူများပြောစကား နားယောင်မိပြီး ကြိုတင်တွေးထားတာ။ 
ကြိုတင်ကောက်ချက် ချထားပြီး သူများအပြော ကို
ယုံတတ်တဲ့စိတ်ကြောင့် လမ်းပိတ်နေတာ။

အကြောင်းအရာတစ်ခုခုကို သူ့ဟာသူ သဘောရိုးနဲ့ ပြုတယ်
ဆိုရင်ကိုပဲ ကိုယ့်ရဲ့ ကြိုတင် အဆိုးမြင် စိတ်ထားကြီးနဲ့ တိုင်းပြီး
“သူပြောသလို ဟုတ်ရင် ဟုတ်နေမှာပေါ့လို့” 
သတ်မှတ်လိုက်မိပြန်ရောနော်။
❌ ကြိုတင်အဆိုးမြင်ထားမှတော့ 
သူ့ရဲ့အကောင်းကို ဘယ်တွေ့တော့မလဲ••
❌ ကြိုတင်အဆိုးမြင်မျက်စိနဲ့ ကြည့်မှတော့ 
သူ့ရဲ့အကောင်းကို ဘယ်မြင်နိုင်ပါ့မလဲ••
ကိုယ်က မကောင်းတာကနေ စကြည့်နေတာကိုး။ 
ဘာလို့ အဆိုးမြင်စိတ်ထားကြီးနဲ့ ကြည့်တာလဲဆိုတော့
အတင်းပြောတဲ့စကားကို နားယောင်မိထားလို့။ 
သူများပြောတဲ့ အတင်းစကားကို ယုံမိထားလို့။ 
နားမယောင်မိရင် အဆိုးမြင်စိတ်ထားနဲ့ စကြည့်စရာ မလိုဘူးလေ။

လူတစ်ယောက်အကြောင်းဆိုတာ 
အချိန်ကြာမြင့်စွာ အတူတကွကြီးကို
ပေါင်းသင်းဖူးမှ သိရတာမျိုးပါ။ 
တစ်ခဏသာ နဲ့ ဆုံးဖြတ်လို့ 
ရနိုင်တာမဟုတ်ဖူး‼️

အမြင်နဲ့ ဆုံးဖြတ်လိုက်မယ်ဆိုရင်••
လူတစ်ယောက်ရဲ့ သွင်ပြင်လက္ခဏာ
လောက်ကို ကြည့်ပြီးသတ်မှတ်မယ်ဆိုရင်••
ကိုယ်တွေ့ဖူးတဲ့ အပေါ်ယံ စကားပြောပုံ
ဆိုပုံလောက်နဲ့ သတ်မှတ်မယ်ဆိုရင်
မှားနိုင်ပါတယ်။ ဒီလိုကိုယ်တွေ့ပေါင်းပြီး 
သတ်မှတ်ထားရင်တောင် မှားနိုင်သေးတာ
သူတစ်ပါး တစ်ဆင့်စကား အတင်းစကားကြားပြီး 
ဘယ်လိုလူပါလို့ ရိုးမယ်ဖွဲ့ သတ်မှတ်ထားတာ 
ပိုတောင်မှားနိုင်သေးတယ်နော်။

သိပ်ကိုကြိုက်တဲ့ အင်္ဂလိပ် စကားပုံလေးတစ်ခု ရှိတယ်
Always Remember••
Rumors are carry by haters••
Spread by fools•• and
Accepted by idiots. တဲ့
ကောလဟာလ အတင်းအဖျင်းတွေကို 
မုန်းသူတွေကပဲ သယ်ယူပို့ဆောင်ရေး လုပ်တယ်။
ဉာဏ်ရူးတွေကတော့ ဖြန့်ဖြူးရေး လုပ်ကြတယ်။
အသိဉာဏ်နဲသူတွေကတော့ ယုံလိမ့်မယ်တဲ့။
ဒီစာလေး သိပ်ကိုတန်ဖိုးရှိတာပဲ။ 

တော်ပြီ•• ကိုယ်ဟာဉာဏ်နဲသူ မဖြစ်ချင်ဘူး။ 
ကိုယ်ကိုယ်တိုင် ပေါင်းသင်းမကြည့်ရပဲ ကောင်းသည် ဆိုးသည် 
မသိရပဲ ကြိုတင် စွဲချက်တင်ထားတာမျိုး၊ နားယောင်မိထားတာမျိုးကို 
မလိုချင်မိဘူး။ တချို့ဆို တကယ်တမ်း ကိုယ်က အဲဒီလူနဲ့
ပေါင်းကြည့်တဲ့အခါ ကိုယ်နားယောင်မိထားတာနဲ့ 
တခြားစီပါလားဆိုတာ သိရတယ်။ ဒါကြောင့်မို့
အထူးသဖြင့် အတင်းပြောဝါသနာပါသူကို ရှောင်ပါ။
"အတင်းအဖျင်းပြာသံ”ဆို 
✔️နားမထောင်ချင်ဘူး။ 
✔️ တော်ပြီ•• နားယောင် မမိချင်ဘူး။

ငါ့ဘဝက အကန့်အသတ် တိုတိုလေး••
ငါ့မှာ တန်ဖိုးရှိတာတာတွေ အများကြီး 
လုပ်စရာရှိသေးတယ်။
❗️ကိုယ့်ရဲ့အဖိုးတန်အချိန်တွေကို 
အတင်းအဖျင်းလက်ထဲ မအပ်နိုင်ပါဘူး။
❗️ကိုယ်ရဲ့အဖိုးတန် အချိန်တွေကို
သူများအကြောင်းတွေနဲ့ မကုန်ဆုံးစေရဘူး။
❗️ကိုယ့်ရဲ့ ကံအရှိန်တွေကို 
ဒီအတင်းအဖျင်းကြောင့် အညှိုးမှိန်မခံနိုင်ဘူး။ 

Credit

Post a Comment

أحدث أقدم

Comments