There is no .... ဖြင့်စသော စကားပြောတွင် အသုံးများသည့် ဆိုရိုးစကားအချို့

There is no .... ဖြင့်စသော စကားပြောတွင် အသုံးများသည့် ဆိုရိုးစကားအချို့


ဒီတစ်ခေါက်တော့ Speaking မှာ အသုံးများတဲ့ There is no + noun နဲ့စတဲ့ လက်တွေ့ကျတဲ့ အသုံးလေးတွေကို နမူနာလေးတွေနဲ့ တင်ပြပေးပါ့မယ်။

 1. There is no point in .... doing something....
ဒါကို လုပ်နေလို့ မထူးဘူး၊ အကျိုးမရှိဘူး။

There is no point in crying over spilled milk.
(မှောက်ကျသွားတဲ့ နို့အတွက်တော့ ငိုမနေနဲ့။) ပြီးသွားခဲ့ပြီ၊ ခံစားမနေနဲ့တော့။ 

 2. There is no such thing as a free lunch.
အလကားကျွေးတဲ့ ထမင်းဆိုတာမျိုး တကယ်မရှိပါဘူး။ စားထားတဲ့အတွက် တစ်နည်းတစ်ဖုံနဲ့ ပြန်ပေးဆပ်ရမှာပဲ။ အကျိုးလိုလို့ ညောင်ရေလောင်းကြတတ်သူတွေ များသကိုး။

Do you think they will really give away these stuff to the customers? Well, there 's no such thing as a free lunch.
သူတို့က ဖောက်သည်တွေကို ဒါတွေတကယ် အလကားပေးပစ်မယ် ထင်လို့လား။ ဘာမှ အလကားမရပါဘူးကွာ။

 3. There is no rest for the wicked.
ဒီစကားကတော့ Bible ထဲက လာတာပါ။ the wicked ဆိုတာ ကောက်ကျစ်သူ။ လက်တွေ့ speaking အသုံးမှာတော့ ဒီဆိုရိုးဟာ အဓိပ္ပာယ် နှစ်မျိုးပေါက်နိုင်ပါတယ်။
၁။ လူတစ်ဦးတစ်ယောက် အလွန်အမင်း အလုပ်များနေတယ် လို့ပြောတဲ့စကား။ မိမိကိုယ်မိမိ ရည်ညွှန်းတာဖြစ်နိုင်သလို ကိုယ်ပြောနေတဲ့ သူငယ်ချင်း အလုပ်အရမ်းများနေတယ်လို့ ပြောတာလည်းဖြစ်နိုင်တယ်။
၂။ သူများအပေါ် မကောင်းစိတ်ရှိသူဟာ စိတ် မငြိမ်းချမ်းဘူး၊ အနားမရဘူးဆိုတဲ့ အဓိပ္ပာယ်လည်းဖြစ်နိုင်တယ်။ context ကိုကြည့်ပြီး ဆိုလိုချင်တာကို နားလည်ရမှာဖြစ်တယ်။

The break is over. Get back to work. There is no rest for the wicked!
နားချိန် ပြည့်ပြီ။ အလုပ်ပြန်စတော့။ မင်းတို့တွေ အလုပ်များနေမှဖြစ်မယ်ကွ။

 4. There is no way to tell.
 မေးခွန်းတစ်ခုမေးလိုက်လို့ အဖြေမသိဘူးဆိုရင် ပြန်ဖြေတဲ့ပုံပါ။ ကိုယ်တွေ မြန်မာစကားမှာ "မပြောတတ်ဘူးဗျ" ဆိုတာမျိုး။

A: Do you think the teacher will give us a pop quiz?
ဆရာ ငါတို့ကို စာမေးပွဲများ စစ်နေမလားမသိဘူး။ မင်း ဘယ်လိုထင်လဲ။
B: There is no way to tell.
မသိပါဘူး။

 5. There is no time like the present.
အခုလောက်ကောင်းတဲ့အချိန် မရှိဘူး။ လုပ်စရာရှိ အချိန်မဆွဲနဲ့၊ အခု ချက်ချင်းထလုပ်လို့ပြောတာ။

If you want to improve your English, go study. What're you waiting for? There is no time like the present.
မင်း အင်္ဂလိပ်စာ ပိုတော်ချင်ရင် သွားလေ့လာလေ။ ဘာကို စောင့်နေတာလဲ။ လုပ်စရာရှိတာ ခု ထလုပ်ပေါ့။

 6. There is no smoke without fire.
မီးမလောင်ဘဲနဲ့တော့ မီးခိုးထွက်ပါ့မလား။ ဟုတ်လို့ကျော် ပုတ်လို့ပေါ်။ အကြောင်းမရှိဘဲနဲ့တော့ လူတွေ အလကားပြောနေကြတာ မဟုတ်လောက်ဘူး။

People have been saying that he's cheating on his wife; well, there is no smoke without fire.
သူ အိမ်ထောင်ရေးဖောက်ပြန်နေတယ်လို့ လူတွေပြောနေကြတယ်။ ဟုတ်လို့ပြောတာ ဖြစ်မှာပေါ့ကွာ။

 7. There's no fool like an old fool.
အသက်ကြီးမှ ထရူးတာလောက် ဆိုးတာမရှိဘူး။ ကြီးမှ ဝက်သက်ပေါက်ရင် သတိထား ဆိုသလို။

Despite his old age, he still thinks the girl genuinely loves him - not his money. There is no fool like an old fool.
သူ့အသက်အရွယ်မှမထောက် ကောင်မလေးက သူ့ကို တကယ်ချစ်တာ၊ သူ့ရဲ့ငွေကိုချစ်တာမဟုတ်ဘူးလို့ သူထင်နေတုန်းပဲ။ ကြီးမှ ဝက်သက်ပေါက်ရင် ကြောက်ဖို့ကောင်းတယ်။

 8. There's no place like home.
အိမ်လောက်ကောင်းတဲ့နေရာ ဘယ်နေရာမှ မရှိ။

East or west, home is the best. There's no place like home.
အရှေ့ အနောက် ကြိုက်တဲ့အရပ်သွား၊ ကိုယ့်အိမ် (ကိုယ့်တိုင်းပြည်) က အကောင်းဆုံးပဲ။ အိမ်နဲ့တူတဲ့နေရာ မရှိပါဘူး။

 9. There is no such thing as bad publicity.
publicity ဆိုတာ သတင်းစာမှာ၊TV မှာ၊ social media ပေါ်မှာ ကိုယ့်အကြောင်း ဖော်ပြခံရတာ၊ လူသိများတာ။ အနုပညာသည်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေဟာ publicity လိုချင်ကြတယ်။ သတင်းထဲမှာ ကောင်းတာဖြစ်စေ၊ ဆိုးတာဖြစ်စေ သူတို့အကြောင်းပါသွားရင် နာမည်ကြီးစေတယ်၊ လူတွေပိုအာရုံစိုက်မိရင် သူတို့ရဲ့ ထွက်လာတော့မယ့် အနုပညာပစ္စည်း ရောင်းအားတက်မယ်ဆိုတဲ့ အယူအဆပါ။

I know everyone is sharing my video clip on the social media. There is no such thing as bad publicity.
ငါ့ရဲ့ ဗီဒီယိုလေးကို လူတွေ social media မှာ share နေကြတယ်။ လူသိများလေ ကောင်းလေပေါ့ကွာ။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Post a Comment

Previous Post Next Post

Comments