ဆေးပေါင်းခတဲ့ည
🌺🌺🌺🌺🌺🌺🌺
ဆေးပေါင်းခတဲ့ဆေးဘက်၀င်မဲဇလီပင်အကြောင်းကိုရေးလျှင် တန်ဆောင်မုန်းလအကြောင်းကိုလည်း
ချန်ထား၍မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှေး လူကြီးသူမများလက်ထပ်ကုန်းဘောင်ခေတ်ကတည်းက တန်ဆောင်မုန်းလပြည့်ည သို့ရောက်တိုင်း မဲဇလီဖူးခူး၍သုပ်စား ကြတဲ့ အစဉ်အလာများ ရှိခဲ့လို့ပါဘဲ။ တန်ဆောင်မုန်းဟူသော အရေးအသားကို
လေ့လာကြည့်တဲ့အခါ၊ ပုဂံခေတ် ကျောက်စာ များတွင် “တန်ဆောင်မှုန်” ဟုရေးထိုး၍
တန်ဆောင်မှုန်း ဟုအသံထွက်ဆိုခဲ့ကြပါတယ်။ “ မိုက်မှောင်လွင့်ပြုန်း၊တန်ဆောင်မုန်း၊ ဆောင်မှုန်း ခေါ်တကား။ ဟထိုး ပျောက်ကာ၊ ပြောင်းရွှေ့လာ၊ မုန်း
သာခုထင်ရှား ” ဟူသော စပ်ဆိုထားခြင်းက တန်ဆောင်မုန်း ၏ ဖြစ်စဉ်ကိုပေါ်လွင်သိရှိနိုင်ပါတယ်။ တန်ဆောင် = ဆီမီး၊ မီးရှူး၊ မီးတိုင်။ မှုန်း =ထွန်းလင်းခြင်း၊ တောက်ပခြင်းဟူ၍ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့်လည်း မြန်မာ့၁၂လရာသီမှာ တန်ဆောင်းမုန်းလဟာ အထွန်းလင်း၊ အတောက်ပဆုံး နှင့် အသာ ယာဆုံး
လတစ်လဟု ဆိုနိုင်ပါတယ်။
မြန်မာ့သမိုင်းမှတ်တမ်းများအရ၊ ဗိဿနိုးနတ်မင်းကြီးသည်နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း ၁၂ ရက်နေ့မှစ၍ အိပ်စက်လိုက်ရာတန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့မှနိုးထသဖြင့် တန်ဆောင်မုန်းလကို “နတ်နိုးလ” ဟု
ခေါ်ဆိုကြောင်း လေ့လာမှတ်သားရပါတယ်။
တန်ဆောင်မုန်းလပြည့်နေ့မှာ မြတ်စွာဘုရားရှင်က ရာဇဂြိုလ်ပြည့်ရှင် အဇာတသတ်မင်း
နှင့် အပေါင်းပါတို့အား သာမညဖလ သုတ်ဟောကြားသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။
တန်ဆောင်မုန်းလပြည့်ညမှာ ဆီးနှင်း၊ မြူ၊ တိမ်၊ သူရိန်၊ မီးခိုး စသည့် ငါးမျိုးကင်းစင်နေတာကြောင့် ထက်ကောင်းကင်တစ်ခွင်လုံးကြည်လင်ကာ နက္ခတ်တာရာ
တစ်စုံထွန်းလင်းနေပါတယ်။ မပီဝိုးဝါး သေး မွှားတဲ့
ကြတ္တိကာကြယ်(ခေါ်)ဖျောက်ဆိပ်ကြယ်စုလေးများလည်း လင်းလက်ခွင့်ရတဲ့ ညဖြစ်ပါတယ်။
မဇ္စျိမဒေသမှလာတဲ့ သာရ ကောမုဒိဆေးကျမ်းအရ၊ တန်ဆောင်မုန်းလပြည့်ညသန်းခေါင်ယံလမင်းကြီး ဝိုင်းစက်ပြည့်၀န်းနေစဉ် ကြတ္တိကာနက္ခတ် နှင့် စန်း ယှဉ်၍ပုဏ္ဍာတိထီ(ဗေဒင်အခေါ် တိထီ ၁၅ လုံးအတွင်း)ဆေးပင်အပေါင်းကို
စောင့်ရှောက်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက်ခစားကြသည်ဟု
ဆိုပါတယ်။ ဒါကြောင့် ထိုအချိန်မှာ မဲဇလီကို ဆေးဖက်၀င်အောင် စီရင်ခြင်းဟာ
အချိန်အခါကောင်းတစ်ရပ်လို့ ဆိုနိုင်ပါတယ်တဲ့။ ထိုသို့စီရင်ရာမှာလည်းလမင်းကြီး တိတိကျကျပြည့်၀န်းနေချိန် တွင် အရှေ့ ဖက်သို့ထွက်နေသော မဲဇလီ အဖူး၊ အပွင့်၊ အရွက်၊ အမြစ်၊ အခေါက်၊ အသီးတို့ကိုစုံလင်အောင် ဆွတ်ခူးတူးယူ၍ ထိုညမှာ အဖူး၊ အပွင့်၊ အရွက်တို့ကို
စားသုံးရပါမယ်။ ကျန် အမြစ်၊ အခေါက်၊ အသီးတို့ကိုတော့နေရိပ်မှာအခြောက်လှန်းအမှုန့်ပြု၍ နေ့ စဉ် စားသုံးပေးသွားရမှာပါ။
ဤသို့စားသုံးလျှင် ရုပ်ရည်အဆင်းနုပျို၍ အရွယ်တင်ကာ အသက်ရှည်စေကြောင်း၊ ဘုန်းကြီး၍
ဥာဏ်ပညာထက်မြက်ကာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေကြောင်း ယုံကြည်ကြပါတယ်။
ဒါကြောင့်လည်း တန်ဆောင်း မုန်းလပြည့်နေ့ည (၁၂)နာရီတိတိအချိန်ကိုဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့သတ်မှတ်ပြီး
တိုင်းရင်း ဆေးဆရာကြီးများက ဆေးဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
#ပြည့်စုံ(တောင်ငူ)✍️
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်📖
#မူရင်းရေးသူအားလေးစားစွာCrdပေးပါသည်
ရေးသားသူ အမည် မသိပါသောကြောင့်
အမည်မထည့်၍ ကူးယူ မျှဝေခြင်းက်ို
ခွင့်လွတ်ပါရန် လေးစားစွာ တောင်းပန်ပါသည်။
ဤPage တွင်ဖော်ပြထားသောဓမ္မစာပေများအား
မည်သူမဆိုလွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်
#ဓမ္မ_သုတ_ရသစာပေများ
༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻

Post a Comment