“ မလိုအပ်တဲ့ ပူပန်ကြောင့်ကြမှုတွေကို လျှော့ချပါ။ ”

🌹  “ မလိုအပ်တဲ့ ပူပန်ကြောင့်ကြမှုတွေကို လျှော့ချပါ။ ” 
 


 
ကျွန်မတို့ရဲ့စိတ်ဟာ တစ်ခုမဟုတ် တစ်ခုခုကိုတော့ မသိမသာဖြစ်စေ...သိသိသာသာဖြစ်စေ ပူပန်ကြောင့်ကြနေမိတတ်ပါ တယ်။ မိသားစုအတွက်ပဲဖြစ်စေ၊ ကိုယ့်အတွက်ပဲဖြစ်စေ...အလုပ် အကိုင်အတွက်၊ ကျန်းမာရေးအတွက်၊ သားသမီးတွေရဲ့ ပညာရေး အတွက် စသဖြင့် တစ်မျိုးမဟုတ်တစ်မျိုးတော့ ပူပန်နေကြတာပါပဲ။ ဒီပူပန်ကြောင့်ကြစိတ်တွေက ကျွန်မတို့ကို အမြဲတုပ်နှောင် ဆွဲငင် ထားသလို...လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်လို့မရအောင် ဟန့်တား ထားပါတယ်။
 
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။ “ငါ...ဘာကို ပူပန် ကြောင့်ကြနေတာလဲ၊ ဒီပူပန်တဲ့ကိစ္စကရော တကယ်ဖြစ်လာမှာမို့လို့လား၊ ဖြစ်လာတော့ရော ငါ ဘာများတတ်နိုင်မှာလဲ၊ အခု... ပူပန်နေတော့ရော ဒီကိစ္စက ပြေလည်သွားမှာလား...”စသဖြင့် မေးခွန်းတွေမေးကြည့်ပါ။ 

နောက်တစ်ခုက ကိုယ်ပူပန်နေတဲ့အတွေးလေးကို သိအောင်စောင့်ကြည့်ပါ။ အတွေးကလေးဟာ ဖျတ်ခနဲ ပျောက်ကွယ်သွားလိုက်... ပြန်ပေါ်လာလိုက်နဲ့ ဖြစ်လိုက်ပျက်လိုက်နဲ့ မတည်မြဲပါဘူး။ ဘာမှ မသေချာမရေရာ မခိုင်မြဲတဲ့ အတွေးကလေးတစ်စက ကျွန်မတို့ရဲ့ စိတ်အကြည်ဓါတ်ကလေးကို နှောင့်ယှက်ခြယ်လှယ်နေတာပါပဲ။ 

ပူပန်တဲ့အတွေးကလေးက နေရာယူထားတဲ့အခါ ပျော်ရွှင်စရာ အကြည်ဓါတ်ကလေးတွေအတွက် နေရာပျောက်ဆုံးသွားသလိုပါပဲ။ အမြဲပူပန်ကြောင့်ကြနေတတ်တဲ့သူတွေကို ကြည့်လိုက်ရင် မပျော်ရွှင်နိုင်မှုစိုးရိမ်သောကတွေဟာ သူ့မျက်နှာပေါ်မှာ ထင်ဟပ်နေပြီး...သူ့အနားမှာရှိနေရင် ပူလောင်မှုလှိုင်းတွေကိုပါ ကူးစက် ခံစားရပါတယ်။ အပူကူးစက်သလိုပါပဲ...။ 

တချို့ဆို ပူပန်ကြောင့်ကြစိတ်တွေလွန်ကဲပြီး ညအိပ်မပျော်နိုင်တဲ့ရောဂါ..Anxiety လို့ ခေါ်တဲ့ စိတ်ပူပန်ကြောင့်ကြရောဂါတွေအထိပါ ရလာတတ်ပါ တယ်။

စိတ်ပူပန်ကြောင့်ကြမှုတွေကို ဘယ်လိုဖြေရှင်းမလဲ...။ ကိုယ့်စိတ်ထဲဝင်လာတဲ့ ပူပန်တဲ့အတွေးတွေကို အတတ်နိုင်ဆုံး ဆက်မတွေးမိအောင် ဖျောက်ကြည့်ပါ။ တခြားစိတ်ချမ်းသာစရာ ပျော်ရွှင်စရာအတွေးတွေနဲ့ အစားထိုးကြည့်ပါ။

အကောင်းဆုံးကတော့ ဝင်လေထွက်လေကလေး ပုံမှန် ရှုမှတ်နေပြီး စိတ်ကိုတည်ငြိမ်နေအောင် လေ့ကျင့်လို့ရပါတယ်။ အတွေးတွေဝင်လာရင် ဝင်လာတဲ့အတွေးကို သတိလေးနဲ့ စောင့် ကြည့်နေရုံပါပဲ။

အတွေးကိုသိလိုက်တာနဲ့ ဒီအတွေးက မရှိတော့ပါဘူး၊ ချုပ်ငြိမ်းသွားတာပါပဲ။ ပြန်ပေါ်...ပြန်မှတ်၊ ထပ်တလဲလဲ လေ့ကျင့်ဖန်များ လာတဲ့အခါ ကိုယ့်အတွေးတွေကို သိသိလာပါတယ်။ သိရုံပဲသိပြီး ဆက်မတွေးဖြစ်တော့ပါဘူး။ မတုံ့ပြန်ဖြစ်တော့ပါဘူး။ ဒီလိုနဲ့ပဲ အတွေးတွေက ကိုယ့်ကိုလွှမ်းမိုးခြယ်လှယ်ပြီး ဖိစီးနှိပ်စက်တာကို မခံရတော့ဘဲ ကိုယ်က အတွေးတွေကို ထိန်းချုပ်ကိုင်တွယ်လာနိုင်ပါ တယ်။

စိတ်ပူပန်ကြောင့်ကြစရာ အာရုံတစ်ခုနဲ့ကြုံလာရင် ဆက်မတွေးဘဲ ရပ်ပစ်လိုက်ပါ။ ဒါမှမဟုတ် အဲ့ဒီအတွေးကို ငြိမ်ငြိမ် သက်သက်ကလေးပဲ စောင့်ကြည့်ပေးပါ။ ဒီအတွေးဟာ ကြာကြာ မနှိပ်စက်နိုင်ဘဲ ပျောက်ကွယ်သွားရစမြဲပါ။

ကိုယ့်အတွက် လုံးဝမလိုအပ်တဲ့ ပူပန်စရာအတွေးတွေက မလိုအပ်တဲ့ဝန်စည်စလယ်တွေ သယ်ပိုးထားရသလိုပဲ လေးလံဖိစီး ထားတတ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့အတွေးတွေကို စွန့်လွှတ်လိုက်ပါ။ ကိုယ့်ခေါင်းထဲကနေ ထုတ်ဖယ်လွှတ်ချလိုက်ပါ။ ပူပန် ကြောင့်ကြမရှိတဲ့စိတ်ဟာ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်ရတဲ့စိတ်ပဲ ဖြစ်ပါတယ်။ 

ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကို ဘယ်လိုအတွေးမျိုးကမှ လွှမ်းမိုးခြယ်လှယ်တာကို မခံပါနဲ့တော့...၊ မလိုအပ်တဲ့ ပူပန်ကြောင့် ကြတွေကို အမှိုက်ပစ်သလိုပဲ စွန့်ပစ်လိုက်ပါ။ တကယ်ပဲ ပျော်ရွှင် လာရပါလိမ့်မယ်။

❤  ဒီနေ့ပျော်ပါ..။ ❤ 🌸 လွန်းထားထား - ဆေးတက္ကသိုလ်  🌸  
ဒီနေ့ပျော်ပါ..စာအုပ်လေး ထွက်နေပါပြီ…။
hard cover (အခန့်-အထူချုပ်) 💸 တန်ဖိုး - ၅၀၀၀ ကျပ် ၊ 
တစ်အုပ်လုံး အရောင်များဖြင့် ဝေဝေဆာဆာ....
📖  (၃၈)ခန်းတိတိ
#လွန်းထားထား
#သောကနဲ့ဝေးရာဆီ..
#ဒီနေ့ပျော်ပါ..
#စိတ်ခွန်အားဖြည့်စာစုများ
#ပျော်ရွှင်ခြင်းစာစုများ
#စာအုပ်ကောင်းများဖတ်ကြမယ် - Aung Myin Publishing

Post a Comment

Previous Post Next Post

Comments