"ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အကျင့်သီလ"
*ဆုံးဖြတ်ချက်တွေ ဘယ်လိုဖြစ်ပေါ်လာသလဲ၊
ဘာက ကိုယ့်ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ပေးသလဲ
ကျွန်တော်တို့တွေ့ နေ့စဉ်နေ့တိုင်း အချိန်တိုင်း၊စက္ကန့်တိုင်းမှာ ဆုံးဖြတ်ချက်တွေ ချနေကြရတယ်။တချို့ဆုံးဖြတ်ချက်တွေက ကြီးကြီးမားမားတွေ၊ တချို့ကတော့ သိပ်မဆန်းတဲ့ နေ့တဓူဝ လုပ်ငန်းဆောင်ရွှက်မှုတွေနဲ့ ပတ်သတ်တာတွေ ဖြစ်တယ်။
ဒါပေမယ့် အဲလိုသာမန်ဆုံးဖြတ်မှုလေးတွေဟာ ကိုယ့်အတွက်သိပ်မကြီးမားဘူး။သိပ်မသိသာတဲ့ အခြေအနေမှာ ရှိတယ်။ဘာလို့လဲဆိုတော့ ကိုယ့်အတွက်
အမြဲလုပ်နေကျအလုပ်တွေနဲ့ ပတ်သတ်တော့ အကျင့်ဖြတ်နေလို့။ကျွန်တော်တို့ စိတ်မှာ အများကြီးနေရာမပေးရဘူး။စိတ်ထဲ အများကြီးထည့်ထားဖို့လည်း မလိုဘူး။
ကိုယ့်ရဲ့ တိုးတက်မှု၊ အခွင့်အရေး၊ အပြောင်းအလဲတစ်စုံတစ်ရာနဲ့ ပတ်သတ်လာရင်တော့ ကျွန်တော်တို့ ချင့်ချင်ချိန်ချိန် လုပ်ဖို့လိုအပ်လာတယ်။သေသေချာချာတွေးဖို့ လိုအပ်လာတယ်။ဆုံးဖြတ်ချက်မြန်တာ ၊ ပြတ်ပြတ်သားသား လုပ်တက်တာတွေက အရည်အချင်းကောင်းတွေလို့ ပြောလို့ရကောင်းပေမယ့် ကိုယ့်ရဲ့ အခြေအနေ၊ ကိုယ်ကျင့်တရားတွေနဲ့ ပတ်သတ်လာရင်တော့ အချိန်ပေးစဉ်းစားဖို့ လိုပါလိမ့်မယ်။
ဆုံးဖြတ်ချက်တွေကို အဓိက လွှမ်းမိုးတဲ့အချက် 2 ချက်ရှိပါတယ်။ခံစားချက်တွေနဲ့ အတွေ့အကြုံအပေါ် အခြေခံတဲ့ အတွေးတွေပဲ ဖြစ်တယ်။
⏹ခံစားချက်လွှမ်းမိုးတဲ့ ဆုံးဖြတ်ချက်တွေ
ကျွန်တော်တို့ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်အတော်များများ မမှန်မကန်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက ကိုယ့်ခံစားချက်တွေအတိုင်း လုပ်လိုက်တက်ကြလို့ပဲ ဖြစ်ပါတယ်။
ခံစားလိုစိတ်က လွန်ကဲလာရင်၊ ခံစားချက်တွေ သိပ်ပြင်းထန်လာရင် မစဉ်းစားနိုင်ကြတော့ဘူး။အဲလိုခံစားချက်တွေကတော့ ပျင်းရိတာ၊ ကိုယ်သိပ်ကြိုက်တဲ့အစားအသောက်တစ်ခုခုဟာ ကိုယ့်ကျန်းမာရေးအတွက်မကောင်းတာ သိပေမယ့် အလွန်အကျွံစားတာ၊ တက်မက်စိတ်ကြောင့် မချစ်သင့်တဲ့လူတစ်ယောက်ကို မစွန့်လွှတ်နိုင်တာ၊ မူးယစ်ဆေးဝါး စွဲတာ၊ စသဖြင့် ကျွန်တော်တို့ကို တစ်ခုခု ထိခိုက်ပျက်ဆီးစေတဲ့ အလုပ်တွေကို လုပ်မိနေတက်တာဟာ ကိုယ့်ခံစားချက်အလိုကိုလိုက်ပြီး မှားယွင်းတဲ့ အဆုံးအဖြတ်တွေ လုပ်မိနေတာပဲ ဖြစ်ပါတယ်။
ခံစားချက်ကို ဦးစားပေးလွန်းရင် မှန်ကန်တဲ့ အလုပ်တွေကို လုပ်ဖြစ်မိဖို့ ခက်ပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ခံစားချင်တဲ့၊ ပိုင်ဆိုင်ချင်တဲ့အရာတွေဟာ ခဏတာ သာယာမှုတွေ၊ ရေတို စိတ်ကျေနပ်မှုတွေအပေါ် အခြေခံတာတွေ များနေကြလို့ပါပဲ။ဒါကလည်း လူ့သဘာဝတစ်ခု ဖြစ်မယ်ထင်တယ်။မကောင်းမှုမှာ မကောင်းမှန်းသိလျက်နဲ့ လုပ်ဖြစ်နေမိတာ၊မကောင်းတာ သိလျက်နဲ့
မစွန့်လွှတ်နိုင်တာ။
⏹ အတွေ့အကြုံတွေက ပေးတဲ့ ဆင်ခြင်ဆုံးဖြတ်မှု
ဦးဇောတိက က သူ့ရဲ့ ကိုယ်ကျင့်တရားမြင့်မားစေရန် သတိဖြင့်နေထိုင်ခြင်း စာအုပ်မှာ ယခုလိုရေးထားတယ်။
"လူဆိုတာ ဘယ်လိုအလုပ်မျိုးကိုပဲ လုပ်လုပ် မိမိလုပ်တဲ့အလုပ်ကြောင့် ကိုယ့်ကိုယ်ကိုယ် ပူဇော်နိုင်ရမယ်၊လေးစားနိုင်ရမယ်"
ကိုယ့်ကိုယ်ကိုယ် ပူဇော်နိုင်ရမယ်ဆိုတာ ကိုယ်တစ်ခုခုဆုံးဖြတ်လိုက်တဲ့အခါ အဲဒီဆုံးဖြတ်ချက်ဟာ နောင်တစ်ချိန်မှာ ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိတာ သိပ်ကိုကောင်းတာပဲ။ တကယ်ငါလုပ်သင့်လုပ်ထိုက်တာကို လုပ်နိုင်ခဲ့တာပဲ ဆိုတဲ့အသိမျိုး ကျန်ခဲ့ရမယ့် ဆုံးဖြတ်ချက်မျိုး ဖြစ်တယ်။
မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေဟာ တစ်ခါတလေ အရမ်းခက်ခဲပြီး ဘေးကြပ်နံကြပ်အခြေအနေမျိုးတွေမှာ
တိတိကျကျ ချမှတ်နိုင်ဖို့ မလွယ်ပါဘူး။ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ဓာတ်အရည်အသွေး၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့
သဘောထားကောင်းမွန်မှုကို ကိုယ်စားပြုမယ့်ဆုံးဖြတ်ချက်မျိုးကို ချလိုက်ဖို့ကတော့ သိပ်မခက်ပါဘူး။
မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုတာ အတွေ့အကြုံကောင်းတွေကနေ လာတာ၊ အတွေ့အကြုံကောင်းဆိုတာ
မှားယွင်းစွာ ဆုံးဖြတ်မိခဲ့ခြင်းတွေကနေ ဖြစ်လာတာလို့ ကျွန်တော်စာအုပ်တစ်အုပ်မှာ မှတ်သားဖူးတယ်။
ဆိုလိုတာက ဘယ်သူကမှ ပြီးပြည့်စုံတဲ့ အတွေ့အကြုံတွေ၊ အရားအားလုံးခြောက်ပစ်ကင်းတဲ့ဘဝကိုတော့ အမြဲပိုင်ဆိုင်မနေကြပါဘူး။လက်ရှိမှာ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်တယ်ဆိုတာ အရင်တုန်းက မှားခဲ့တဲ့ အမှားတွေ၊ခံစားချက်အတိုင်း လိုက်လုပ်ခဲ့မိတဲ့ နာကျင်စရာ အဖြစ်အပျက်တွေကနေ သင်ယူခဲ့ရလို့သာ ဖြစ်ပါလိမ့်မယ်။
* ကိုယ်ကျင့်တရားအပေါ် အခြေခံတဲ့ ဆုံးဖြတ်ချက်များ
ချမှတ်နိုင်ဖို့
"ကိုယ်ကျင့်သီလနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ရဲ့
စိတ်ဆန္ဒတောင့်တမှုဟာ ပြည့်စုံတယ်။ဘာလို့လဲဆိုတော့
သူရဲ့ စိတ်သဘောထားက သန့်ရှင်းစင်ကြယ်နေလို့ပါပဲ"
ပါချုပ်ဆရာတော်ကြီး
ကျွန်တော်အရင်က ကိုယ့်ရဲ့ အပြုအမူနဲ့ အကျင့်သီလတွေအပေါ် အဓိက လွှမ်းမိုးတာဟာ ကိုယ်ပိုင်တန်ဖိုးထားမှုတွေ၊ စံတွေ ဖြစ်ကြောင်းရေးခဲ့ဖူးပါတယ်။တန်ဖိုးတွေဟာ သိပ်အရေးကြီးပါတယ်။ခိုင်မာတဲ့ တန်ဖိုးတွေဟာ ကိုယ်တစ်ဘဝလုံး လုပ်ကိုင်ဆုံးဖြတ်သမျှ၊ တွေးတောကြံစည်သမျှတို့အပေါ် ကြီးကြီးမားမား လွှမ်းမိုးနိုင်ပါတယ်။
ကိုယ့်ခံစားချက်တွေအရ ဖြစ်စေ၊ တခြားသူတစ်ယောက်က တိုက်တွန်းလို့ ဖြစ်စေ၊ အခြေအနေတွေက ဒီလိုဆုံးဖြတ်မိဖို့ အလေးပေးသည်ဖြစ်စေ ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်သီလကို ထိခိုက်စေမယ့် ဆုံးဖြတ်ချက်မျိုး၊ အပြုအမူမျိုးကို မလုပ်ဘူးဆိုတဲ့ ပြတ်သားမှုဟာ လေးစားစရာ ကောင်းတဲ့ သူတော်ကောင်းတွေရဲ့ အရည်အချင်း ဖြစ်ပါတယ်။
ကိုယ့်ဆုံးဖြတ်ချက်တွေကိုလည်း မှန်ကန်ချင်တယ်။နောင်တမရချင်ဘူး။ကိုယ့်စိတ်ထဲမှာလည်း ကြည်လင်ပြီး အမြဲလိပ်ပြာသန့်နေချင်တယ်ဆိုရင် ကျွန်တော်တို့ ဘယ်အလုပ်ကိုပဲ လုပ်လုပ် ပေါ့ပေါ့ဆဆမလုပ်ပဲ အသေအချာစဉ်းစားပြီးမှ လုပ်သင့်ပါတယ်။ကိုယ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှုတိုးစေမှာလား၊ ယုံကြည်မှုတိုးစေမှာလား၊ ပြီးတော့ ဒီလိုငါလုပ်လိုက်ရင် ငါ့ကိုယ်ငါတကယ်ပဲ ပိုပြီးကောင်းမွန်သန့်ရှင်းတဲ့လူတစ်ယောက်လို့ ခံစားရမှာလား စသည်ဖြင့် တွေးပြီးမှ လုပ်သင့်ပါတယ်။
အဲလို လုပ်နိုင်မယ်ဆိုရင် ကိုယ်ဆုံးဖြတ်တဲ့ ကိစ္စတွေဟာ တခြားသူတွေအားလုံးက ကြိုက်ချင်မှ ကြိုက်လိမ့်မယ်၊ သဘောတူချင်မှတော့ တူလိမ့်မယ်။ဒါပေမယ့် ကိုယ့်ရဲ့မှန်ကန်တဲ့ တန်ဖိုးတွေအတိုင်း ဆုံးဖြတ်လိုက်တာ ဖြစ်လို့ စိတ်ကျေနပ်မှု၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကတော့ တိုးတက်လာမှာ ဖြစ်ပါတယ်။
ကိုယ့်ဆုံးဖြတ်ချက်တွေဟာ နောင်တစ်ချိန် အဲ့ဒီဆုံးဖြတ်ချက်တွေကြောင့် ပြန်လာမယ့် အကျိုးဆက်တွေ
အပေါ် ဘယ်လောက်နှစ်သက်နိုင်သလဲဆိုတဲ့အပေါ် မူတည်ပြီး မှန်ကန်မှု ဖြစ်ပေါ်တယ်။အကျိုးဆက်တွေကို
မကြိုက်ရင် ကိုယ်အရင်က ဆုံးဖြတ်ခဲ့တာတွေကလည်း
မှားယွင်းနေမှာ ဖြစ်တယ်။
အချိန်တိုင်းမှာ ကျွန်တော်တို့ရွေးချယ်လိုက်တာတွေဟာ ကိုယ်ဘယ်သူလဲ၊ ကိုယ့်စရိုက်က ဘာလဲဆိုတာကို ဖော်ပြပေးနေမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကောင်းမွန်တဲ့
အကျင့်သီလနဲ့ ပညာကို ထိန်းသိမ်းချင်တဲ့သူ၊ တိုးတက်ချင်တဲ့သူဟာ ဘာကိုပဲလုပ်လုပ် ၊ ဘာကိုပဲပြောပြော စိတ်လိုက်မာန်ပါ မလုပ်မိဖို့ ကြိုးစားရမယ်။
အကျင့်သီလဟာ သူတစ်ယောက်ရဲ့ အသက်လိုပဲ အရေးကြီးပါတယ်။ အကျင့်ပျက်နေတဲ့သူဟာ လူရာမဝင်တဲ့သူလည်း ဖြစ်သလို လူမပီသတဲ့သူလည်း ဖြစ်ပါတယ်။ဒါကြောင့် မိမိရဲ့ စိတ်မှာ တစ်ခုခုကို ဆုံးဖြတ်လိုက်တိုင်း မှားနေရင်တောင် သတိလေးနဲ့ ပြင်ဆင်ပြီး
သင့်တော်တဲ့ ရွေးချယ်မှုမျိုးလုပ်ဖြစ်အောင် အတက်နိုင်ဆုံး ပြုပြင်နေထိုင်သင့်ပါတယ်။
photo crd

إرسال تعليق