လူ့အဖွဲ့အစည်းဟာ စိတ်နှလုံးနူးညံ့ပြီး ၊ကြင်နာတတ်တဲ့လူတွေကို အနိုင်ကျင့်လေ့ရှိတယ်။

လူ့အဖွဲ့အစည်းဟာ စိတ်နှလုံးနူးညံ့ပြီး ၊ကြင်နာတတ်တဲ့လူတွေကို အနိုင်ကျင့်လေ့ရှိတယ်။


ဗန်ဂိုးဟာ သူ့အခြေအနေသိပ်မဆိုးခင် နယ်သာလန်မှာနေတုန်းက( Sein )စိမ်းဆိုတဲ့ ကိုယ်ဝန်ဆောင် ပြည့်တန်ဆာမကို သူနဲ့အတူခေါ်ထားပြီးစောင့်ရှောက်ဖူးတယ်။ 
အဲ့ဒီသားအမိရဲ့ပုံကို ပန်းချီရေးတယ်။ ဗန်ဂိုးနဲ့စိမ်းရဲ့ ဆက်ဆံရေးကို ဗန်ဂိုးမိသားစုအသိုင်းအဝိုင်းက သဘောမကျဘူး။ အထောက်အပံ့တွေဆုံးရှုံးရမလိုဖြစ်တယ်။ ဗန်ဂိုးရဲ့စိတ်ရောဂါက အဲ့ဒီကစတယ်။
စိမ်းဟာ ဗန်ဂိုးနဲ့လမ်းခွဲပြီးတော့ပြည့်တန်ဆာဘဝကိုပဲ ပြန်ရောက်သွားတယ်။

ဗန်ဂိုးဟာနောက်ထပ်အချစ်ရေးတွေမှာလည်း ကံမကောင်းဘူး။ စိတ်ရောဂါဖြစ်နေတဲ့သူ့ကို နားရွတ်ဖြတ်ပေးဖို့ရွှတ်နောက်နောက်လုပ်တဲ့ ပြည့်တန်ဆာမနဲ့ပဲထပ်ကြုံတယ်။ သူကလည်းနားရွက်တကယ်ဖြတ်သွားပေးတယ်။ 
ပန်းချီဆရာငမွဲမို့လို့  ဂုဏ်တုဂုဏ်ပြိုင်အမျိုးသမီးတွေနားကပ်မရဘဲ ပြည့်တန်ဆာမတွေအနားပဲ ရောက်ခဲ့တယ်နဲ့တူပါတယ်။

ဒေါက်တာဂါးချက်ရဲ့သမီးကတော့ ချွင်းချက်ပေါ့။
ဗန်ဂိုးမသေခင် နောက်ဆုံးရက်၇၀မှာ ပြင်သစ်ပြည် မြစ်ကမ်းနားက အိုဗယ်ဆုဝါးစ်ဆိုတဲ့ ရွာလေးမှာပန်းချီသွားရေးတယ်။ စိတ်ရောဂါကုဆေးရုံက ဆင်းခါစ ရက်၇၀မှာ ပန်းချီကား၇၈ကားတောင်ရေးခဲ့တယ်။ တစ်နေ့တစ်ကားတောင်မကဘူး။ ပန်းချီဆရာတွေဟာ သူတို့စိတ်အဆင်ပြေတဲ့ အနေအထားမှာမှ ပန်းချီတွေအများကြီးရေးနိုင်တာမဟုတ်လား။ သီအိုဆီရေးတဲ့ နောက်ဆုံးစာတွေထဲမှာလည်း သူ့စိတ်တွေငြိမ်းချမ်းနေတဲ့အကြောင်းပါတယ်။ ရွာလေးရဲ့ အလှအပတွေကိုလည်းသူချစ်တယ်။

ရွာကလူတွေကတော့ သူ့အပေါ်ကောင်းလှတာမဟုတ်ဘူး။ဗန်ဂိုးကိုကုပေးတဲ့ ဒေါက်တာဂါးချက်ဆိုတဲ့လူကလည်း အနုပညာဝါသနာပါတဲ့ဆရာဝန်။ ဆရာဝန်တွေကလည်း ထုံးစံအတိုင်း သူ့တို့သိ သူတို့တတ် အင်မတန်ဆရာလုပ်ကြတာ။ ဒေါက်တာဂါးချက်က ‌ဗန်ဂိုးပန်းချီရေးနေချိန်ဆိုဝင်ဝင်ရှုပ်တယ်။ ဆရာလုပ်တယ်။ ဒီတော့စကားများကြရော။ 
ခဗျား အနုပညာအကြောင်းဘာမှမသိပါဘူးဆိုပြီး ဗန်ဂိုးက ဂါးချက်ကိုပြောတယ်။

ဂါးချက်က ဆရာဝန်မပီသတဲ့စကားတစ်ခုပြန်ပြောတယ်။ ဗန်ဂိုးရဲ့ညီ သီအိုက ကာလသားရောဂါ အဆင့်သုံးရောက်နေပြီဖြစ်တဲ့အကြောင်း၊ ဗန်ဂိုးဟာ လူတွေရဲ့ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း ပြောချလိုက်တာ။
ဗန်ဂိုးရဲ့ ငြိမ်းချမ်းတဲ့စိတ်တွေဟာ အောက်ဆုံးကိုထိုးကျသွားတော့တာပဲ။

သူ့ကိုကြင်နာတာ သူ့ညီသီအိုတစ်ယောက်ထဲရှိတာ။ ဗန်ဂိုးရေးသမျှပန်းချီကားတွေကို သီအိုက ဒိုင်ခံဝယ်ပေးခဲ့တယ်။ ဈေးကောင်းပေးတာတော့ မဟုတ်ဘူး။ စားဝတ်နေရေးကို ပန်းချီကားဝယ်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ထောက်ပံ့တဲ့သဘောပဲ။

ဗန်ဂိုးက ဒေါက်တာဂါးချက်ရဲ့သမီးနဲ့ လှေတွေဘာတွေတူတူစီးတယ်။ လှေသမားကတော့ သူတို့နှစ်ယောက်ကို သမီးရည်းစားဖြစ်နေတယ်ပဲထင်တာ။ တကယ်ဖြစ်ချင်လည်းဖြစ်နေမှာပေါ့။ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ဒေါက်တာဂါးချက်ကသဘောမတူဘူး။ စိတ်ရောဂါသည်ပန်းချီဆရာငမွဲကို သူ့သမီးနဲ့သဘောမတူတာ သိပ်တော့မဆန်းပါဘူး။

ဗန်ဂိုးပန်းချီရေးနေချိန်ဆို ကလေးတွေကလည်း မလေးစားဘူး။ ခဲနဲ့ပေါက်ကြတယ်။ တစ်ချို့လူငယ်တွေက ဗန်ဂိုးရဲ့ဆေးဗန်းထဲ မြွေတွေထည့်ပြီးစတယ်။ ဗန်ဂိုးက လူတွေကိုရန်ပြုတတ်တဲ့လူမဟုတ်ဘူး။ သူ့ကိုအနိုင်ကျင့်နေကျ အမူးသမားဆိုးသွမ်းလူငယ်တွေနဲ့ပဲ တည့်အောင်ပေါင်းရတော့တယ်။ 

သူတည်းတဲ့အိမ်ရဲ့ အဖိုးကြီးမှာသေနတ်တစ်လက်ရှိတယ်။ အဲ့ဒီသေနတ်ကို ဆိုးသွမ်းလူငယ်ဆီ ဌက်ပစ်ဖို့ရောင်းလိုက်တယ်။

ဗန်ဂိုးမှာ ဘယ်တုန်းကမှ သေနတ်တစ်လက်မရှိခဲ့ဖူးဘူး။

သေနတ်ရှိနိုင်တဲ့လူတွေဆိုလို့ အဲ့ဒီရွာမှာ ဒေါက်တာဂါးချက်ရယ်၊ ပုလိပ်အဖိုးကြီးရယ်၊ ဆိုးသွမ်းလူငယ်ရယ်၊ အဲ့ဒီသုံးယောက်ပဲ။

ဗန်ဂိုးကိုသေနတ်ထိတဲ့နေ့က သူပန်းချီရေးတဲ့နေရာကနေ သူတည်းတဲ့အိမ်ဆီ ကတိမ်းကယိမ်းနဲ့ပြန်လျှောက်လာနိုင်သေးတယ်။
အိမ်ရှင်သားအဖက အိပ်ခန်းပေါ်တွဲတင်ပေးတယ်။ ပြီးတော့ဒေါက်တာဂါးချက်စိတ်ဆိုးမာန်ဆိုးနဲ့ရောက်လာတယ်။
ဗန်ဂိုးဟာ သူ့ဗိုက်ထဲကကျည်ဆံကိုထုတ်ပေးပါ။ သူနာလှပါပြီလို့တောင်းပန်တယ်။ ဒေါက်တာဂါးချက်က ထုတ်မပေးခဲ့ဘူး။ ဆေးရုံကိုလည်းအချိန်မီမပို့ခဲ့ကြဘူး။ ပုလိပ်အဖိုးကြီးရောက်လာပြီး ဗန်ဂိုးကိုအမှုစစ်တယ်။ သေနတ်ကိုလုံးဝရှာမတွေ့ခဲ့ဘူး။ သူအပစ်ခံရတဲ့နေရာနားမှာလည်း သေနတ်ရှိမနေဘူး။ သူ့ပန်းချီပစ္စည်းတွေလည်းရှိမနေဘူး။ 

ကိုယ့်ကိုယ်ကိုယ်သတ်သေချင်တဲ့လူက လဲကျရာကပြန်ထပြီး ဘာလို့လမ်းလျှောက်ပြန်လာမလဲ။ မသေသေးရင် သေနတ်ပြန်ကောက်နားထင်ကိုပစ်ချလိုက်လို့ရနေတာပဲ။ 
ဘာကြောင့်အစာအိမ်လဲ။ ကိုယ့်ဘာကိုယ်မောင်းဖြုတ်ဖို့နိမ့်လွန်းမနေဘူးလား။ 
အနီးကပ်ပစ်တာဘာကြောင့်ထုတ်ချင်းမပေါက်သွားလဲ။ ကျည်ဆံကဘာလို့ဗိုက်ထဲမှာရှိနေသလဲ။ ပုလိပ်အဖိုးကြီးကရော လူနာကိုဘာလို့ဆေးရုံမပို့ရသလဲ။

ဗန်ဂိုးဟာ သေနတ်မှန်ပြီး ‌နှစ်ရက်အကြာမှသေတယ်။ သူ့ညီသီအိုဗန်ဂိုးလာတဲ့အထိ သူ မသေသေးဘူး။ သီအိုရောက်ချိန်မှာ အခြေနေတော့တော်တော်ဆိုးနေပြီ။ 

ဗန်ဂိုးသေပြီးတော့ သူ့ရဲ့အုတ်ဂူမှာ ဒေါက်တာဂါးချက်ရဲ့သမီးက မကြာခဏပန်းစည်းလာချလေ့ရှိတယ်။

ဗန်ဂိုးဟာ လူ့အဖွဲ့စည်းကိုချစ်ခဲ့ပါတယ်။ သူနောက်ဆုံးနေခဲ့တဲ့ရွာလေးကအစပေါ့။
လူ့အဖွဲ့စည်းကသာ သူ့ဆီကအမြတ်ထုတ်သွားကြတာ။ သူသေတော့ပန်းချီကားတစ်ချို့ကို ဂါးချက်ကလာသိမ်းသွားတယ်။

အသက်ရှိစဉ်ကစောက်ဖက်မလုပ်ကြတဲ့ အနုပညာအသိုင်းအဝိုင်းဆိုတဲ့လူတွေကလည်း သူသေမှဘုန်းတော်ဘွဲ့တွေရေးကြတယ်။ အသက်ရှင်စဉ်က ပန်းချီကားတစ်ကားမှ မဝယ်ခဲ့တဲ့လူတွေကလည်း သူသေမှ သူ့ပန်းချီကားတွေကို အလုအယက်ဝယ်ကြတယ်။ 

ဒီတိုင်းပြည်က လက်မှတ်ရူးတွေနဲ့လည်းတူပါ့။

လူ့အဖွဲ့အစည်းဟာ စိတ်နှလုံးနူးညံ့ပြီး ၊ကြင်နာတတ်တဲ့လူတွေကို အနိုင်ကျင့်လေ့ရှိတယ်။

🖕
Source : Yan Paing

Post a Comment

أحدث أقدم

Comments