ကျန်ခဲ့တာလား
ချန်ခဲ့တာလား
ကိုယ်တိုင်တောင် ဝေခွဲမရခင်လေးမှာပဲ
တဖြည်းဖြည်း ငါတို့ ဝေးသွားလိုက်ကြတာ
ကမ္ဘာခြားသွားသလိုပါပဲ
မြဲလှပြီထင်တဲ့ သံယောဇဉ်ကြိုး
နှစ်ဖက်လုံး ဆွဲထားလည်း တင်းလွန်းရင် ပြတ်တာပါပဲလေ
ဒါတင်ပဲ မဟုတ်ပါဘူး
တစ်ဖက်က မဆွဲဘဲ လွှတ်ချပြန်ရင်လည်း
ကျန်တစ်ဖက် အားနဲ့ဆွဲရင် ပက်လက်လန်ရတာပဲလေ…
ချည်ပြီး မြဲနေလည်း
တစ်ဖက်က
ချစ်လို့ ချည်တယ်ပဲ မြင်ရင်တော်တယ်
ချုပ်နှောင်တယ်ထင်ရင် ပိုခက်လိမ့်မယ်
ချစ်စက ရစ်နှောင်တာ ကြိုက်သလောက်
အချိန်ကြာလာတာနဲ့အမျှ
တွယ်တာတာကို အပြစ်ရှာလာတဲ့အခါ
ရစ်နှောင်ဖွဲ့တဲ့သူကိုပဲ အပြစ်မဆိုပါနဲ့
မင်းသာ အစက တွယ်ရစ်ခွင့် မပေးခဲ့ရင်
ငါလည်း
အချိန်ကြာလာတာနဲ့အမျှ
ခိုင်ခိုင်မြဲမြဲ
ခုလို ငြိတွယ်မှာ မဟုတ်ခဲ့ပါဘူးကွယ်….။
ဆြာချစ်
(၂၀၂၃ ဇန်နဝါရီ ၁၅)

Post a Comment