ကံမကုန်ရင်လဲ ... ရှင်နဲ့ ပြန်မဆုံချင်တော့ပါဘူး ....
လွမ်းတယ်လို့ အော်နေပေမယ့် ပြန်လိုချင်နေတာမဟုတ်ဘူး ။ လွမ်းနေရုံပါ အရင်တုန်းကလို အခြေအနေမျိုးကို ဒီတစ်သက် ဘယ်တော့မှ ပြန်မလိုချင်တော့ဘူး ။ ငိုရတဲ့ မျက်ရည်တွေဟာလဲ ခမ်းခဲ့ပါပြီ ။ ပြုံးတတ်တဲ့ နှုတ်ခမ်းတွေဟာလဲ မဲ့ခဲ့ပါပြီ ။ ဒီဘ၀တော့ ဒီလောက်နဲ့ လုံလောက်ပြီလို့ပဲ ထင်ပါတယ် ။
၀ဋ်ကြွေး ကုန်လို့ပဲ ဝေးဝေး ရေစက်ကုန်လို့ပဲ ဝေးဝေး ဘာကြောင့်ပဲ ဝေးဝေးပါ ... ကံမကုန်ရင်တော့ ဒီတစ်သက် ရှင်နဲ့ ဘယ်တော့မှ ပြန်မဆုံချင်တော့ပါဘူး ။ ပျော်မယ်ထင်လို့ လျှောက်တဲ့လမ်းမှာ တကယ်လဲ ပျော်ပါစေ ။ ငိုခဲ့ရတဲ့ ကျွန်မ ရဲ့ ၀ဋ်တွေ ရှင့်ဆီ ပြန်မလည်လာပါစေနဲ့ဆိုတာကတော့ တကယ့်ဆုတောင်း ကိုယ့်လို ခံနိုင်ရည် မရှိလောက်ဘူးလေ ။
သံသရာတကွေ့ ဆုံခဲ့ပြီးသွားပြီ ... သံသရာအဆုံးထိ မငိုချင်တော့ပါဘူး ။ ပျော်ခဲ့ရတာတွေအတွက် ကျေးဇူးတင်နေမှာဖြစ်သလို နာကျင်စေတာတွေ အတွက်လဲ ခွင့်လွှတ်ပါတယ် ။ လွမ်းတယ်လို့ ကျွန်မ အော်နေပေမယ့်လဲ ရှင့်ကို လှမ်းခေါ်နေတာ မဟုတ်ဘူးနော် ။ စိတ်ချလက်ချသာ သွားပါ ကျွန်မလဲ ခုမှ လွတ်လပ်စလေး ဖြစ်လာတာ ။
လူနှစ်ယောက် ... ခွဲခွါခြင်းတွေမှာ တချို့တွေကတော့ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ဆိုတဲ့ စကားလေးသုံးကြတယ် ။ ကျွန်မကတော့ ကံမကုန်သေးရင်တောင် ရှင်နဲ့ ဘယ်တော့မှ ပြန်မဆုံချင်တော့ဘူး ။
#မိန်းမသားတို့အတွက်
#သျှင်ယွန်း

Post a Comment