အစိမ်းသေ သွေးစုပ်ဖုတ်ကောင်(စ/ဆုံး)

အစိမ်းသေ သွေးစုပ်ဖုတ်ကောင်(စ/ဆုံး)
~~~~~~~~~~~~~~~~~~~~~~~
မူရင်းရေးသူ နတ်စက်ရှိန်


ညက ဘုန်းကြီးကျောင်းသား သာဂိ ကိုရင်ကြီး 
ဦးဝိမလနှင့် အတူသွားအိပ်သည်။
ဟောဒီမနက်ကျတော့ အသက်ပျောက်လျက်
ရှိချေပြီ။သွေးစုတ်ဖုတ်ကောင်က သွေးစုပ်သွားသည်ဟု
ပြောကြသည်။ဖြူလျော်လျော် ပျော့ခွေနေပြီး
တစ်ကိုယ်လုံး သွေးတွေ မရှိတော့။

"ဒါကြောင့် ပြောကြတာပေါ့ ကိုရင်ကြီးဝိမလကို
သူ့ရွာကလူတွေက သွေးစုပ်ကောင်ကြီးပါလို့"

"သူ့ရွာဘုန်းကြီးကျောင်းက လက်မခံတာကို
တို့ရွာဘုန်းကြီးကျောင်းက ဘာလို့ လက်ခံရတာလဲ"

ကိုရင်ကြီး ဦးဝိမလသည် ငယ်ဖြူမဟုတ်။
အသက်ကြီးမှ သင်္ကန်းဝတ်၍ ပါဒကြီးရွာကျောင်းသို့
ရောက်လာသော တောထွက်ကိုရင်ကြီး။
သာဂိကိစ္စနှင့် ပတ်သတ်ပြီး ရွာခံတွေက 
ဝေဖန်ကြသည်။

ဦးဝိမလ လူ့ဘဝငယ်နာမည်က ဦးဝင်းမောင် ဖြစ်ပြီး
အသက် ၅၀ ကျော်အရွယ်တွင် ဇနီးဖြစ်သူ ဒေါ်လှမြင့်
သေဆုံးသွား၍ သားသမီးတွေက အိမ်မှာမထားဘဲ
မကောင်းကျောင်းပို့ သဘောနှင့် သင်္ကန်းစည်းပေးကာ
ဘုန်းကြီးကျောင်းသို့ ပို့လိုက်ကြသည်။

ဦးဝင်းမောင် ဘဝပြောင်း ဦးဝိမလ မူလနေထိုင်ရာရွာမှာ
ယခု သူရောက်ရှိနေသော ပါဒကြီးရွာ ဘုန်းကြီးကျောင်းမဟုတ်။

ကျောက်တန်းမြို့နယ်တွင်းရှိသော 'အဒွတ္တော'ရွာမှ
ဖြစ်သည်။သူဌာနေဖြစ်သော အဒွတ္တောရွာ ဘုန်းကြီးကျောင်းက
လက်မခံသဖြင့် ပါဒကြီးရွာသို့ ရောက်လာခဲ့ခြင်းပင်။

အဒွတ္တောရွာတွင် ဦးဝင်းမောင်သည် ခြံမြေစိုက်ပျိုး၏။
ဇနီးဖြစ်သူ ဒေါ်လှမြင့်နှင့် သားနှစ်ယောက် သမီးတစ်ယောက်
ရရှိခဲ့ပြီး ယခုအခါ သားတွေ သမီးတွေမှာ အိမ်ထောင်ရက်သားကျလျက်
မြေးမြစ်တွေပင် ရနေလေပြီ။

သားသမီးအိမ်ထောင်သည်တွေလည်း အိမ်ခွဲနေကြပြီး
ကိုယ့်ခြံကိုယ့်ယာနှင့် စိုက်ပျိုးနေနိုင်ကြသည်။
ဦးဝင်းမောင်နှင့် ဒေါ်လှမြင့်တို့ လင်မယားနှစ်ယောက်သည်
မူလသူတို့ပိုင်ခြံမှာ သခွါး ဗူးချိန်ဗူး ခဝဲချိန်ခဝဲ
ရာသီပင် သီးနှံများ စိုက်ပျိုးနေခဲ့သည်။

ခြံယာမြေမှာလည်း မူလ ဆယ့်နှစ်ဧကကို
သားနှင့်သမီးအား ငါးဧကစီခွဲဝေပေးထားလိုက်ရ၍
နှစ်ဧကသာ ကျန်ပြီး အဘိုးကြီး အဘွားကြီး
တစ်ပိုင်တစ်နိုင် စိုက်စားနေကြသည်။
ထိုနှစ်ဧက သူပိုင်သောခြံကြီးထဲမှာ ဦးဝင်းမောင်အတွက်
ရာဇဝင်တွင်သော ထန်းပင်ကြီးရှိ၏။

ဦးဝင်းမောင်က မူလကတည်းက မိရိုးဖလား
ခြံသမားမို့ လုပ်ငန်းကျွမ်းကျင်သည်။
ထိုနှစ်ဧကလောက်မှာပင် စားနိုင်သောက်နိုင်
လှူနိုင်တန်းနိုင် ဝင်ငွေရအောင် စိုက်ပျိုးနိုင်သဖြင့်
အဘိုးကြီး အဘွားကြီး လင်မယားနှစ်ယောက်
အဆင်ပြေပြေ နေနိုင်ခဲ့သည်။

သို့ရာတွင် တစ်ညနေတွင် ဦးဝင်းမောင်ကို
မြွေပွေးကိုက်လိုက်သည်။

"အား"

အဆိပ်အင်မတန်ပြင်းသော မြွေပွေးသစ်နက်ကွက်ကြီး။
ဦးဝင်းမောင် ခြေဖဝါးကိုက်ပြီး ဆွဲခါလိုက်သလို
ခံစားလိုက်ရသည်။

လက်ထဲမှာ ပေါက်တူးကြီး ရှိပါလျက် ပြန်မခုတ်နိုင်။
နေရာမှာတင် မူးခနဲ မိုက်ခနဲဖြစ်ပြီး လဲကျသွား၏။
လမ်းပင် မလျှောက်နိုင်။ခြံထောင့်တွင်ရှိသော 
ထန်းပင်ကြီးခြေရင်းသို့ လိမ့်ထွက်သွား၏။
ထန်းမြစ်တွေကို မျက်နှာအပ်ပြီး အသက်ထွက်သွား၏။
ဦးဝင်းမောင် မြွေကိုက်၍ သေပြီ

XXXX

သူ့အပေါ်ကို ထန်းပင်ပေါ်က သရဲကြီးထိပ်နီ 
ဆင်းလာပြီး ရင်ဘတ်ပေါ် တက်ခွသည်။ 
ညအခါ လသာသာနှင့်ဖြစ်၍ သရဲကြီးထိပ်နီကို
သူမြင်နေရသည်။

သရဲကြီးထိပ်နီအကြောင်း သူ့အဘိုးတွေ အဖေတွေ
ပြောပြထားသည်ကို သူသိနေလေပြီ။
သူတို့ မိဘဘိုးဘွားပိုင် ဤခြံကြီးနှင့် သရဲကြီး
ထိပ်နီမှာ ရာဇဝင် ရှိထား၏။

သရဲကြီးထိပ်နီသည် ဦးဝင်းမောင် အဘိုးလက်ထက်တည်းက
မွေးထားသော သရဲကြီး။
ခြံကြီးထဲမှာ ရှိနေသော ထန်းခြောက်ပင်အနက်
အမြင့်ဆုံးထန်းပင်ကြီးမှာ နေသည်။

ဦးဝင်းမောင်အဘိုးခြံထဲရှိ ထန်းရေအကောင်းဆုံးထွက်သော
ခံထားသော ထန်းရေကို ညနက်လျှင်
တက်၍ ခိုး ခိုးသောက်ရာက ထန်းပင်ပေါ်က
ဦးစိုက်ကျပြီး အသေဆိုး သေခဲ့ရာက မကျွတ်မလွတ်
ဖြစ်နေသော ကြွက်နီဆိုသော လူဆိုးကြီး။

ကြွက်နီခေါင်းမှာ မြေပြင်ပေါ် ဦးစိုက်ကျ၍
ဟက်တက်ကွဲပြီး သွေးတွေဖြိုင်ဖြိုင် ကျရာက
သေဆုံးသွားခဲ့၍ သရဲကြီးထိပ်နီဟု နာမည်တွင်သွားသည်။

ကြွက်နီတစ်ဖြစ်လည်း သရဲကြီးထိပ်နီ မကျွတ်မလွတ်နိုင်
ဖြစ်ရသည်မှာလည်း ဦးဝင်းမောင်၏အဘိုး
ဦးမိုးကြီး၏ အစီအရင်ကြောင့် ဖြစ်၏။

"ကြွက်နီရေမင်း ငါ့ခြံထဲက ထန်းပင်တက်ပြီး
ထန်းရည်ခိုးသောက်ရင်း လိမ့်ကျသေရတာဆိုတော့
အဲဒီထန်းပင်မှာနေပြီး ထန်းရည်လည်း
ဆက်သောက် ငါ့ခြံကိုလည်း စောင့်ရှောက်ပေါ့ကွာ
ဟုတ်လား"

ထိုသို့ ပိုင်ရှင်ကတစ်ဆင့် အပိုင်စားရလာသော
ကြွက်နီက ညကျတော့ ဦးဝင်းမောင်အဘိုးအား
အိပ်မက်လာပေးသည်။အိပ်မက်ထဲမှာ ခေါင်းကြီး
ဟက်တက်ကွဲပြီး သေခဲ့ရသဖြင့် တစ်ခေါင်းလုံး
သွေးတွေနှင့် နီရဲနေသဖြင့် ထိပ်နီကြီးဟု
နာမည်တွင်သွားသည်။

"မင်းခြံကြီးတစ်ခြံလုံးကို နှစ်ပေါက်အောင် ငါက
စောင့်နေရမှာ ထန်းရည်လောက်နဲ့ ရမလားကွ
ခြောက်လတစ်ကြိမ်လောက် ကြက်တစ်ကောင်
လည်လှီးသတ်ပြီး သွေးတွေနဲ့ အတူ ငါ့ကို
အစာကျွေးရမယ်။သွေးတော့ မပါမဖြစ် ပါပါစေနော်
ငါက ခေါင်းအစိတ်စိတ်ကွဲပြီး သွေးထွက်လွန်နေတော့
ငါ့ကိုယ်မှာ သွေးတစ်စက်မှ မရှိတော့ဘူး။
ငါအခု သွေးသိပ်ဆာနေတဲ့ကောင် ဖြစ်နေပြီ။
 မင်းကျွေးတာကို
စားသောက်ရင် ငါက မင်းရဲ့ အခိုင်းခံဘဝက
မင်းခွင့်မပြုသရွေ့ ဘယ်တော့မှ လွတ်မှာ မဟုတ်ဘူးကွ"

"ခြောက်လတစ်ကြိမ်ဆိုတော့ များတယ်ကွာ
တစ်နှစ်တစ်ကြိမ်ဆို တော်ရောပေါ့ မနက်ဖြန်ကစပြီး
မင်းကို ငါ လုပ်ပေးမယ်ကွာ"

"အေးမင်း ကတိတည်ပါစေ ကတိမတည်ရင်တော့
မင်းကို ငါ ပြန်ဒုက္ခပေးရလိမ့်မယ် ကြားလား"

ထို့သို့သော အဘိုးလက်ထက်ကတည်းက 
ကတိတွေကြောင့် သရဲကြီးထိပ်နီ ဦးဝင်းမောင်၏
ခြံထဲက ထန်းပင်ပေါ်မှာ အစောင့်အဖြစ် 
ယခုတိုင် ရှိနေခဲ့ခြင်းဖြစ်၏။

ယခုတော့ မြွေကိုက်၍ အစိမ်းသေ သေသွားသော
ဦးဝင်းမောင် ရင်ဘတ်ပေါ် ခွစီးလျက် ဦးဝင်းမောင်၏
မျက်နှာအား စိမ်းစိမ်းကြီးကြည့်ပြီး အမိန့်ပေးနေလေပြီ

"ဝင်းမောင် မင်းသေသေချာချာ နားထောင်စမ်း
မင်းဟာ မြွေပွေးကိုက်လို့ အသက်ထွက်သွားပေမယ့်
မင်းရဲ့ဝိညာဉ်ကို ငါစောင့်တဲ့ ထန်းပင်မှ အစောင့်ထားမယ်
ငါက မင်းရဲ့ ခန္ဓာကိုယ်ကို ပူးကပ်မယ်"

"ဗျာ"

"ဟုတ်တယ် မင်းနဲ့ငါ အကျိုးတူ ပူးပေါင်းရမယ်
ငါက ခေါင်းကွဲပြီး သွေးတွေဖြိုင်ဖြိုင်ကျပြီး 
သေခဲ့ရလို့ သရဲဘဝကနေ ရင့်သန်လာတော့တစ္ဆေဘဝ။ 
တစ္ဆေဘဝက  ကြာလာတော့
ဖုတ်ဘဝ ရောက်နေပြီး
ဖုတ်ဘဝရောက်ပေမယ့် ဘယ်မှမသွားရဘူး
မင်းအဘိုးဦးမိုးကြီးရဲ့
အခိုင်းအစေအဖြစ် ထန်းပင်ကို စောင့်နေရတုံးပဲ
အခုတော့ မင်း ငါ့အစား ထန်းပင်ကို စောင့်နေခဲ့တော့
မင်းအိမ်ရောက်မှ ငါရဲ့ သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းကို
မီးစင်ကြည့်ကဦးမှာပဲ မင်းအတွက်လည်း
ငါ ကြက်တစ်ကောင် တစ်လတစ်ခါ ဖန်တီးကျွေးမယ်"

ပြောပြောဆိုဆို သရဲကြွက်နီမှာ ဦးဝင်းမောင်အလောင်းကို
ပူးကပ်လိုက်ပါတော့သည်။

ဦးဝင်းမောင် ခန္ဓာကိုယ်ပူးကပ်နေသော ဖုတ်ကြွက်နီ
မိုးအတော် ချုပ်မှ ဦးဝင်းမောင် အိမ်သို့ဝင်သည်။

သူ့မိန်းမ ဒေါ်လှမြင့်က စိတ်ပူပူနဲ့ ထမင်းပွဲပြင်ရင်း
လှမ်းမေးသည်။

"ရှင် ဒီနေ့ တော်တော် နောက်ကျပါလား
ဘယ်ကိုဝင်နေလို့တုံး"

"ထန်းပင်ပေါ်ကို"

"ရှင်"

"အိုကွာထန်းရည် ဝင်သောက်နေလို့ပါ"

ပြောပြီး ထမင်းကို အငမ်းမရ လက်မဆေးဘဲ
ဝင်စားသည်။ထိုညစာ ထမင်းဝိုင်းကို သူတစ်ယောက်တည်းလိုလို
စားပစ်လိုက်သည်။

"ရှင် ထမင်းစားတာ ကြမ်းလှချည်လား
မနက်ဖြန် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ဖို့
ဝက်သားဟင်းအိုးလည်း ပြောင်သွားတာပဲ"

"ငါ အလုပ်သမားပဲ။ အလုပ် လုပ်ရင်း ပင်ပန်းတော့
ဆာတယ်ကွ ဝက်သားဟင်းအိုး ပြောင်သွားရင်
ကြက်ခြံထဲက ကြက်တစ်ကောင်ကို မနက်ကျရင်
ဖမ်းပြီး အချိန်မီ ကြက်သားဟင်းချက်ပြီး 
ဆွမ်းချိုင့်ပို့ပေးပေါ့ကွာ"

ဦးဝင်းမောင်က ပြီးစလွယ်ပြောပြီး အိပ်ရာဝင်သည်။

XXXX

ဘုန်းကြီးကျောင်းသို့ အရုဏ်ဆွမ်းအမီ ချက်ပို့ရန်
ဒေါ်လှမြင့် မနက်တုံးခေါက်ချိန်မှာ အိမ်နံဘေးကြက်ခြံထဲသို့
ဆင်းလာသည်။

ကြက်ခြံထဲမှာ ဗမာကြက်တွေချည်း အကောင်နှစ်ဆယ်ခန့်
မွေးထားသည်။

ရွာဓလေ့ ဧည့်သည်လာလျှင် တစ်ကောင်တစ်လေ
ချက်ပြုတ်ကျွေးမွေးရန်ပင် ဗမာကြက် အဖိုးတန်နေသော
အချိန်မှာ ငွေလိုလျှင် စျေးထဲသွားပြီး ကြက်ဥရောင်းရန်
ရည်ရွယ်ရင်း မွေးထားခြင်းဖြစ်သည်။

ဒေါ်လှမြင့် ကြက်ခြံထဲရောက်တော့ လက်နှိပ်ဓါတ်မီးရောင်ကို
မြင်သည်နှင့် ကြက်တွေ ဝရုန်းသုန်းကား
ခုန်ပျံတိုးဝှေ့ရင်း  ကြက်ခြံထောင့် ပြေးကပ်နေကြသည်။

"ကတော် ကတော်ကတော်"

ဆူဆူညံညံ အသံပြုပြီး အော်ဟစ်လျက် ရှိကြသည်။
မပြေးနိုင်သော ကြက်ဖသုံးကောင် မြေပြင်မှာ လဲလျက်
ကျန်ရစ်သည်။

ဒေါ်လှမြင့် လဲနေသော ကြက်ဖသုံးကောင်ကို
လက်နှိပ်ဓါတ်မီးနှင့် သေသေချာချာ ထိုးကြည့်လိုက်သောအခါ
ကြက်ဖသုံးကောင်စလုံး ခေါင်းတွေ ပြတ်နေသည်။
အသက်မရှိတော့။

ကြက်ဦးခေါင်းတွေကို အစအနရှာ၍ မရတော့ဘဲ
လည်တိုင်ငေါက်တက်ကြီး ကျန်ရစ်ခဲ့သည်မှာ 
ထူးဆန်းလှသည်။ထို့ထက် ထူးဆန်းသည်မှာ
လည်တိုင်နေရာမှ သွေးတစ်စက် မထွက်တော့ဘဲ
မြေပြင်ပေါ်တွင် သွေးကွက်တစ်ကွက်မှ
မကျန်ရစ်တော့ခြင်းပင်။

သတ္တဝါတစ်ကောင်က ကြက်ဖတွေကို ဖမ်းပြီး
ခေါင်းကို ဖြတ်စားကာ သွေးတွေကုန်အောင်
စုပ်မျိုးသွားခြင်းမျိုး။

ဒေါ်လှမြင့် တုန်လှုပ်ချောက်ချားကာ ကြက်ခြံထဲမှ
အိမ်ပေါ်သို့ ပြေးတက်လာခဲ့သည်။အိမ်ပေါ်ရောက်တော့
ယောင်္ကျားဖြစ်သူ ဦးဝင်းမောင်ကို နှိုးပြီး ထိုအကြောင်းကို
အားကိုးတကြီးပြောရန် ကြံစည်သည်။

လက်နှိပ်ဓါတ်မီးနှင့် ဦးဝင်းမောင် အိပ်ရာသို့
လှမ်းထိုးလိုက်သောအခါ ဦးဝင်းမောင်၏
မူမှန်မဟုတ်သော ကြောက်စရာ လန့်စရာ 
မျက်နှာကြီးကို မြင်လိုက်ရသည်။

"အမယ်လေးကိုဝင်းမောင် ရှင့်ရင်ဘတ်နဲ့ပါးစပ်မှာ
သွေးတွေ"

ဒေါ်လှမြင့် လိပ်ပြာလွင့်ထွက်မသွားစေရန်
ကိုယ်စိတ်ကို ကိုယ်ပြန်ထိန်းရင်း ရင်တထိတ်ထိတ်နှင့်
လှမ်းကြည့်နေမိသည်။

"ဘယ်လိုဖြစ်ပြီး ငါ့ကိုကြည့်ပြီး ကြောက်လန့်သွားရတာလဲ
ငါရင်ဘတ်နဲ့ ပါးစပ်က သွေးတွေက ငါ့မျက်နှာကို
ကြက်သူခိုးတွေက ထိုးကြိတ်ပြေးကြလို့
နှာခေါင်းနဲ့ပါးစပ်ထိပြီး ကျတဲ့ သွေးတွေပါ။
ညက ခြံထဲကို ကြက်သူခိုးနှစ်ကောင် ဝင်တယ်ကွ
ငါဆင်းကြည့်တော့ ငါ့ကို ထိုးကြိတ်သွားတာပဲ
သူတို့နဲ့ ငါ အပြန်အလှန် သတ်ပုတ်ရင်း
သူတို့ ထွက်ပြေးသွားကြတယ်။ငါလည်း
မင်းကိုနှိုးပြီးပြောရင် မင်း အကြောက်လွန်နေမှာကို
စိုးရိမ်ပြီး ဒီအတိုင်း အိပ်ရာထဲ ဝင်အိပ်နေလိုက်ရတယ်ကွာ"

"ကြက်သူခိုးကလည်း ကြက်ဖ ခေါင်းတွေချည်းပဲ
ဖြတ်ယူသွားသလိုပဲ"

"ဟေဟုတ်လား ဒါဆို ငါ့အဘိုးလက်ထက်ကတည်းက
ခြံစောင့်အဖြစ် ထန်းပင်ပေါ်မှာ နေရာပေးပြီး မွေးထားတဲ့
သရဲကြီးထိပ်နီ ခေါင်းဖြတ်စားပြီး သတိပေးတာပဲနေမှာ"

"ရှင်က အဲဒီလို ဘာကြောင့် အတပ်ပြောနိုင်တာလဲ"

"အဘိုးလက်ထက် အဖေတို့လက်ထက်တုန်းကတော့
သရဲကြီးထိပ်နီကို သူနေတဲ့ ထန်းပင်ကြီးမှာ တစ်နှစ်တစ်ခါ
ကြက်ဖတစ်ကောင် အရှင်လတ်လတ် လည်ပင်းဖြတ်ပြီး
အစာကျွေးတဲ့ အစဉ်အလာ ရှိခဲ့တယ်ကွ ခု ငါ့လက်ထက်မှာ
သတိရရင် ကျွေးလိုက် မကျွေးလိုက်နဲ့ လေးငါးနှစ်လောက်
မေ့နေတယ်ကွ"

"ရှင်တို့ကလည်း ရှုပ်ရှုပ်ယှက်ယှက် တစ္ဆသရဲတွေနဲ့
ပတ်သတ်နေတယ်။ ကျုပ်တောင် ရှင်နဲ့ နေရမှာတောင်
ကြောက်လာပြီ"

"မကြောက်ပါနဲ့ မိန်းမရယ် တစ္ဆေသရဲဆိုတာ
သူ့ကို မွေးပြီး အစာကျွေးထားရင် ကိုယ့်အတွက်
အစောင့်အရှောက်တောင် ရသေးတယ်။
ကိုယ့်ဘက်က ဝတ္တရားမကျေရင်သာ ကိုယ့်ကို
ပြန်ဒုက္ခပေးတတ်တာမျိုးပါကွာ ။ နောက်တစ်နေ့ကျရင်သာ
ကြက်ဖတစ်ကောင်ဖမ်းပြီး ထိပ်နီကြီးနေတဲ့ 
ထန်းပင်အောက်သွားပြီး ငါ့မမေ့မလျော့
ရှိနေတဲ့အကြောင်း သွားပြီး အစာကျွေးလိုက်ပ့ါမယ်ကွာ"

"ဟင်းဟင်ကြက်ဖသုံးကောင် ညက ခြံထဲမှာ
အဆုံးခံရတဲ့အပြင် နောက်နေ့ တစ်ကောင်ပါ 
ထပ်ပြီး အဆုံးခံရမယ်ဆိုတော့ ရှင်တို့ခြံစောင့်သရဲကြီးက
မလွန်ဘူးလားတော်"

ဦးဝင်းမောင်၏ဇနီး ဒေါ်လှမြင့်က မိန်းမပီပီ နှမြောတွန့်တို
စိတ်နှင့် ညည်းညူလိုက်လေသည်။

ဒါကို ဦးဝင်းမောင်အလောင်းတွင် ပူးကပ်နေသော
ဖုတ်ထိပ်နီက ကျေနပ်ပုံမရ။

"ကောင်မကြီးတော့ ထိပ်နီကြီးရဲ့ အကြောင်း
ကောင်းကောင်းသိအောင် တစ်နေ့တော့ ပြရမယ်"

ဟု မျက်ထောင့်နီကြီးနှင့်ထိပ်နီဖုတ်ပူးနေသော
ဦးဝင်းမောင်က ကြည့်ပြီး စိတ်ထဲမှ ကြိတ်၍
တေးထားလိုက်သည်။

XXXXX

အတင့်ရဲပြီး အိမ်ပေါ်အထိရောက်နေပြီဖြစ်သော
ဖုတ်ထိပ်နီ တေးထားသည့်အတိုင်း လုပ်သည်။

မလှမြင့် အသက် ၄၅ နှစ်။အရွယ်ကောင်းကြီး ရှိသေးသည်။

နောက်သုံးလအကြာမှ
အသက်သေဆုံးသွားလေ၏။

ခြံအနီးဝန်းကျင်မှာနေသော သားတွေ သမီးတွေကို
ဒေါ်လှမြင့် အသုဘကို လာရောက်သူ ရွာသူရွာသားတွေက
သတင်းမေးကြသောအခါ သူတို့လည်း 
ဟုတ်ဟုတ်ငြားငြား မပြောနိုင်ကြ။

"ဘယ်လို ပြောရမလဲ မသိဘူး အစားလည်း
ကောင်းကောင်း စားနိုင်ပါတယ် အစားစားပြီးတော့
လူခန္ဓာကိုယ်က ပိန်ချုံးလာတယ် စားသလောက်
အသွေးအသား ဖြစ်မလာဘူး အိပ်ရာထဲ အမြဲလှဲနေတာပဲ
အဘိုးကြီးကသာ အဘွားကြီး စားချင်တာတွေ
ဒိုင်ခံချက်ကျွေးခဲ့တာ"

"အဘိုးကြီးတော့ ဝလို့ ဖြိုးလို့ပါလား"

"သူကလည်း အဘွားကြီး စားချင်တာတွေ ချက်ကျွေးပြီး
သူစားချင်တာတွေပါ ချက်စားနေတာပဲ ဝဖြိုးနေမှာပေါ့
အဘွားကြီးသာ စားသလောက် အသွေးအသားမဖြစ်တာ"

"မဟုတ်မှလွဲရော အဘွားကြီးက သွေးသားမဖြစ်တာ
သွေးကင်ဆာ ဖြစ်လို့နေမှာပေါ့"

အရပ်ထဲက လူတွေက သူတို့ ဗဟုသုတနှင့်
သူတို့တတ်သလောက် မှတ်သလောက် ရောဂါနာမည်
တပ်ရင်း အသုဘပို့ကြသည်။

အသုဘရက်လည်သည့်နေ့တွင် ဝက်တစ်ကောင်လောက်
သတ်ပြီး ဆွမ်းကျွေးလျှင် ဖြစ်ပါလျက်နှင့်
ဦးဝင်းမောင် ထူးထူးခြားခြား နွားကြီးတစ်ကောင်လုံး
အမဲပေါ်ပြီး ရက်လွန်ဆွမ်းသွတ်လေသည်။

"ငါ့မိန်းမက အမဲသားကြိုက်လို့ သူစိတ်ချမ်းသာအောင်ပေါ့ကွာ"

ထို့သို့ အမဲသားပေါ်ပြီးနောက် ဦးဝင်းမောင်၏အိမ်မှာ
ထူးထူးဆန်းဆန်းတွေ ဖြစ်လာသည်ဟု မသင်္ကာ၍
စောင့်ကြည့်သူတွေ ပြောကြသည်။

"ဒေါ်လှမြင့်ကြီး သေပြီးတဲ့နောက် ဦးဝင်းမောင်ကြီးအိမ်ကို
ရက်လည်ဆွမ်းသွတ်ပြီးတာနဲ့ ဘယ်သူမှ မသွားရဲကြတော့ဘူး
အဲဒီနောက်ပိုင်းမှာ ညညကျရင် ဘယ်လိုလူတွေလည်း
မသိဘူး ဝင်လိုက် ထွက်လိုက်နဲ့ တချို့လည်း ပုံဆိုးပုံဆိုးတွေ
တချို့လည်း ခြေမပါ ခေါင်းမပါကောင်ကြီးတွေ"

"ဖြစ်နိုင်တာပေါ့ ဦးဝင်းမောင်ရဲ့ အဘိုးတွေ အဖေတွေက
တစ္ဆေသရဲတွေ မွေးခဲ့တာပဲ ဦးဝင်းမောင်ဟာ အဲဒီ
တစ္ဆေသရဲတွေနဲ့ အပေါင်းအသင်း ဖြစ်နေရပုံတယ်
ဒါကြောင့် တစ္ဆေသရဲတွေ ဦးဝင်းမောင်အိမ်ကို
ဝင်ထွက်သွားလာနေကြတာ ဖြစ်မှာပေါ့"

ဦးဝင်းမောင် အိမ်၏ အခြေအနေ ဆိုးရွာမှုကြောင့် 
ဦးဝင်းမောင်၏ သားတွေ သမီးတွေ မြေးမြစ်တွေပါ
အလာအသွားကျဲသွားကြသည်။

XXXXX

သို့သော် ဖအေတစ်ယောက်လုံး ဖြစ်နေပြန်တော့
ဒီအတိုင်းလည်း ပစ်မထားကြဘဲ အဝေးက
စောင့်ကြည့်အကဲခတ်နေခဲ့ကြရသည်။

တစ်ညတွင် ဦးဝင်းမောင်သည် တစ်ယောက်တည်း
နွားခြံထဲဆင်းပြီး နွားပျိုသိုးတစ်ကောင်ကို လည်ပင်း
ဖြတ်တော့သည်။နွားက အသန်မာဆုံးအရွယ်ပင်
ဖြစ်သော်လည်း သူ့လည်တိုင်နားကပ်ပြီး 
ငှက်ကြီးတောင်ဓါးကြီးနှင့် လည်ပင်းဖြတ်သူကို
ဝှေ့ရခတ်ရမှန်း မသိ။ကန်ကျောက်ရမှန်း မသိ။
တခြားသူတွေ နိုင်နိုင်နင်းနင်း ဝိုင်းပြီး ချုပ်ပေးခံထား
ရသလို နေရာမှာတင် လည်ပင်ပြတ်ကြီးနှင့်
လဲကျသွားသည်။

ပစ်ကျသွားသလို ရုတ်တရက် ဘိုင်းကနဲ 
လဲကျသွားသလို မဟုတ်။ဘေးက ဖေးကိုင်ပေးထား
ကြသလို သာသာလေး လဲကျသွားသည်။

လဲကျသွားသော နွား၏လည်တိုင်မှ ပန်းထွက်နေဆဲ
ရှိသေးသော နွားသွေးများကို ဦးဝင်းမောင်သည်
နွားခြံထဲမှာတင် ဆောင့်ကြောင့်ထိုင်ပြီး အငမ်းမရ
ငုံ့၍ပါးစပ်နှင့် စိပ်ပြေနပြေ ကုန်းစုပ်လေတော့သည်။

ထိုအခိုက် သူ့တစ်ကိုယ်လုံးပေါ်သို့ လက်နှိပ်ဓါတ်မီး
ရောင်တွေ ဖြာကျလာသည်။

"အဖေအဖေအဲဒါ ဘာလုပ်တာလဲ"

သားအငယ်ကောင် မောင်တင်ရွှေ၏အသံကို
ကြားလိုက်ရမှ ရုတ်တရက် ပြန်ထပြီး ဟန်ဆောင်ရသည်

"မင်းအမေ မလှမြင့်အတွက် လပတ်ဆွမ်းကျွေးချင်လို့
အမဲပေါ်တာပါကွာ မင်းတို့ကို တိုင်ပင်နေရင်
ခွင့်မပြုမှာ စိုးလို့ ငါသဘော ငါဆန္ဒနဲ့ ငါ လာလုပ်တာပါ"

"အဖေမွေးထားတဲ့ နွားတွေပဲ အဖေသတ်တာ ကျနော်တို့က
ဘာလို့ခွင့်မပြုရမှာလဲ ပြီးတော့ အမေ့အတွက်
လပတ်ဆွမ်းကျွေးမယ့်ကိစ္စပဲဗျာ ဒါပေမဲ့
အဖေ့ဟာက မလွန်ဘူးလား
အမေ့အတွက်ဆိုပြီး ရက်လည်တုန်းက တစ်ကောင်
အခုလပတ်ဆွမ်းကျွေးမလို့ တစ်ကောင်ဆိုတော့"

"ဟေ့ကောင် ညီလေး တခြားထွေထွေထူးထူးတွေ
ပြောမနေနဲ့တော့ကွာ ထန်းပင်ပေါ်က ထိပ်နီကြီး
နောက်တစ်ကောင် ထပ်တောင်းပြန်ပြီတူတယ်
ခုန အဖေ နွားသွေးတွေကို အရှင်လတ်လတ်စုပ်မလို့
လုပ်နေတာ တွေ့တယ် မဟုတ်လား။မင်းကို
ငါချက်ချင်းကြီး မဝင်ဘဲ စောင့်ကြည့်ဖို့ ပြောထားတာကို
မင်းက လောသွားတာကိုး။သူဘာဆက်လုပ်ဦးမလဲ
ဆိုတာကို စောင့်ကြည့်ရဦးမှာ။ခုတော့ ဘဘုန်းကြီး
မှာထားတဲ့ဆီကို မရောက်တော့ဘူး"

"ဒါပေမယ့် အစ်ကိုကြီးရာ ခုလို မြင်နေရမှ
အမေသေရတာတွေ ခြံထဲက နွားတွေ ကြက်တွေ
သေရတာတွေဟာ ဘဦးပဉ္ဇင်းကြီး ပြောသလို
အဖေ့ကိစ္စဟာ ရိုးရိုးသားသားမှ မဟုတ်တော့တာပဲ
ကျနော်တော့ နေရာမှာတင် စီရင်လိုက်ချင်ပြီ"

သားအငယ်ဖြစ်သော မောင်တင်ရွှေက သူ့အဖေ
ဦးဝင်းမောင်ကို ဓါးဖြင့် ခုတ်သတ်ရန် ပြောပြောဆိုဆိုနှင့်
လက်ထဲပါလာသော ငှက်ကြီးတောင်ဓါးကို
ဝင့်လိုက်သည်။

"ညီလေး အဲဒီလို မလုပ်နဲ့ ဘာပဲဖြစ်ဖြစ် သူဟာ
တို့အဖေပဲ။အဖေ့ ဘယ်ဘဝရောက်ရောက်
မပြစ်မှားရဘူး။  ပဉ္စနန္တကံကြီးထိုက်တယ်လို့
ဘဦးပဉ္ဇင်းကြီး ဆုံးမထားတယ် မဟုတ်လား။
အဲဒီတော့ ဘဦးပဉ္ဇင်းကြီး ပြောတဲ့အတိုင်း
သူ့ကို ဘုန်းကြီးကျောင်း ပို့ရအောင်"

ဦးဝင်းမောင်၏သားဖြစ်သော မောင်တင်ဖေနှင့်မောင်တင်ရွှေတို့
ညီအစ်ကိုနှစ်ယောက်နှင့်အတူ  ပါလာသော
ရွာသားအချို့ ဦးဝင်းမောင်ကို ဝင်လုံးပြီး
ဖမ်းကြသည်။

ဦးဝင်းမောင်ကို ဖမ်းချုပ်ပြီး အဒွေတ္တောရွာ ဘုန်းကြီး
ကျောင်းသို့ ခေါ်လာပြီး အဒွေတ္တောဘုန်းကြီးလက်ထဲသို့
အပ်လိုက်ကြသည်။

အဒွေတ္တောရွာဘုန်းကြီးမှာ သူနှင့် စာသင်ဘက်ဖြစ်သော
ပါဒကြီးရွာဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေသော
ဦးကေသရကြောင့် ဦးဝင်းမောင်ကို လက်ခံရသော်လည်း
အဒွေတ္တောရွာဘုန်းကြီးကျောင်းမှာ ကြာကြာမထားချင်။

"ဝင်းမောင်ကြီးဟာ ဒီအဒွေတ္တောရွာမှာ ငယ်မွေးခြံပေါက်
ဖြစ်ပေမယ့် ကျုပ်က သူ့ကို ရွာကျောင်းမှာကြာကြာ
မထားချင်ဘူး။သူ့အစ်ကိုတော် ဦးပဉ္ဇင်းကေသာရ
သီတင်းသုံးနေတဲ့ ပါဒကြီးကျောင်းကိုပဲ
သင်္ကန်းစည်းပြီးမှ
 အမြန်သာပို့ကြပါ"

"ဒါဆို အဖေ့ကို သင်္ကန်းစည်းပေးပြီးမှ ပါဒကြီးကျောင်းကို
ပို့ပေးရမယ်ဆိုတဲ့ ကိစ္စကကောဘုရား"

"အဲအဲဒါကို ကျုပ် စီစဉ်ထားပါတယ် လွန်ခဲ့တဲ့
သုံးလေးရက်လောက်က ကိုရင်တစ်ပါး ပျံလွန်တော်မူလို့
သူကျန်ခဲ့တဲ့ သင်္ကန်းရှိတယ်။ကိုရင်ဆိုတော့
ဦးပဉ္ဇင်းတွေလို ဝိနည်းသိက္ခာတွေ သိမ်မကြီးလေးတော့
ဝင်းမောင်ကြီးကို ဝတ်ပေးလိုက်မယ်။
ဝင်းမောင်ကြီးတစ်ဖြစ်လည်း ကိုရင်ကြီးဝိမလအဖြစ်နဲ့
သူ့အစ်ကိုတော် ဦးကေသရရရှိတဲ့ ပါဒကြီးကျောင်းကို
ခေါ်သွားကြပေတော့"

အဲဒီဖြစ်ချင်တော့ ပါဒကြီးဘုန်းကြီးကျောင်းမှာ
ဦးကေသရသည် ထိုနေ့ညက ရှိမနေဘဲ ဂဒပနရွာ
ဆွမ်းကျွေးသို့ ညအိပ် ကြွသွားရသည်။

ဦးဝိမလအကြောင်း မသိသေးသော ခန်းနေဦးပဉ္ဇင်း
တစ်ပါးက အာဂန္တုကိုရင်ကြီးဖြစ်သော
ဦးဝိမလကို ညရေးညတာစောင့်အိပ်ရန်
ဘုန်းကြီးကျောင်းသား သာဂိကို တာဝန်ချပေးသည်။

ဘုန်းကြီးကျောင်းသားနှင့် ကိုရင်ကြီးမို့ 
သာဂိမှာ ဦးဝိမလ ခိုင်းတာကို လုပ်ရသည်။

ဦးဝိမလက ညအိပ်ရာဝင်ခါနီး သာဂိကို မုန့်ဖိုးပဲဖိုးပေးပြီး
နှိပ်ခိုင်းသည်။

သွေးစုပ်ဖုတ်ဝင်နေသော သူများသည် သူတို့ပါးစပ်နှင့်
သွေးမသောက်နိုင်။မစုပ်နိုင်သောအခါများတွင်
သူတို့ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကိုနှင့်
အခြားသူများ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိတွေ့ပါက
ထိုအစိတ်အပိုင်းမှတစ်ဆင့် သွေးများကို
စုတ်ယူလေ့ရှိတတ်ကြသည်။

ယင်းသို့ဖြင့် နောက်တစ်နေ့ မနက်သို့
ရောက်သောအခါ ဘုန်းကြီးကျောင်းသားသာဂိ
သွေးတွေဆုတ်ခမ်း အသက်ပျောက်ရသည့်အဖြစ်သို့
ရောက်သွားလေသည်။

ထိုအဖြစ်အား ဂဒပ္ပနရွာအလှူမှ ပြန်ကြွလာသော
ဦးကေသရ သိသွားပြီး သူ့ညီတော်မောင်  ကိုရင်ကြီး
ဦးဝိမလကို ကြာကြာဆက်ထား၍ မရတော့မှန်းသိပြီး
သူ့ဆုံးဖြတ်ချက်အတိုင်း ထိုနေ့ညမှာပင် အားချင်းစီစဉ်ရတော့သည်။

"ဝိမလ မင်း ငါနဲ့ လိုက်ခဲ့စမ်း"

"ဘယ်ကိုလဲ ဘုရား တပည့်တော် သွေးအားမကောင်းတဲ့ရောဂါ
ခံစားနေရလို့ ခရီးအဝေးကြီး မလျှောက်နိုင်ဘူးဘုရား"

"စကားမရှည်နဲ့ ငါ ဦးပဉ္ဇင်း။ မင်းက ကိုရင်ကြီး။
ပြီးတော့ ငါက ဝိနည်းသိက္ခာနဲ့ ဘုရားသားတော်ပီပီ
ကျင့်ကြံနေတဲ့ ပုဂ္ဂိုလ် ။မင်း အကြောင်း ငါ့သိတယ်
မင်း ငါခိုင်းတာကို လုပ်ရမယ်"

"မှန်မှန်ပါ့ဘုရား"

ထစ်ထစ်ငေါ့ငေါ့ ပြောပြီး ဦးဝိမလသည် ဦးကေသရ
နောက်မှ လိုက်လာခဲ့ရသည်။

ဦးကေသရက ဦးဝိမလကို ပါဒကြီးသင်္ချိုင်းသို့
ခေါ်ဆောင်လာခဲ့သည်။

"ကဲဝိမလ မင်းရဲ့ အယောင်ဆောင်သင်္ကန်းကို
ချွတ်လိုက်စမ်း"

ဦးကေသရက ပြောရင်း ကိုရင်ကြီးအယောင်ဆောင်
ဦးဝိမလ၏သင်္ကန်းကို ဆွဲချွတ်လိုက်သည်။

သင်္ကန်းကိုယ်ပေါ်က ကွာသွားသည်နှင့် ဦးဝိမလအသွင်
ပျောက်သွားပြီး ဦးခေါင်းမှာ သွေးသံရဲရဲနှင့်
ဖုတ်ထိပ်နီအသွင် ပေါ်လာသည်။

ထိုအခါ ဦးကေသရက မေတ္တာသုတ်ကို ရွတ်ဖတ်လိုက်သော်အခါ

ဖုတ်ထိပ်နီသည် တခဏချင်း အမှုန့်အညက်ဖြစ်ကာ
ပျောက်၍ သွားလေတော့သည်။

မူရင်းရေးသူ နတ်စက်ရှိန်
ကူးသူ လက္ခ
ပြီးပါပြီ

crd

Post a Comment

Previous Post Next Post

Comments