အဆုံးစွန်ထိတွေးတတ်တဲ့ အကျင့်ကို ပြင်ရဦးမယ် ။

အဆုံးစွန်ထိတွေးတတ်တဲ့ အကျင့်ကို ပြင်ရဦးမယ် ။


အတွေးလေး နည်းနည်း၀င်လာရင် ပျော်အောင် နေဖို့ခက်တဲ့ အကျင့်တွေကြောင့်ပဲ ... တချို့ရက်တွေမှာ ပျော်အောင်နေဖို့ ခက်ခဲတတ်တယ်လေ ။ ပျော်အောင်နေပါတယ်ဆိုတဲ့ ရက်တွေမှာ နည်းနည်းလေးများ အတွေးလေး ပေါ်လာရင် ဘယ်လိုမှ ပျော်မနေတော့တဲ့ ရက်တွေဟာလဲ အများကြီးပဲ မဟုတ်လား တစ်ခုခုဆို အဆုံးစွန်ထိတွေးပြီး အဆုံးစွန်ထိ နာကျင်နေတတ်တဲ့ စိတ်ကို ပြင်ရဦးမယ် ။

အဆင်မပြေဘူး ... အရာရာတိုင်းကို စိတ်နှစ်ထားရတာ တကယ်တမ်းကျတော့ ပင်ပန်းတယ် ။ ကိုယ်မဟုတ်တဲ့ လူတစ်ယောက်ပေါ် မျှော်လင့်ထားပြီး တစ်နေ့နေ့ကျရင်ဆိုပြီး စိတ်ကူးယဥ်နေရတာမျိုးတွေ မလုပ်ချင်တော့ဘူး ဖြစ်မလာခဲ့ရင် ပြီးတော့ ပျက်စီးသွားခဲ့ရင် အရာရာ က ကိုယ်တွေးထားတာထက် ပိုနာကျင်ရတယ် ပြီးတော့ ပို ခက်ခဲသွားရတတ်တယ် ။ 

တော်ပြီ ... မတွေးတော့ဘူးလို့ နေတာပါပဲ... ဒါပေမယ့် ခေါင်းထဲ အတွေးတစ်စလေး ၀င်လာရင် မတွေးပဲ ရပ်နေလိုက်ဖို့ ခက်တယ်လေ ။ ဆက်တွေးရင်း ညနက်သွားတဲ့ ရက်တွေကော ပြီးတော့ ဘာကြောင့်မှန်းမသိ ကျနေတဲ့ မျက်ရည်တွေကိုကောပဲ မုန်းလာမိပြီ ။ သန်မာချင်ပြီ မဟုတ်ဘူး ကိုယ့်အတွက် အရေးမပါတော့တဲ့ အရာတစ်ခုကို ဒါမှမဟုတ် ကိုယ်က အရေးပါမနေတော့ဘူးဆိုတဲ့ ရပ်၀န်းတစ်ခုအကြောင်းကို ခဏခဏတွေးပြီး နာကျင်နေရတာမျိုး မဖြစ်ချင်တော့ဘူး ။

တစ်ခုခုဆို ... စိတ်ကော လူကော နှစ်ထားတတ်တဲ့ အကျင့်လေးလဲ ပြင်ရဦးမယ် ။ နည်းနည်းလေး ပြောင်းလဲ သွားတာကအစ ဘာလို့လဲ ငါ့ကိုမချစ်တော့လို့လား ငါ့ကို မလိုချင်တော့လို့လား ပြီးတော့ ငါ့ကို မလိုအပ်တော့လို့လားဆိုတဲ့ မေးခွန်းတွေ အများကြီးနဲ့ ဘယ်သူမှ မသိလိုက်ခင်မှာပဲ ဘယ်သူမှ မသိအောင် နာကျင်နေခဲ့ရတာပါ ။ 

မင်းကလဲ ရူးလိုက်တာ ဆိုတဲ့ ချီးကျူးထောပနာတွေ မခံချင်တော့ဘူး ... ဖြစ်မလာသေးတဲ့အရာတွေကို ကြိုတွေးပြီး ကြို၀မ်းနည်းမနေချင်တော့ဘူး ဖြစ်လာတော့တဲ့အခါမှသာ ဖြစ်လာတယ်ပေါ့ ဖြစ်မလာဘူးဆိုတဲ့ အရာတွေကျပြန်တော့လဲ ဖြစ်မလာဘူးပေါ့ ... အဲ့လိုပဲ စိတ်ထဲ ထားတတ်ဖို့ ကြိုးစားတော့မယ် တစ်ခုခုဆို အဆုံးစွန်ထိတွေးပြီး အဆုံးစွန်ထိ နာကျင်နေတတ်တဲ့ အကျင့်ကို ပြင်ချင်ပြီ ။ 

#ကျေးကို

Post a Comment

Previous Post Next Post

Comments