အငြိုးကြီးတဲ့ သုဘရာဇာကြီး (စ/ဆုံး)
မူရင်းရေးသူ - မရဏ ဖွား
အငြိုးကြီးတဲ့ သူ့ဘရာဇာကြီး အကြောင်းမရေးသေး
ခင် ကျနော်လေ့လာလို့ သိခဲ့ရတာလေးတွေနဲ့ ကြားဖူးနားဝအကြောင်းအရာလေးတွေကို အရင်ဦးဆုံးပြောပြချင်ပါတယ်...
*အစိမ်းသေ*ဆိုတဲ့ ပိုစ့်ကို ရေးစဉ်က ကျွန်တော်ကိုယ်တိုင် သေချာမသိသေးတဲ့ အကြောင်းအရာတစ်ခုဖြစ်တဲ့ နယ်ဘက်တွေမှာ ဟိုးအရင်က အသုဘချကြတဲ့ အခါ အခေါင်းကစားကြတာဟာ ဘာကြောင့့်လဲဆိုတာကို သိသူတွေက ဗဟုသုတအနေနဲ့ ကျွန်တော်အပါအဝင် တခြားမသိသေးသူတွေ သိရှိနိုင်စေဖို့ ပြောပြပေးပါလို့ ထည့်ရေးခဲ့ပါတယ်...
ပြောပြကြသူတွေအများကြီးပါပဲ...မသိသေးတာတွေလည်းသိခဲ့ရပါတယ်...အဲဒီအတွက် ပြောပြပေးခဲ့သူအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဦးစွာပထမ ပြောပါရစေ ခင်ဗျာ...
ဒါပေမယ့် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုတဲ့ စကားလိုပါပဲ...ပြောပြပေးသွားကြသူတွေရဲ့ စကားတွေမှာ တိကျတဲ့ အဖြေ...သမိုင်းကြောင်းရယ်လို့ပါမနေခဲ့ပါဘူး...
သူတို့တွေရဲ့ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေ...လူကြီးသူမတွေက အဲလိုပြောပြခဲ့တာပဲဆိုတဲ့ တစ်ဆင့်စကားတွေလောက်ပဲ ပြန်လည် သိရှိခဲ့ရပါတယ်...
ဒါဟာ အပြစ်တစ်ခုလို့တော့ပြောလို့မရပါဘူး...ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာတွေထဲက အချို့ကိစ္စတွေဟာ သမိုင်းကြောင်းအတိအကျ မရှိ...ဘယ်ကနေ ဘယ်လိုရောက်လာတယ်...ဘယ်သူဘယ်ဝါက စတင်လိုက်လို့ အဲဒီ ဓလေ့က စတင်ဖြစ်ပေါ်လာတယ်ဆိုတာမျိုးတွေ မသိရပဲ အစဉ်လာတစ်ခုလို ဖြစ်ခဲ့လို့...ရှေးလူကြီးသူမတွေက လုပ်ခဲ့ကြလို့ အရိုးစွဲသွားပြီး ဒီနေ့ဒီအချိန်အထိ အဲလို ဘာမှန်းမသိတဲ့ ကိစ္စတွေကို မစူးစမ်းမလေ့လာပဲ လက်ခံထားခဲ့တဲ့ ကိစ္စတွေ အများကြီးရှိနေပါသေးတယ်...
အခေါင်းကစားခြင်းအကြောင်း မေးခွန်းနဲ့ ပတ်သက်ပြီး ဖြေကြားပေးကြတဲ့ အဖြေစကားတွေထဲက တချို့ကို ကောက်နုတ်ဖော်ပြပေးချင်ပါတယ်....
#၁#အခေါင်းကစားတယ်ဆိုတာက သေသူ ဘဝကူးကောင်းအောင် နောက်ဆုံးအကြိမ်အဖြစ်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်စေဖို့ လုပ်ပေးတာလို့ ကြားဖူးတာပဲ...#
#၂#အခေါင်းကစားတာက ကစားချင်လို့ ကစားတာ မဟုတ်ပါဘူး... င်္သချိုင်းနဲ့နီးလာလေ အခေါင်းက လေးလာလေဖြစ်တတ်လို့ လူပြောင်းပြီး ထမ်းကြရာက အခေါင်းစင်ရဲ့ အလေးချိန်ကြောင့် ဟန်ချက်မညီပဲ တဖက်ကို စောင်းသွားတာကို လိုက်ထိန်းရင်း လည်သလိုဖြစ်သွားကြတာပါ...အဲလိုဖြစ်တာကို လိုက်ထိန်းရင်း ညာသံပေးပြီး ဟေးဟေးလို့ အော်ကြတာကို မသိသူတွေက အခေါင်းကစားတယ်လို့ ထင်မှတ်ကြရာက လိုက်လုပ်ကြရင်း အခေါင်းကစားတယ်ဆိုတာ ဖြစ်လာတာပါ...ကျနော်ကိုယ်တိုင် ထမ်းဖူးလို့ သိနေလို့ ပြောပြတာပါ... #
#၃#အခေါင်းကစားတာက အခေါင်းက င်္သချိုင်းနားရောက်ရင် လေးလာတတ်တယ်...ဘာကြောင့်လေးလာလဲဆိုတာကို လူကြီးတွေပြောပြလို့ မှတ်မိနေတာက...င်္သချိုင်းကုန်းမှာ အရင်ရောက်နှင့် သေနှင့်နေတဲ့ သရဲတွေက လူသစ်ကြိုဆိုပွဲလုပ်ကြသလို သေသူဘယ်သူဘယ်ဝါဆိုတာကို အလုအယက် တက်ကြည့်ကြတာတဲ့...လူသစ်ရောက်လာလို့ ပျော်ပြီး အလောင်းစင်ပေါ် အလုအယက်တက်သူက တက်...ခိုစီးသူကစီး လုပ်ကြလို့...အခေါင်းစင်က အလေးချိန်မညီတော့ပဲ...လည်ထွက်သွားလို့ လိုက်ထိန်းကြရင်း...နောက်ယှက်နေတဲ့ သရဲတွေကို ချောက်လန့်တဲ့ အနေနဲ့ ဟေးးး ဟေးးးလို့ အော်ပြီး ညာသံပေး
မောင်းထုတ်ကြတာလို့ ပြောပြဖူးပါတယ်...
#၄#အသုဘချရင် အလောင်းစင်ကို လမ်းမှာ ချလို့ မရဘူး...နားလို့လဲ မရသလို...ပြုတ်ကျလို့လဲ မရဘူး...အကြိုးအကွောငျးမတိုကျဆိုငျလို့ ပြုတ်ကျတာ တစ်ခုခုဖြစ်လို့ အောက်ချရတာဖြစ်ခဲ့ရင် ရွာနာတယ်...ကပ်ဆိုးနဲ့ ကြုံတတ်တယ်...လူတွေဆက်တိုက်သေတတ်တယ်....အဲလိုတွေဖြစ်တတ်တာ သိလို့...အလောင်းစင်သယ်လာတဲ့ လမ်းတစ်လျှောက်မှာ မကောင်းဆိုးဝါးတွေက ပြုတ်မကျ ကျအောင် နှောက်ယှက်တတ်ကြတယ်... အလောင်းစင်ကို
စောင့်တွန်းတာ...တက်ခွစီးတာ...မလေးလေးအောင် ခိုစီးတာ...အခေါင်းထမ်းလာသူတွေ ချော်လဲအောင် လုပ်တာ စသည်ဖြင့် လုပ်တတ်ကြတယ်...
အဲဒါကို သိနေလို့ အခေါင်းစင်ထမ်းသူတွေရဲ့ ဘေးနားမှာ အမြဲတမ်း အရံလူတွေကဝိုင်းရံပေးထားရတယ်...ထမ်းနေသူတွေထဲက ထမ်းနေရင်း အခေါင်းက တစ်ခုခုထူးခြားလာတာ...သူထမ်းနေတဲ့ ဘက်က လေးလာတာ...သူထမ်းနေတဲ့ ဘက်ကို စောင်းလာတာ...စသည်ဖြင့် ထူးခြားလာပြီ ဆိုတာနဲ့...သတိပေးတဲ့ အနေနဲ့... ဟေးးး ဟေးးး လို့ အော်ရင်း သတိပေးကြတာပါ...ကျွန်တော်ကတော့ အဲဒီလို ကြားဖူးထားတယ် ဗျ...#
အထက်မှာ ဖော်ပြထားတဲ့ မန့် ၄ခုထဲက ဘယ်ဟာ ဖြစ်နိုင်မလဲဆိုတာကတော့ ကိုယ်ပိုင်ဥာဏ်ဖြင့်သာ စဉ်းစားချင့်ချိန်ကြည့်ကြပါလို့ပဲ ပြောပါရစေ...
#####
ကျွန်တော်အခု ရေးမှာက သုဘရာဇာ တစ်ယောက်အကြောင်းဖြစ်နေလို့ င်္သချိုင်းနဲ့ ပတ်သက်တာ...လူသေရင် င်္သချိုင်းကို ပို့ဆောင်ကြတဲ့ နည်းတွေ စသည်ဖြင့် ပြည့်စုံအောင်ဖော်ပြနေခြင်းဖြစ်ပါတယ်...
သုဘရာဇာဆိုတဲ့ လူတွေ...
အခေါင်းလုပ်ပြီးရောင်းတဲ့ လူတွေ...
လူသေကို ရေချိုး...ဖီးလိမ်းပြင်ဆင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်ကြသူတွေ...ရေခဲတိုက်နဲ့ မီးသဂြိုလ်စက်တွေမှာ အလုပ်လုပ်နေသူတွေဟာ တကယ်တမ်းတော့ သူများမလုပ် ချင်တာတွေကို စေတနာပါပါနဲ့ လုပ်ပေးနေကြသူတွေဖြစ်လို့ အင်မတန်မှ လေးစားဖို့ကောင်းပါတယ်....
ဒါပေမယ့် အဲဒီလို လူတွေထဲက စိတ်ဓာတ်နိမ့်ကျသူတွေကြောင့် လူတွေ ဒုက္ခရောက်ခဲ့ရတဲ့အဖြစ်အပျက်တွေကို ကြားဖူးကြမယ်လို့ ထင်ပါတယ်...
အခေါင်းရောင်းသူက အခေါင်းရောင်း
မကောင်းလို့ အခေါင်းကို လက်နဲ့ပုတ်ရင် လူတွေ ဆက်တိုက်သေတတ်ကြတယ်...ငယ်ငယ်က ဦးကျော်ဟိန်းသရုပ်ဆောင်ထားတဲ့ video ကားကြည့်ဖူးသူတွေ သိမှာပါ...အဲဒီ ဇာတ်ကားထဲကအတိုင်း အပြင်မှာ တကယ်ဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ်...
သုဘရာဇာက လူသေရဲ့ အရိုးခေါင်း ...ဒါမှမဟုတ်...အုတ်ဂူကို လူရိုးနဲ့ ခေါက်ရင်လည်း လူတွေဆက်တိုက်သေတတ်တယ်လို့ကြားဖူးပါတယ်....
နောက်ထပ်ရှိသေးတာက ဆရာဝန်တွေ ဆေးရုံဝန်ထမ်းတွေနဲ့ သဂြိုလ်စက်က ဝန်ထမ်းတွေက လူနာကုတင်...လူသေတင်တဲ့ ကုတင်တွေကို ခေါက်ရင် လူနာတွေ အများကြီး ရောက်လာတတ်သလို...လူတွေအများကြီးသေတတ်တာလည်း ရှိပါသေးတယ်...
ဒါတွေက မလုပ်သင့်တဲ့ ကိစ္စတွေပါ...
ကိုယ့်အကျိုးစီးပွားအတွက် သူတပါးပျက်စီးရာပျက်စီးကြောင်း ကြံစည်သူတွေဟာ တစ်ဘဝတောင် မစံရပဲ ချက်ချင်းလက်ငင်း ဝဋ်လည်တတ်တယ်ဆိုတာကိုတော့ မေ့မထားကြပါနဲ့...ဗျာ...
######
နောက်ထပ်တစ်ခု ထပ်ပြီးပြောပြချင်တာက...
လူသေရဲ့ပါးစပ်ထဲကို ထည့်ပေးကြတဲ့ ကူးတို့ခ တမတ်စေ့ကိစ္စ...
နားလည်မှု့ တွေ ကွဲလွဲနေခဲ့တဲ့ အဲဒီကိစ္စရဲ့ အဓိက အကြောင်းအရင်း အစစ်အမှန်က ဘာဖြစ်နိုင်တယ်ဆိုတာကို လေ့လာကြည့်ခဲ့မိပါတယ်...
ငယ်စဉ်က ကြားဖူးခဲ့တာက လူသေပါးစပ်ထဲကို ငွေတမတ်စေ့ ထည့်ပေးတယ်ဆိုတာက လူတွေသေပြီးတဲ့နောက် မြစ်ကြီးတစ်စင်းရှိရာကို ရောက်သွားတတ်တယ်လို့ဆိုပါတယ်...အဲဒီမြစ်ကြီးဟာ မှောင်မဲနေပြီး ဟိုတဖက်ကမ်းကို မမြင်ရပါဘူး တဲ့... သေလွန်ပြီးလို့ အဲဒီမြစ်ကို ရောက်သွားသူတွေဟာ လှေတစ်စင်းနဲ့ လူတစ်ယောက်ကို တွေ့ရတတ်ပါတယ်...အဲဒီလှေနဲ့ အဲဒီလူကလွဲရင် တခြားဘာမှ မရှိဘူးလို့ဆိုပါတယ်...အဲဒီလှေပိုင်ရှင်ကပဲ သေလွန်ပြီးသူတွေကို မြစ်ရဲ့ တစ်ဖက်မှာ ရှိတဲ့ နောက်ထပ်အသစ်ဖြစ်ရမယ့် ဘဝ...ကိုပို့ဆောင်ပေးပါတယ်...ငရဲသွားရမယ့် သူဆို ငရဲကိုပို့တယ်...နတ်ပြည်သွားရမယ့်သူဆို နတ်ပြည်ကိုသွားတဲ့ လမ်းကိုပို့တယ်...လူပြန်ဖြစ်ရမယ့် သူဆိုရင်လည်း လူ့ပြည်ပြန်ပို့တယ်...တိရိစ္ဆာန်နဲ့ တခြားဘုံဘဝတွေကိုလည်း အဲဒီလူကပဲ ပို့ဆောင်ပေးပါတယ်...
ဒါပေမယ့် အလကားပို့တာမဟုတ်ပဲ ပို့ခ ငွေတမတ်ပေးကြရပါတယ်...သေပြီးလို့ သူ့အနားရောက်လာတဲ့ သူတွေကို လှေပိုင်ရှင်က ငွေတမတ်ပါမပါမေးပါတယ်...မပါရင် မပို့ပေးပါဘူး...အဲလို မပို့ပေးပဲ ချန်ထားခံရသူတွေဟာ မကျွတ်မလွတ်တဲ့ သရဲတစ္ဆေ ဝိဥာဉ်တွေဘဝမှာပဲ နေကြရတယ်...လို့ဆိုကြတယ်...
လှေနဲ့ပို့တာဖြစ်လို့ ပို့ခအဖြစ်ယူတဲ့ ငွေကို ကူးတို့ခလို့ ခေါ်ကြခြင်း ဖြစ်ပါတယ်...လို့ တချို့က ပြောကြတယ်...
######
အထက်မှာ ပြောပြခဲ့တဲ့ ကူးတို့ခ ငွေတမတ်ကိစ္စဟာ စာရေးသူ ငယ်ငယ်က ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရပြီး အမှန်ပဲလို့ ထင်မြင်ယူဆ မိခဲ့ပါတယ်...
ဒါပေမယ့် အရွယ်ရောက်ပြီးလို့ စာပေတွေ ဖတ်ရှု့ရင်း တရားတွေနာရင်းနဲ့ တခြား ပြင်ပ ဗဟုသုတတွေကြောင့် ထပ်ပြီး ကြားသိခဲ့ရတဲ့ ကူးတို့ခ တမတ်ကိစ္စကတော့....
ဟိုးရှေးယခင် ခေတ်ကာလတွေက င်္သချိုင်းကုန်းတွေမှာ နေကြတဲ့ သုဘရာဇာ မိသားစုတွေဟာ လူတန်းစားတရပ်အဖြစ် ခွဲခြားနှိမ့်ချခံရတာမျိုးတွေရှိခဲ့ပါတယ်...
သူတို့ဟာ င်္သချိုင်းမှာနေသူတွေဆိုပြီး သူတို့ရွာထဲလာရင် မြို့ထဲလာရင် ရွာခံမြို့ခံတွေက မကြိုက်ကြပါဘူး...အယူသီးသူတွေက ရွာနာတယ် မြို့နာတယ်လို့ ယူဆကြလို့ပါပဲ...
ဒါပေမယ့် အခုလိုတိုးတက်လာတဲ့ ခေတ်အခြေအနေမှာတော့ အဲဒီလို အယူအဆ အစွဲအလမ်းတွေက မရှိတော့ သလောက်ကို ရှားသွားပါပြီ...အရှင်းကြီး ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်သေးပါဘူး...တစ်ချို့အရပ်ဒေသတွေမှာ ယခုအချိန်ထိ ခွဲခြားဆက်ဆံနေကြတုန်းပါပဲ....
ကူးတို့ခ ငွေကိစ္စနဲ့ လူသေပါးစပ်ထဲက ငွေတမတ်ကိစ္စကို ပြန်ဆက်ပါမည်...
ဟိုးရှေးခေတ်အခါတွေက ငွေတမတ်ဆိုတာ တော်တော်တန်ဖိုးရှိပါတယ်....
အဲဒီခေတ်ကာလမှာ သုဘရာဇာ အလုပ်လုပ်လုပ်သူတွေဟာ...လူသေလို့ အသုဘလာချတဲ့ အခါ ငွေကြေးတစုံတရာ တောင်းဆိုပိုင်ခွင့်မရှိပါဘူး...
လူသေအလောင်းရဲ့ ပိုင်ရှင်တွေက သဒ်ဓါကွေးအဖွဈနဲ့ကော...သေသူကို ကောင်းမွန်စွာ သဂြိုလ်ပေးစေချင်လို့ပါ...သုဘရာဇာတွေအတွက် ငွေတမတ်စေ့ကို သူသေတွေရဲ့ ပါးစပ်ထဲကို ထည့်ပြီးပေးလိုက်ကြတာလို့ ဆိုပါတယ်... သုဘရာဇာတွေက သေသူကို သဂြိုလ်ကာနီးမှာ သေသူရဲ့ ပါးစပ်ထဲက ငွေတမတ်စေ့ကို ထုတ်ယူပြီး ကောင်းကောင်းမွန်မွန်သဂြိုလ်ပေးကြပါတယ်...
#####
ကူးတို့ခ ငွေတမတ်ကိစ္စကွဲလွဲနေခြင်းမှာလဲ အမှန်တရားက ဘာဆိုတာ အတိအကျ မသိပါဘူး...
လှေကိစ္စကတော့ ဘယ်လိုမှ ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့တော့ ထင်ပါတယ်...ဖြစ်နိုင်တယ်ပဲထားပါဦး...သုဘရာဇာတွေကကော ဘာအခကြေးငွေမှ မရပဲ ဘယ်လိုအသက်ရှင်ရပ်တည်ကြမလဲ...ဘယ်လိုလူကကော ပိုက်ဆံပါနေတာသိသိကြီးနဲ့ မယူပဲနဲ့ နေမှာလဲ...အဲဒီငွေတမတ်က ဘဝကူးပေးတဲ့ လှေသမားကြီးဆီ ရောက်စရာအကြောင်းကို မရှိဘူးလို့တော့ ထင်မြင်မိပါတယ်...
ဖြစ်နိုင်ချေတွေကို သုံးသပ်တင်ပြခြင်းသာ ဖြစ်လို့ အမှန်ပါလို့တော့ လှေနံဓားထစ်မမှတ်ယူကြပါနဲ့...အမှန်ပါလို့လဲ သက်သေ မခံနိုင်ပါဘူး...
တချို့ချို့သော အကြောင်းအရာတွေဟာ ကျွန်တော်တို့ သာမာန်လူတွေ မမြင်နိုင် မကြားနိုင် မသိနိုင် အဖြေမထုတ်နိူင်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေအဖြစ် ရှိနေဆဲဆိုတာကိုတော့ စာဖတျသူတို့ သိပြီးသားဖြစ်ပါလိမ့်မယ်....
########
အခုအချိန်က စပြီး အငြိုးကြီးတဲ့ သုဘရာဇာကြီး အကြောင်းကိုပြောပြတော့မှာ ဖြစ်တဲ့အတွက် နောက်ဆုံးအနေနဲ့ ရှင်းပြချင်တာ တစ်ခုက....
တောနယ်တွေဘက်မှာ အသုဘချတဲ့ အခါ ဟိုးအရင်က ထမ်းစင်နဲ့ ချကြပါတယ်...တစ်ချို့နယ်ဘက်တွေမှာလည်း မြင်းလှည်း နွားလှည်း တွန်းလှည်း စသည်များဖြင့် သယ်ဆောင်ပြီး ချတတ်ကြပါတယ်...
ခေတ်ကာလတွေ ပြောင်းလဲလာပြီးနောက်ပိုင်းမှာတော့... ယခုဆိုလျှင် ကားတွေနဲ့ ချကြသလို...ထော်လာဂျီ {တုတ်တုတ်} စသည်များဖြင့် အသုဘ အခေါင်းကိုတင်ဆောင်ပြီး ချနေကြပါပြီ...
ယခုစာရေးသူ ပြောပြမယ့် အကြောင်းအရာမှာပါမယ့် ရွာလေးမှာ ဟိုးအရင် မတိုးတက်ခင် အသုဘချစဉ်က တွန်းလှည်းကို အသုံးပြုပြီး သေသူရဲ့ အလောင်းကို ထည့်ထားတဲ့ အခေါင်းကို တွန်းလှည်းပေါ်တင်ပြီး င်္သချိုင်းကုန်း ခေါ် လူသေမြှုပ်နှံရာ သုဿ န်သို့ ပို့ဆောင်ခဲ့ ကြသည့် ဓလေ့တရပ်ရှိခဲ့ဖူးပါတယ်...
တွန်းလှည်းအကြောင်းပြောနေခြင်းက အခု ပြောပြမယ့် ဇာတ်လမ်းအတွက် အဲဒီ တွန်းလှည်းကြီးက အဓိကနေရာကနေ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်...
##########
အငြိုးကြီးတဲ့ သုဘရာဇာကြီး
~~~~~~~~~~~~~~~~~~~~
ကံလှရှာ...
ကံလှရွာဆိုတာက ဧရာဝတီတိုင်းထဲမှာပါဝင်တဲ့ ကျေးရွာတစ်ရွာပေါ့... ကံလှရွာလေးဟာ အရမ်းကိုသာယာပြီး တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်... ဗမာလူမျိုးကတော့ အများဆုံးနေထိုင်ကြပါတယ်...
ကံလှရွာလေးမှာ မှီတင်းနေထိုင်ကြတဲ့ ရွာသူရွာသားအများစုက လယ်ယာလုပ်ငန်းနဲ့ အသက်မွေးကြသလို ဧရာဝတီမြစ်ကမ်းနဖူးမှာ ရှိတဲ့ ရွာလေးဖြစ်လို့ တံငါလုပ်ငန်းနဲ့ အသက်မွေးကြသူတွေလည်း ရှိကြပါတယ်...
ရွာလေးရဲ့ ထိပ်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိနေပြီး...အဲဒီဘုန်းကြီးကျောင်းရဲ့ နံဘေးမှာတော့ ကံလှရွာရဲ့ င်္သချိုင်းကုန်းဆိုတာ ရှိပါတယ်...
အဲဒီ င်္သချိုင်းကုန်းမှာ ဦးထိန်ဆိုတဲ့ သုဘရာဇာကြီး တစ်ယောက်ရှိတယ်...ဦးထိန်ဆိုတဲ့ သုဘရာဇာကြီးက ကံလှရွာမှာ မွေးတဲ့ ရွာခံတစ်ယောက်တော့ မဟုတ်ပါဘူး... အရင်က ဦးထိန်ဘယ်မှာနေခဲ့တယ်ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး...
ဒါပေမယ့် ဦးထိန်ကံလှရွာပြင်က င်္သချိုင်းကုန်းကို ရောက်နေခဲ့တာ ၁၀နှစ်ကျော်နေပါပြီ...ဦးထိန်က သဘောကောင်းတယ်...စကားနည်းတယ်...အရက်သောက်တတ်ပေမယ့်...ဘယ်သူ့ကိုမှ ပြဿ နာ မရှာဖူးသလို ဘယ်သူနဲ့မှလည်း ပြဿ နာမတက်ခဲ့ဖူးပါဘူး...ဦးထိန်အရက်မသောက်ထားတဲ့ အချိန်တွေဆို င်္သချိုင်းကုန်းဘေးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းက ဝေယာဝိစ္စတွေကို ကူလုပ်ပေးကြပါ...
ကံလှရွာလေးက င်္သချိုင်းကုန်းကို ဦးထိန်ရောက်မလာခင်က သုဘရာဇာတစ်ယောက်တော့ရှိခဲ့ဖူးတယ်...ဦးထိန်အရင် ရှိနေခဲ့တဲ့ သုဘရာဇာကြီး ကွယ်လွန်သွားပြီး ဦးထိန်ရောက်မလာခင် အထိ အဲဒီင်္သချိုင်းကုန်းမှာ သုဘရာဇာ အဆက်ပြတ်နေခဲ့တယ်...အဲဒီလို သုဘရာဇာ မရှိခင် အချိန်တွေတုန်းကတော့ ရွာထဲက လူတွေသေရင်...ရွာခံတွေကပဲ သဂြိုလ်ပေးကြပါတယ်...
ဘယ်ကနေ ဘယ်လို ရောက်လာမှန်းမသိတဲ့ ဦးထိန် ...ရောက်လာတော့ တာဝန်တစ်ခုပေါ့ သွားတယ်လို့ ရွာခံတွေက သတ်မှတ်ပြီး ဦးထိန် င်္သချိုင်းကုန်းနေပြီး လူသေတွေကို မြှပ်ပေးတဲ့ သုဘရာဇာအလုပ်လုပ်တာကို ဘယ်ရွာခံကမှ မကန့်ကွက်ခဲ့ကြပါဘူး...
ဦးထိန်ရောက်စကတော့ မကန့်ကွက်ပေမယ့် မယုံသင်္ကာနဲ့ စောင့်ကြည့်နေခဲ့ကြသူတွေတော့ ရှိတာပေါ့...
အချိန်တွေကြာလာတဲ့ အထိ ဦးထိန်မှာ အပြစ်ပြောစရာ တစ်ခုမှ မရှိလေတော့...ဦးထိန်ကို ထပ်ပြီး စောင့်ကြည့်မနေကြတော့ပါဘူး...တဖြေးဖြေးနဲ့ ရွာသူရွာသားတွေက ဦးထိန်ကို ခင်လာကြတယ်...
ဦးထိန်က ရွာထဲကို သိပ်မလာဘူး...သူ့ဘာသူ င်္သချိုင်းကုန်းမှာပဲ အေးအေးဆေးဆေးနေတတ်တယ်...ဦးထိန်လာတယ်ဆိုရင်လည်း သူသောက်စရာ အရက်ကုန်လို့ လာဝယ်တာပဲ ရှိတယ်...ဦးထိန်တစ်ယောက်ဘာတွေစားပြီး ဘယ်လိုနေတယ်ဆိုတာကိုတော့ ဘယ်သူမှမသိကြပါဘူး...
ဒီလိုနဲ့ နေလာကြရင်း တစ်ရက်မှာတော့...ကံလှရွာလေး... ရွာနာမည်နဲ့ မလိုက်အောင် ကံဆိုးမိုးမှောင်ကြစေမယ့် ကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်...
ဘာကိစ္စလည်းဆိုတော့ ...
ကံလှရွာရဲ့ ကွမ်းတောင်ကိုင်ဆိုလဲ ဟုတ်...ရွာလူကြီးရဲ့ တူမဆိုလဲ ဟုတ်တဲ့...ခင်ခင်ထားဆိုတဲ့ မိန်းမချောလေးတစ်ယောက် အဓ္ဓမအကျင့်ခံရပြီး အသတ်ခံရထားရတာကို ခင်ခင်ထားပျောက်လို့ လိုက်ရှာကြတဲ့ ရွာသားတွေက င်္သချိုင်းကုန်းထဲမှာ ခင်ခင်ထားရဲ့ ရုပ်ပျက်ဆင်းပျက်နဲ့ အရှက်မဲ့နေတဲ့ အလောင်းကို တွေ့ရှိခဲ့ကြရာကနေ အစပြုခဲ့ခြင်းဖြစ်ပါတယ်...
ခင်ခင်ထားရဲ့ အရှက်မဲ့ အသက်မဲ့နေတဲ့ အလောင်းကိုကြည့်ပြီး ဒေါသထွက်နေတဲ့ ကံလှရွာသူရွာသားတွေက ခင်ခင်ထားကို အခုလို ရက်ရက်စက်စက်သတ်တဲ့ လူဟာ သုဘရာဇာကြီး ဦးထိန်ပါလို့ ဝိုင်းစွပ်စွဲကြပြီး ဦးထိန်က သူမဟုတ်ကြောင်း တောင်းပန်နေတဲ့ကြားက ဦးထိန်ကို ဝိုင်းရိုက်ပြီး မသေမရှင်ဖြစ်နေတဲ့ ဦးထိန်ကို အရှင်လတ်လတ်မီးရှို့ပြီး သတ်လိုက်ကြတယ်...
ဦးထိန်ကို သတ်နေတဲ့ အချိန်မှာ ရွာကျောင်းဆရာတော်က ဝင်တားခဲ့သေးပေမယ့် ဒေါသထွက်နေတဲ့ ရွာသူရွာသားတွေက ဆရာတော်ရဲ့ စကားကိုတောင် နားမထောင်ကြတော့ပဲ သူတို့လုပ်ချင်သလို လုပ်လိုက်ကြတယ်...
ဦးထိန်မသေခင်လေးမှာ သူ့ကို ရက်ရက်စက်စက် ဝိုင်းသတ်နေကြတဲ့... ရွာသူရွာသားတွေကို စကားတစ်ခွန်းပြောသွားတယ်...
*ဒီကိစ္စက ငါနဲ့မဆိုင်ဘူး...မင်းတို့တွေ ငါ့ကို ရက်ရက်စက်စက်အခုလို လုပ်ကြတယ်...မင်းတို့ကို ငါခွင့်မလွှတ်ဘူး...မင်းတို့လည်း ငါသေသလို အသေဆိုးနဲ့ သေရစေမယ် ...*
လို့ပြောပြီး ဒဏ်ရာ ဗလပွနဲ့ မချိမဆံ့ခံစားရင်း အသက်ထွက်သွားခဲ့တယ် ...
ဦးထိန်ကို ရွာသားတွေ သတ်လိုက်ကြတဲ့ နေ့က
***သောကြာနေ့...***
#####
ခင်ခင်ထားသေတဲ့ ကိစ္စကြောင့် ဦးထိန်ကို သတ်လိုက်ကြပြီး နောက်တစ်ပတ် ...
သောကြာနေ့ ည...
အချိန်က ည၁၂ နာရီ တိတိ...
တိတ်ဆိတ်ငြိမ်သက်ပြီး အိပ်မောကြနေတဲ့ ကံလှရွာလေးမှာ... ရုတ်တရက် ခွေးတွေ ဆူညံစွာ ထိုးအူတဲ့ အသံကိုစတင်ကြားလိုက်ရတယ်....
ဝူးးးး အူးးး အုးးး အူးးးး
တစ်ရွာလုံးမှာ ရှိတဲ့ ခွေးတွေ တစ်ပြိုင်နက်ထဲ စူးစူးဝါးဝါး အူကြ ဟောင်ကြလို့ တစ်ရွာလုံး လန့်နိုးလာကြတယ်...
ဘာဖြစ်လို့ ခွေးတွေဒီလောက်ဟောင်နေကြတာလဲ လို့ တွေးနေကြရင်းပေါ့...တစ်ချို့ လည်း အိမ်တံခါးဖွင့်ပြီး အိမ်ပြင်ကို ထွက်ကြည့်ကြတယ်...
ဘာမှ မတွေ့ကြလို့ အိမ်ထဲ ပြန်ဝင်ကြတဲ့ အချိန်မှာပဲ...
ခွေးဟောင် သံတွေ ခွေးအူသံတွေ ပျောက်သွားပြီး...ရွာထိပ်ဘက်ဆီကနေ အသံတစ်သံကို စကြားလိုက်ရတယ်....
ကျွီ...ကျွီ...ဒလုံး...ဒလုံး...ကျွီ....
အဲဒီ အသံကို စကြားလိုက်ရတာက ရွာထိပ်ဘက်မှာ နေတဲ့ အိမ်တွေကပေါ့...
အချိန်မတော်ကြီး ဘယ်သူကများ လှည်းမောင်းလာတာလဲ... ခွေးတွေ အူပြီးကတည်းက ကြက်သီးတွေထပြီး ချက်ချင်းပြန်အိပ်မပျော်ကြသေးတဲ့ ရွာထိပ်ဘက်မှာ နေသူတွေက...သူတို့ကြားနေရတဲ့ ကျွီ...ကျွီ သံကို နွားလှည်းတစ်စီး မောင်းဝင်လာတာလို့ ထင်လိုက်ကြပြီး
ဘယ်သူဘယ်ဝါပါလိမ့်ဆိုပြီး ထွက်ကြည့်ကြတော့....
ရွာထိပ်ဘက်ကနေ လာနေတဲ့ သူတို့ထင်ထားတဲ့ အသံဟာ နွားလှည်းတစ်စီးမဟုတ်ပဲ...ရွာပြင်င်္သချိုင်းက ဇရပ်ကြီးမှာ ထားတဲ့ လူသေအခေါင်းတင်တဲ့ တွန်းလှည်းကို လူတစ်ယောက်က တွန်းပြီး ဝင်လာနေတာကို တွေ့လိုက်ကြရတယ်...
ဘယ်သူပါလိမ့်...ဒီအချိန်ကြီး ဘာလို့ ဒါကြီးကို တွန်းလာပါလိမ့်...ရွာထဲမှာ ဘယ်သူသေလို့လဲ...စတဲ့ အတွေးတွေနဲ့ မှောင်နေလို့ လှည်းတွန်းလာသူကို မမြင်ရသေးခင် အိမ်ထဲပြန်မဝင်ကြသေးပဲ... အတွေးကိုယ်ဆီနဲ့ စောင့်ကြည့်နေကြတုန်းမှာပဲ....
တဖြေးဖြေးနီးလာတဲ့ အသုဘတွန်းလှည်းကြီးကို တွန်းလာတဲ့ သူကို သဲသဲကွဲကွဲ မြင်လိုက်ကြတယ်...ပြီးတော့ တွန်းလှည်းပေါ်မှာလဲ လူလို့ထင်ရတဲ့ အရာတစ်ခုပါလာတာကိုပါ တွေ့လိုက်ကြရတယ်...
တွန်းလှည်းကို တွန်းလာတဲ့ သူက ပြီးခဲ့တဲ့ သောကြာနေ့က သူတို့တရွာလုံးက ရက်ရက်စက်စက် ဝိုင်းရိုက်ပြီး အရှင်လတ်လတ်မီးရှို့ သတ်ခဲ့တဲ့ ရွာပြင်င်္သချိုင်းမှာနေတဲ့ သုဘရာဇာကြီး ဦးထိန်...
ဦးထိန် တွန်းလာတဲ့ တွန်းလှည်းပေါ်မှာ ပါလာတဲ့ သူက... ခင်ခင်ထား...
#######
အဲဒီ မြင်ကွင်းကို မြင်လိုက်ကြသူတွေထဲမှာ တစ်ချို့က နေရာမှာပဲ မေ့လဲသွားကြတယ်...
တစ်ချို့က ကြောက်လန့်ပြီး အဲဒီမြင်ကွင်းကို ကြက်သေသေပြီး ကြောင်ကြည့်နေကြတယ်...
တစ်ချို့က ကြောက်လန့်တကြား အိမ်ထဲကို ဝင်ပြေးကြတယ်....
#####
တွန်းလှည်းကြီးကို ဦးထိန်က ရွာထဲအထိ ခေါက်တုန့်ခေါက်ပြန်တွန်းသွားနေတာ တစ်ညလုံးနီးပါးဆိုတော့..
ရွာသူရွာသားတွေ အကုန် ဦးထိန်နဲ့ သူ့ရဲ့ တွန်းလှည်းကြီး...နောက်တော့ လှည်းပေါ်မှာ လဲလျောင်းနေတဲ့ ခင်ခင်ထားကို မြင်လိုက်ကြရတယ်...
ရွာထဲမှာ တွန်းလှည်းကြီးကို လျှောက်တွန်းနေတဲ့ အသံကို တစ်ညလုံးကြားပြီး ဘယ်သူမှ အိပ်မပျော်ကြတော့ သလို... ဘုရားတရင်းကြာက်လန့်နေကြတယ်...
မိုးလင်းခါနီး ၃နာရီခွဲကျော်လောက်မှာ တွန်းလှည်းကြီးကို တွန်းနေတဲ့ အသံပျောက်သွားတယ်...ဒါပေမယ့် ဘယ်သူမှ ထွက်မကြည့်ဝင့်ကြဘူး...
######
တွန်းလှည်းကြီးကို တွန်းနေတဲ့ အသံပျောက်သွားပြီး သိပ်မကြာခင်မှာတော့...ရွာထဲက အိမ်တစ်အိမ်ကနေ အသံတစ်သံထွက်လာတယ်....
*ကယ်ကျပါအုံး...ကျမ ယောက်ျားဘယ်ဖြစ်တာလဲ မသိဘူး...ခေါ်လို့မရတော့ဘူး...ကယ်ကြပါ အုံး...ရှင်.... ကိုထွန်းရင် ...ကိုထွန်းရင် ထပါအုံး...ကိုထွန်းရင်...*
*အဖေ ...အဖေ...အီးးး...ဟီးးး ဟီးးး*
ကိုထွန်းရင်ရဲ့ မိန်းမနဲ့ ကလေးတွေရဲ့ အော်သံတွေ ငိုသံတွေကို ကြားလိုက်ရလို့...ကိုထွန်းရင်တို့ အိမ်နီးနားချင်းတွေက မနေသာလို့ အရဲစွန့်ပြီး ထွက်လာကြပြီး...ကိုထွန်းရင်ရဲ့ အိမ်ကို အသွား...ကိုထွန်းရင်ရဲ့ အိမ်ရှေ့မှာ...သူတို့တွေ့လိုက်ရတဲ့ အရာကြောင့်... ကိုယ့်အိမ်ကိုယ်ပြန်ပြေးသွားကြတယ်....
ကိုထွန်းရင်ရဲ့ အိမ်ရှေ့မှာ သူတို့တွေ့လိုက်ရတဲ့ အရာက....
သုဘရာဇကြီး ဦးထိန်...ခင်ခင်ထားကို တင်ပြီး ညက တစ်ညလုံးနီးပါး လျှောက်တွန်းနေတဲ့... အသုဘ တွန်းလှည်းကြီးကို ကိုထွန်းရင်ရဲ့ အိမ်ရှေ့တည့်တည့်မှာ ရပ်ထားခဲ့တယ် ဆိုတာကို တွေ့လိုက်ကြလို့ပါပဲ...
######
မိုးစင်စင်လင်းပြီး နေအတော်မြင့်မှ ရွာသားတွေလည်း ထွက်လာရဲပြီး ကိုထွန်းရင်ရဲ့ အသုဘကိစ္စကို ဝိုင်းဝန်းကူညီပေးကြတယ်...အသုဘ တွန်းလှည်းကြီးကို ရွာပြင် င်္သချိုင်းမှာ ပြန်ထားဖို့ တွန်းပြီး ရွှေ့ကြပေမယ့်... ဘယ်လိုမှ တွန်းမရဘူး ဖြစ်နေတယ်...
ရွာကျောင်းဆရာတော်ဆီ အပြေးအလွှားနဲ့သွားပြီး ညက ဦးထိန်ကိစ္စနဲ့ ကိုထွန်းရင်ကိစ္စ နောက်တော့ တွန်းလှည်းကြီးတွန်းမရတဲ့ ကိစ္စတွေကို လျှောက်တင်ကြတော့...ဆရာတော်ရဲ့ မျက်နှာပျက်သွားပြီး မကြည်မသာနဲ့ပဲ ကိုထွန်းရင်ရဲ့ အသုဘအိမ်ကို ကြွလာတယ်...
ဆရာတော်ကြီး ကိုထွန်းရင် အိမ်ရောက်တော့... ချက်ချင်း သရဏဂုံတင်ပေးပြီး...ကိုထွန်းရင်ရဲ့ အလောင်းကို တွန်းလှည်းပေါ်တင်ပြီး တွန်းတော့မှ တွန်းလှည်းကြီးက တွန်းလို့ရတော့တယ်...
ဆရာတော်ကပဲ...ကိုထွန်းရင်ရဲ့ အလောင်းကို တစ်ခါတည်း ရွာပြင် င်္သချိုင်းကို ရွေ့ထားကြဖို့နဲ့...နေ့မကူးခင် တစ်ခါတည်း သဂြိုလ်လိုက်ကြဖို့ မိန့်တာနဲ့ ဆရာတော်ရဲ့ စကားအတိုင်း ဆောင်ရွက်လိုက်ကြတယ်....
ကိုထွန်းရင်ကို သဂြိုလ်ပြီးတာနဲ့ ကြောက်လန့်နေကြတဲ့... ရွာသူရွာသားတွေက..ဆရာတော့်ကို...ဦးထိန်ကိစ္စကို ကူညီဖြေရှင်းပေးဖို့ လျှောက်တင်ကြတယ်...
ဆရာတော်က သတ္တဝါတစ်ခု ကံတစ်ခုပဲ ဒါကာတို့... မင်းတို့ ပြုတဲ့ ဒဏ်မင်းတို့ပြန်ခံရတော့မယ်...ဘုရားတရား မြဲကြပါ... ဦးထိန်နဲ့ သေသူတွေကို ရည်စူးပြီး ကုသိုလ်ကောင်းမှု့တွေလုပ်ကြပါ...အမျှအတန်းဝေပေးကြပါ...မေတ္တာပို့ပေးကြပါလို့... မိန့်ပြီး မျက်နှာမသာမယာနဲ့ ကျောင်းပေါ်ပြန်ကြွသွားပြီး ဘာစကားမှ ထပ်မပြောတော့ပဲ ဘုရားရှစ်ခိုး မေတ္တာပို့ နေတော့တယ်....
######
ပထမဆုံး သုဘရာဇာကြီး ဦးထိန်ရဲ့ အငြိုးကြောင့် စျေးဦးပေါက်သွားသူက ကိုထွန်းရင်..
ဒါပေမယ့် အဲဒီကိစ္စက ကိုထွန်းရင်နဲ့တင် ပြီးမသွားခဲ့ပါဘူး...
အပတ်စဉ်သောကြာနေ့ ည ၁၂နာရီထိုးတိုင်း... ခွေးအူသံတွေကြားရပြီးပြီဆိုတာနဲ့...တွန်းလှည်းကြီးကို တွန်းပြီး ရွာထဲကိုဝင်ဝင်လာတတ်တဲ့...သုဘရာဇာကြီး ဦးထိန်နဲ့...သူ့ရဲ့ တွန်းလှည်းပေါ်က ခင်ခင်ထားကို တွေ့ကြရပြီး...တွန်းလှည်းတွန်းသံပျောက်သွားတိုင်း ရွာထဲက အိမ်တစ်အိမ်မဟုတ် တစ်အိမ်ဆီက လူသေလို့ အော်ဟစ်ငိုကျွေးသံတွေ ထွက်လာတတ်တယ်...
အဲဒီလို ငိုသံထွက်လာပြီဆိုတာနဲ့ သွားကြည့်စရာမလိုပဲ...ဦးထိန်ရဲ့ အသုဘလှည်းကြီးက အဲဒီ ငိုသံတွေထွက်လာတဲ့ အိမ်ရှေ့မှာ ရပ်ထားခဲ့တယ်ဆိုတာ လူတိုင်း သိနေကြတယ်...
#######
တစ်ပတ်တစ်ယောက်နဲ့ အလှည့်ကြသေနေကြတော့...တစ်ချို့လည်း ကြောက်လန့်ပြီး ရွာပါပြောင်းပြေးကြတယ်...
ဘယ်လိုပဲ ပြောင်းပြေးပြောင်းပြေး...သောကြာနေ့ညရောက်လို့ ဦးထိန်ရဲ့ လှည်းကြီးက အဲဒီပြောင်းပြေးသွားသူတွေရဲ့ ရွာမှာကျန်ခဲ့တဲ့အိမ်ရှေ့မှာ ရပ်ထားခဲ့တယ်ဆိုရင်...အဲဒီပြောင်းပြေးသွားတဲ့ သူတွေထဲက ကြိုက်တဲ့နေရာကိုပြောင်း ပြောင်းတဲ့နေရာမှာ သေရောပဲ...
အဲလိုပြောင်းပြေးလူတွေအတွက် ပိုဆိုးတာက...လူသေယုံမကပဲ...သေသွားတဲ့ လူရဲ့အလောင်းကို မ မရ ရွှေ့မရဖြစ်နေတတ်တယ်...
အဲဒီလို မ မရ ရွှေ့မရ ဖြစ်နေလို့ တတ်သိနားလည်တဲ့ ဆရာတွေ...ဘုန်းကြီးတွေနဲ့ တိုင်ပင်ကြည့်တဲ့ အခါ...သေဆုံးသွားသူရဲ့ အဝတ်အစားတစ်စုံရယ် စီးတဲ့ ဖိနပ်ကိုယူပြီး...ကံလှရွာမှာ ကျန်နေခဲ့တဲ့ သူတို့အိမ်အဟောင်းရှေ့မှာ ရပ်ထားတဲ့ ဦးထိန်ရဲ့ တွန်းလှည်းကြီးပေါ် သွားတင်မှ တွန်းလှည်းကြီးကိုလည်း ရွာပြင် င်္သချိုင်းကို ပြန်ရွှေ့လို့ရကြပါတယ်...
တခြားနေရာမှာ သေသွားသူတွေရဲ့ အဝတ်အစားအသုံးဆောင်တွေကိုလည်း ကံလှရွာပြင် င်္သချိုင်းကုန်းမှာ အရင်မီးရှို့ သဂြိုလ်ပေးရတယ်... အဲဒီလို လုပ်ပေးမှ သေသူရဲ့ အလောင်းကို မလို့ ရွှေ့လို့ ရပြီး သေသူသေဆုံးသွားတဲ့ သက်ဆိုင်ရာ ရွာမှာ သဂြိုလ်လို့ရပါတယ်...
######
ကံလှရွာက ပြောင်းပြေးတာတောင်...အဲဒီလို အဖြစ်ဆိုးတွေ ကြုံနေရတယ်ဆိုတော့ ဘယ်သူမှ ထပ်မပြောင်းပြေးရဲတော့ဘူးပေါ့...
အထက်ပါကိစ္စတွေက အပတ်စဉ်သောကြာနေ့တိုင်း ဖြစ်ဖြစ်နေတာဆိုတော့ ကံလှရွာလေးဟာ အရင်လို နေချင်စရာမကောင်းတော့ဘူး...ရွာသူရွာသားတွေထဲက ကလေးကအစ လူကြီးပါမကျန်နောက်အပတ် သောကြာနေ့ည ရောက်ရင် ငါသေရတော့မှာလားဆိုတဲ့ အတွေးနဲ့ အသက်ရှင်နေကြရတာဆိုတော့... စိတ်ဆင်းရဲ ကိုယ်ဆင်းရဲပြီး ကျန်းမာရေးပါ ထိခိုက်လာကြတော့တယ်...
သုဘရာဇာကြီး ဦးထိန်ကိစ္စနဲ့ ကံလှရွာအကြောင်းကို ရွာနီး ချုပ်စပ်ပါမက...မြို့ပေါ်က လူတွေပါ သိကုန်ကြတယ်...
တတ်သိနားလည်တဲ့ ဆရာတော်တွေ ... အထက်လမ်းဆရာကြီးတွေကပါ ကံလှရွာလေးကို ကယ်တင်ဖို့ရောက်လာကြပေမယ့်...
ရွာသားတွေ ကိုယ်တိုင်က အမှားကျူ းလွန်ထားခဲ့သလို... သူတို့သတ်လို့ သေသွားရတဲ့ သုဘရာဇာကြီး ဦးထိန်ရဲ့ အငြိုးအတေးကလည်း အရမ်းကြီးနေတော့...ဘယ်လိုမှ ကူညီဆောင်ရွက်ပေးလို့မရဘူးဖြစ်နေတယ်...
အငြိုးအတေးကြီးရဲ့ မကျွတ်မလွတ်သူ ဦးထိန်က ခင်ခင်ထားရဲ့ ဝိဥာဉ်ကိုပါ ဖမ်းချုပ်ထားပြီး ဘဝပေးမကူးဘူး တဲ့... နင့်ကြောင့် ငါ ဒီလိုသေရတာဆိုပြီး ...ခင်ခင်ထားကိုပါ အငြိုးအတေးထားခဲ့တယ်...
ဦးထိန်ရဲ့ ဝိဥာန်နဲ့ ဆက်သွယ်ပြီး မေတ္တာရပ်ခံကြတာတွေ...ဘယ်လိုလုပ်ပေးမှ ကျေနပ်နိုင်မှာလဲ ဆိုတာတွေကို မေးမြန်းပြီး နားချဖျောင်းဖျတော့...
ဦးထိန်က ဘာပြန်ပြောသလဲဆိုတော့...
သူ့ကို သတ်နေတဲ့ အချိန်မှာ ရှိနေတဲ့ ရပ်ကြည့်နေကြတဲ့...ဝိုင်းသတ်ကြတဲ့ လူတွေ အကုန်သေမှ ဒီကိစ္စပြီးမယ်...အဲဒီလူတွေထဲမှာ သူ့ကို သတ်နေတုန်းက တားတဲ့ ဆရာတော်နဲ့ တခြားကျန်တဲ့ ရွာသားတစ်ချို့ကိုပဲ အသက်ချမ်းသာပေးမယ် တဲ့ လေ...
ဦးထိန်စကားကြားရတော့ ခက်ပြီပေါ့...ဦးထိန်ကို ဝိုင်းသတ်တဲ့ အချိန်မှာ ရှိနေကြတာက တစ်ရွာလုံးနီးပါးပဲ ဆိုတော့...အဲဒီလို မလုပ်ပါနဲ့ တစ်ခြားနည်းလမ်းရွေးပြီး သက်ညှာပေးဖို့ ထပ်ပြီး တောင်းပန်ကြရပြန်တယ်...
ရွာသားတွေကလည်း သူတို့ အမှားကို တောင်းပန်ပြီး ခွင့်လွှတ်ဖို့ ပြောကြတယ်...နောက်ဆုံး ဦးထိန်က အလျော့ပေးလိုက်လျောပြီး သူ့ကို သတ်ချိန်မှာ သူရောက်နေတဲ့ အသက်အရွယ်တိုင်း ကံလှရွာမှာ သူ့ကို သတ်စဉ်က ပါခဲ့သူတွေထဲက ကံဆိုးသူတွေ သေရမယ်...အဲဒီထက် ထပ်မလျော့နိုင်ဘူး လို့ ပြောလာတယ်....
ခက်တာက ဦးထိန်က သူ့အသက်ဘယ်လောက်မှာ သေသွားတယ်ဆိုတာ ပြောမပြသွားသလို...သိနေကြတဲ့ ဆရာကြီးတွေကိုလည်း မပြောပြဖို့ တားထားတယ်...
အဲဒီလို ညှိပြီးနောက်ပိုင်း ဦးထိန်ရဲ့ ဝိဥာဉ်ကို ပြန်ခေါ်လို့ကို မရတော့ပါဘူး...ဘယ်လိုခေါ်ခေါ် မလာဘူး...မလာတာကို အတင်းခေါ်လို့ စိတ်ဆိုးပြီး သူ့စိတ်ပြောင်းသွားမှာလည်း စိုးလို့ ထပ်မခေါ်ကြတော့ပါဘူး...
ပြောဖို့ မေ့သွားတာက ဦးထိန် ကလဲ့စားချေပြီး ပြန်သတ်တဲ့ သေအောင်လုပ်တာကို ခံရတဲ့ လူတွေထဲက ပထမဆုံး သေသွားတဲ့ လူ ၃ယောက်ဟာ ခင်ခင်ထားကို င်္သချိုင်းထဲ ခေါ်လာပြီး အဓ္ဓမ ကျင့်သတ်သွားတဲ့ သူတွေလို့ ဦးထိန်ဝိဥာဉ်ကိုခေါ်မေးတုန်းက ပြောသွားတယ်...
#####
ဦးထိန်ရဲ့ အသက်ကို အတိအကျ မသိလို့ ခန့်မှန်းကြည့်ကြတော့ ၅၀ ဝန်းကျင်လို့ ခန့်မှန်းကြတယ်...
ဦးထိန်သေပြီး ဦးထိန်တွန်းလှည်းရပ်လို့ သေသွားခဲ့ကြသူတွေက ၁၂ယောက်ပဲ ရှိသေးတော့... နောက်ထပ် လူ၄၀ကျော် ဒါမှ မဟုတ် လူ၄၀နီးပါး ကျန်နေသေးတယ်ဆိုပြီး... နောက်ထပ်သေပေးရမယ့် လူတွေဟာ ဘယ်သူဖြစ်မလဲ မသေချာတော့ စိတ်ဆင်းရဲနေကြရပြန်တယ်...
ဆရာတော်ကြီးတွေက စိတ်ဆင်းရဲနေယုံနဲ့ မပြီးကြောင်း...ဘုရားတရား လုပ်ပြီး ကုသိုလ်ကောင်းမှု့တွေ များများလုပ်ဖို့ တိုက်တွန်း မိန့်ကြားလို့... အဲဒီ အဖြစ်အပျက် ဖြစ်နေစဉ်မှာပဲ ကံလှရွာ တစ်ရွာလုံး...သတ်သတ်လွတ်စားကြတယ်...ဘုရားတရား အလှူ အတန်းတွေ လုပ်ကြတယ်...
ဦးထိန်နဲ့ ညှိပြီး နောက်ပိုင်းနောက်ထပ် လူ ၃ယောက် တိတိ ဦးထိန်ရဲ့ တွန်းလှည်းကြီးကြောင့် သေဆုံးသွားကြပေမယ့်...၁၅ယောက်ပြည့်ပြီး နောက်ပိုင်းမှာတော့... သောကြာနေ့ညတိုင်း ကံလှရွာသားတွေ ကြားနေရတဲ့ တွန်းလှည်းကြီးသံကို မကြားရတော့သလို...လူတွေလည်း ထပ်မသေကြတော့ပါဘူး....
ဦးထိန်ကြီးတစ်ယောက် စိတ်ကူးပြောင်းသွားတာလား...ဒါမှ မဟုတ် ကျွတ်လွတ်သွားတာလား...အငြိုးတွေ ကလဲ့စားတွေရဲ့ ပူလောင်မှု့ကို နားလည်သွားတာလား...ဘုရားတရားမြဲလာကြတဲ့ ကံလှရွာသားတွေကို မြင်ပြီးပဲ သူ့အငြိုးတွေကို ဖြေလျှော့လိုက်လေသလားဆိုတာကိုတော့ တိတိကျကျ သိသူမရှိကြပါဘူး....
အထက်ပါ ဖြစ်ရပ်တွေဖြစ်ခဲ့ပြီးနောက်ပိုင်းကစလို့ ယနေ့အချိန်အထိ ကံလှရွာလေးမှာ နေထိုင်ကြသူ ရွာသူရွာသားတွေဟာ သတ်သတ်လွတ်ပဲ စားကြတော့သလို... ဘုရားတရားကိုင်းရှိုင်းပြီး ဘာသာရေးအရမ်းလိုက်စားကြသူတွေ အဖြစ် ဆက်လက်နေထိုင်လျှက်ရှိကြပါတော့တယ်....
#######
ပြီးပါပြီ....
လေးစားလျှက်...
မရဏ ဖြား...
မူရင်းစာရေးသူအားcrdပေးပါသည်။
Crd..//

إرسال تعليق