ပြောင်းလဲလာတယ်ဆိုတာ ဒဏ်ရာတွေအများကြီးရခဲ့လို့ပါ....

ပြောင်းလဲလာတယ်ဆိုတာ ဒဏ်ရာတွေအများကြီးရခဲ့လို့ပါ....


အပြင်သွားမလို့လား သွားလေ မတားတော့ဘူး ။ ဖုန်းချမလို့လား ချလေ ဘာလို့လဲ မမေးတော့ဘူး ပြီးတော့ ဖုန်းမဆက်ဘူးလား ရတယ် ဘာမှ မဖြစ်ဘူး ကိုယ့်ဖက်ကလဲ ခဏခဏ မတက်သွယ်ဖြစ်တော့ဘူး ။ 

ဘာကြောင့်လဲတဲ့... ဒီလိုပုံစံမျိုးကိုပဲ လိုချင်ခဲ့တာ မဟုတ်ဘူးလား ။ အရင်တုန်းက ကျွန်မက အရမ်းကို သည်းသည်းလှုပ်ပြီး နေရာတကာ ပါတတ်တဲ့ ကောင်မလေးတစ်ယောက်လေ ။ ဘာလို့လဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေမေးပြီး အဖြေမရရင် ငိုတယ် ။ 

တစ်ယောက်ယောက်နဲ့ရှိနေရင် ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေမေးပြီးတော့ သဝန်တော့ တိုမိတာပေါ့ ။ နေထိုင်မကောင်းတဲ့အချိန် ဂရုမစိုက်ရင် ဘာလို့ ဂရုမစိုက်တာလဲဆိုပြီး ကျွန်မ ငိုနေခဲ့မိတာ ။ 

ဒါပေမယ့်... ကျွန်မ ပင်ပန်းသွားပြီထင်တယ် ။ ပြီးတော့ ဒဏ်ရာတွေ အများကြီးလဲ ရပြီးသွားလို့ နှလုံးသားက ထုံသွားပြီထင်ပါတယ် ကျွန်မ ထပ်ပြီး မမောချင်တော့ဘူး အဲ့တော့ ပြောင်းလဲလာရတာပေါ့ ။

နေမကောင်းဘူးလား... ဘယ်သူ့ဂရုစိုက်မှုကိုမှ မတောင့်တဖြစ်အောင်နေတယ် ။ သူ့ဆီကလဲ မလိုချင်မိအောင်နေတယ် ။ ဆေးသောက်လို​့ အဆင်ပြေရင်ဆေးသောက်လိုက်တယ် မပြေဘူးလား ဒီလောက်နဲ့ မသေနိုင်ပါဘူးကွာဆိုပြီးပဲ ခွေအိပ်နေလိုက်တယ် ။ 

အရက်သောက်မလို့လား... သောက် ဘာမှ မဖြစ်တော့ဘူး... နောက်ကျမှ အိမ်ပြန်ရောက်တာလား ပြန်ရောက်ပြီပေါ့ ဒီလောက်ပဲ စိတ်မပူပေးချင်တော့ဘူး ။ ပြီးတော့ စိတ်ပူပေးလဲ ပူပေးမှန်းသိတာမှ မဟုတ်တာ ချုပ်ချယ်တယ်ပဲထင်တာလား ။ 

ဒါ... မိန်းကလေး သူငယ်ချင်းလား... အင်း ဘာမှ မဖြစ်ဘူး ကျွန်မစိတ်ထဲ ဘယ်လိုမှတောင် မနေတော့ဘူး ရှင်းရှင်းပြောရရင် ရှင့်ကို ဆုံးရှုံးလိုက်ရမှာတောင် ကြောက်မနေတော့ဘူး ။ 

နှစ်တွေအကြာကြီး... ကိုယ့်ဖက်တစ်ချက်မှ မကြည့်တဲ့သူကို ဂရုစိုက်ရင်း စိတ်ပူရင်း ကျွန်မကို ကျွန်မ အများကြီး နှိပ်စက်ပြီးသွားပြီ ။ မျက်ရည်တွေနဲ့ အများကြီး အိပ်ပျက်ခဲ့ရပြီးသွားပြီ ။ ဒဏ်ရာဒဏ်ချက်တွေ အများကြီး ရခဲ့ပြီးသွားပြီလေ ။

အရင်လိုမဟုတ်တော့ဘူးနော်... ပြီးတော့ ပြောင်းလဲသွားပြီနော် တဲ့ ဒါ ရှင်လိုချင်တဲ့ ပုံစံမျိုးပဲ မဟုတ်ဘူးလား ။ ပြီးတော့ ရှင်လုပ်ခဲ့တာတွေလေ ။ 

 #ကျေးကို 
(ရင်နှင့်ရင်း၍ ရေးသည်)

Post a Comment

أحدث أقدم

Comments