"မကျော်သင့်သောစည်းကလေးများ"
လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ
စည်းလေးတစ်ခုတော့ထားပေးပါ
သူငယ်ချင်းပဲဖြစ်ဖြစ်
ချစ်သူချင်းပဲဖြစ်ဖြစ်
မောင်နှမကြားမှာပဲဖြစ်ဖြစ်
နောက်ဆုံး မိဘနဲ့သားသမီးကြားမှာတောင်
စည်းလေးတစ်ခုရှိရပါမယ်
လိုတာထက် ပိုမဝင်မိစေဖို့...
သူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ်ပိုင်ခံယူချက်
သူ့ရဲ့လွတ်လပ်ခွင့် သူ့ရဲ့ရည်မှန်းချက်
သူ့ရဲ့ပြင်လို့မရတဲ့ဗီဇနဲ့စရိုက်တွေအတွက်
ကိုယ်က ဝင်ရောက်သင့်တဲ့အတိုင်းအတာထက်
ပိုပြီးမဝင်မိစေဖို့....
မေးသင့်မေးထိုက်တာထက်
ပြောသင့်ပြောထိုက်တာထက်ပိုပြီး
ဘောင်တွေမကျော်ဖို့အတွက်
စည်းတစ်ခုထားကိုထားရပါမယ်...
အရမ်းချစ်ကြတဲ့သူတွေ
ဘာလို့မုန်းသွားကြသလဲ?
အရမ်းခင်ကြတဲ့မိတ်ဆွေတွေက
ဘာလို့အမုန်းဆုံးရန်သူတွေဖြစ်သွားကြသလဲ?
အရင်ကအရမ်းအဖွဲ့ကျ
စားအတူသွားအတူပျော်ခဲ့ကြတဲ့ BFF တွေ
ဘာလို့ခပ်တန်းတန်းတွေဖြစ်ကုန်ကြသလဲ?
ဘာလို့ တစ်ယောက်နဲ့တစ်ယောက်အထင်မကြီး
မလေးစားကြတော့တာလဲ...?
ပြဿနာအများစုရဲ့အဖြေကတော့
လိုတာထက်ပိုပြီး စည်းတွေကျော်
ဘောင်တွေနင်းခဲ့ကြလို့ပါ...
အရမ်းခင် အရမ်းချစ်နေကြဆဲကာလမှာတော့
အယုံကြည်ရဆုံးလို့ထင်မိပြီး
မိမိဘဝအကြောင်း မိမိစိတ်ဓာတ်အကြောင်း
မိမိရဲ့မိသားစုအကြောင်း
အိတ်သွန်ဖာမှောက်ပြောပြကြသလို
မိမိကလည်း သူတပါးရဲ့အတွင်းရေးတွေကို
အကြံပြု ဝေဖန်ဆုံးဖြတ်ကြပါတယ်....
အဆင်ပြေနေတုန်းတော့ အဆင်ပြေနေတာပေါ့
အဲဒီကတဆင့်တက်
သူ့ရဲ့ဘဝ ကိုယ့်ရဲ့ဘဝ
သူ့ရဲ့အတွင်းရေး ကိုယ့်ရဲ့အတွင်းရေးထိ
ဝင်ရောက်လာကြတယ်
စည်းလွတ် ဝါးလွတ်တွေပြောလာကြတယ်
ကိုယ့်အတွေးကိုယ့်အမြင်တွေကို
သူကလက်မခံတဲ့အခါ ရန်တွေဖြစ်လာကြတယ်..
သူ့ရဲ့စည်းလွတ်ဘောင်လွတ် နယ်ချဲ့ပြီး
မိမိအတွင်းရေးအထိ ပါဝင်လာတာကိုလည်း
ကိုယ်တိုင်က အရင်လိုမနှစ်သက်နိုင်တော့ပါဘူး
အဲဒီအခါမှာတော့...
သူ့အပေါ်ကိုယ်မြင်ခဲ့တဲ့ ကိုယ်အထင်ကြီးခဲ့တဲ့
အားသာချက်တွေအပြင်
ကိုယ်လက်ခံလို့မရတဲ့ ကိုယ်မကြိုက်နှစ်သက်တဲ့
သူ့ရဲ့ character တွေပါသိလာရတဲ့အချိန်မှာ
စည်းတွေတော်တော်ကျော်နေပါပြီ...
အကောင်းမြင်တာတွေမှေးမှိန်ပြီး
မကောင်းမြင်ချက်တွေ
အားသာလာတဲ့အချိန်မှာတော့
လူနှစ်ဦးရဲ့ဆက်ဆံရေးဟာ အရင်ကလိုမနွေးထွေးနိုင်တော့ပါဘူး...
သူကငါထင်သလိုမဟုတ်ဘူး ဆိုတာတွေ
သူကမိတ်ဆွေကောင်းမဟုတ်ဘူး ဆိုတာတွေ
တွေးမိလာကြပါတယ်
တကယ်တော့
လူတိုင်းရဲ့အတွင်းစိတ်မှာ
weak point တွေရှိနေပါတယ်
မရင့်ကျက်မှုတွေရှိတယ် မပြည့်ဝတာတွေလည်းရှိနေပါတယ်
အပေါ်ယံကသာ လူတွေနဲ့အဆင်ပြေဖို့
လူအထင်ကြီးဖို့ ရုပ်ဝတ္ထုပစ္စည်းတွေ အပြုံးတုတွေနဲ့ဖုံးကွယ်ထားကြတာပါ
ခက်တာက လူတွေက
ကိုယ်တိုင်သာကောင်းအောင်မနေနိုင်ကြတယ်
သူများကိုတော့ကောင်းတဲ့အရာကိုပဲ
မြင်ချင်ကြတာမျိုး ကြုံချင်ကြတာမျိုးပါ....
ဒါ့ကြောင့် သူတပါးရဲ့ weak point တွေနဲ့
ကြုံတွေ့ရတဲ့အခါ
စည်းလွတ်ဝါးလွတ်တွေပြောဆိုကြ
ပြင်ဖို့ကြိုးစားကြ
မရတဲ့အခါ လှောင်ပြောင်ရှုံ့ချကြ ကဲ့ရဲ့အတင်းပြောကြရင်း စိုသောလက်တွေခြောက်လာကြတာကြုံဖူးကြမှာပါ
ဒါ့ကြောင့်
လူနှစ်ဦးအနေနဲ့
လူတစ်စုအနေနဲ့ ရေရှည်လက်တွဲသွားဖို့ရည်ရွယ်တယ်ဆိုရင်....
နေသင့်တဲ့နေရာမှာပဲနေပါ
မမေးသင့်တဲ့အရာတွေကိုမမေးပါနဲ့
မသိသင့်တဲ့အကြောင်းတွေကို မသိချင်ပါနဲ့
သူ့ရည်မှန်းချက်တွေ သူ့ခံယူချက်တွေ
သူ့မှာမူလထဲကရှိနေတဲ့စရိုက်တွေ ဗီဇေတြကို
သင့်အမြင် သင့်ခံစားချက်တစ်ခုထဲနဲ့
ပြုပြင်ဖို့မကြိုးစားပါနဲ့
ကိစ္စတစ်ခု ပြဿနာတစ်ခုကို
သင်နဲ့ထပ်တူကျဖို့ ဘယ်တော့မှအတင်းအကြပ်မကြိုးစားပါနဲ့
ကောင်းဖို့အတွက်စေတနာနဲ့ပြောတာရယ်
ဝင်ရောက်စွတ်ဖက်တာရယ်က မတူဘူးဆိုတာသိပါ...
မိတ်ဆွေကောင်းဆိုတာ ရိုးသားရပါမယ်
ဒါ့အပြင် အကင်းလည်းပါးရပါမယ်
သူ့စည်းကိုယ့်စည်း ၂ခုစလုံးကို
မပြောဘဲနဲ့အလိုလိုနားလည်ရပါမယ်...
လူနှစ်ယောက်ဟာ လူတစ်ယောက်ဟာ
ဘယ်သောအခါမှ
အရာရာအတွက်
ထပ်တူကျနိုင်မယ်မဟုတ်ဘူးဆိုတာလည်း
သိရပါမယ်
ကောင်းတာတွေကိုလက်ခံနိုင်သလို
မကောင်းတာတွေအတွက်လည်း
စည်းမကျော်စေဘဲ လက်ခံပေးနိုင်မှသာ
ဘယ်သူနဲ့မဆို လက်တွဲနိုင်မယ်ဆိုတာလည်း
သိရပါမယ်....
ဒါ့ကြောင့်
မချစ်ခင်က မမုန်းဖို့အတွက်
ကြိုတင်ပြင်ဆင်ထားလို့ရပါတယ်
စည်းကလေးတွေ မနင်းမိအောင်ပေါ့....
ဘောင်ကလေးတွေ မကျော်မိအောင်ပေါ့...
with love,
Min Yel Kyaw Swar
မျှဝေချင်လို့ copy ယူလာပေးပါသည်။
Crd#

Post a Comment