"ဟံသာဝတီသို့"

"ဟံသာဝတီသို့"
 
(၆) 
 


            တစ်ရက်။ 
 
             ရပ်ခေါင်းမင်း ဦးနိုင်အောင်ဖြူ အိမ်၌ စတည်းချနေသော မင်းလှသီရိတို့ ဗိုလ်များရှိရာ လက်ျာဘီလူး ရောက်ရှိ ဆွေးနွေးနေကြခိုက် အလောင်းမင်းတရားကြီး စေလွှတ်လိုက်သော ဆက်သားတစ်ဦး ဝင်လာသည်။
 
"ဗိုလ်မှူးမင်းထင်နော်ရထာ ရှိပါသလားခင်ဗျာ" 
 
           လက်ျာဘီလူး လှည့်ကြည့်ကာ 
 
"အေး.. ရှိတယ်၊ ဘာပါလိမ့်"
 
 "ဘဝရှင်မင်းတရားကြီးက စာပို့လိုက်ပါတယ်ဘုရား။ ဆက်လာပန်တောင်းကိုလည်း ပြန်လာရမယ်လို့ မိန့်တော်မူလိုက်ပါတယ်"
 
             လက်ျာဘီလူး စာချွန်တော်ဘူးကို ယူ၍ ဖွင့်လိုက်သည်။ အထဲမှ ပေရွက်လိပ်တွင် စီရင်ရေးသားထားသည့် စာအား ဖတ်ကြည့်ပြီး
 
"ကဲ.. ကိုပိုက်ရေ၊ ရွှေနန်းရှင်ကတော့ ကျွန်တော့်ကို ပြန်ခေါ်နေပြီ။ အခွန်ရွာတပ်တွေကို မင်းလှသီရိထံ အပ်ခဲ့ပြီး အရေးလှအောင် စီမံခဲ့ပါတဲ့။ မင်းထင်နော်ရထာ ရှေ့တော်မှောက် အခစားရောက်ရမယ်တဲ့ မိန့်တော်မူလိုက်တယ်။ ဒီတော့.."
 
              ရပ်ခေါင်းမင်းနှင့်တကွ သူ့အား သာမန်သူရဲကောင်းတစ်ယောက်၊ သာမန်အဆင့် ဗိုလ်တစ်ဦးဟုသာ ထင်နေကြသော အခြား လူကြီးများကပါ ယခုမှ ဗိုလ်မှူးမင်းထင်နော်ရထာမှန်း သေချာသွားကြလျက် ဝိုင်းကြည့်နေကြသည်။
 
"ကိုပိုက် တပ်တွေ ရွာထဲက ရုတ်ပြီး ပြင်တပ်ကြီးမှာ တစ်စုတည်း တပ်ချကြပါ။ ပဲခူးသားတွေ ထွက်လာရင် အနိုင်တိုက်ပြီး ခံနိုင်အောင် ခံပါ။ အနောက်က ပတ်ပြီး ရွာကို သိမ်းဖို့ပြင်လာရင် မစောင့်ဘဲ ဖြတ်တိုက်ကြပါ။ အမြောက် စိန်ပြောင်း မြတပူတွေ ပါလာရင်တော့ တပ်တွင်းကပဲ ခံပါ။ ရှိသမျှ အမြောက်တွေကိုလည်း တပ်ထိပ်တင်ပါ"
  
"ကောင်းပါပြီ ဗိုလ်မှူး၊ ဒီအတွက် မစိုးရိမ်ပါနဲ့။ ကျုပ်အသက်နဲ့လဲပြီး မကျအောင် ထိန်းထားပါ့မယ်။ စိတ်အေးချမ်းသာစွာ ရှေ့တော်ကို ပြန်ပါတော့။ မင်းတရားကြီးလည်း သူ့ သူရဲတော်ကို အောက်မေ့နေမှာပလေ"
 
               လက်ျာဘီလူး ပြုံးလိုက်သည်။
 
"မထင်ဘူး၊ ကျွန်တော်တော့ မျက်ခုံးတလှုပ်လှုပ်ပဲ"
 
                ဟု ပြန်နောက်၍ အားလုံးကို နှုတ်ဆက်ကာ ဆင်းသွားလေသည်။ သူ မရှိတော့မှ
 
"သူက ဗိုလ်မှူး မင်းထင်နော်ရထာ ကိုး" 
 
"ဟုတ်ပါ့ ဦးရီးရယ်"
 
"ဒါ့ကြောင့် သိပ်စွာနေတာပဲ" 
 
               ဦးနိုင်အောင်ဖြူ အပြောကို မင်းလှသီရိက ရယ်လိုက်၏ ။
 
"အဲဒါ ဒင်း မစွာသေးဘူး၊ ငြိမ်နေတာ။ တကယ်တမ်း မင်းသားတွေထက်တောင် ဆိုးသေးတယ်ခင်ဗျ"
 
 *
 
               လွန်ခဲ့သော ၇ လခန့်က..။ ၁၁၁၈ ခု၊ တန်ခူးလပြည့်ကျော် ၁၁ ရက်။
 
               ယခု ခေါ်တော်မူသကဲ့သို့ပင် အလောင်းမင်းတရားကြီးက သူနှင့် ဦးတွန်ကို ခေါ်၍ မိန့်တော်မူသည်။
 
"မင်းတို့ ဗိုလ်မှူးနှစ်ဦး တိုက်လံသမျှ နည်းသည်များသည် မဆို အရေးရခဲ့သည်ချည်းဖြစ်၍ ငါ အထူးအားရတော်မူသည်။ ဟံသာဝတီမြို့ ပန်းလိုင်တံခါးရောက်အောင် ငါ့အာဏာတော်စက်တည်ရာ တံခါးဖြစ်သည် ဟု မင်းတို့ ပန်းသုန်းမှတ်တိုင် စိုက်ချေ"
 
            သူတို့လည်း ဝမ်းသာအားရ ထွက်ခဲ့ကြသည်။ မင်းလှမင်းခေါင်မှာ မြင်း တစ်ရာ၊ သေနတ်ကိုင် လေးရာ၊ စစ်သည်တစ်ထောင်၊ မင်းထင်နော်ရထာနှင့် မြင်းတစ်ရာ သေနတ်လေးရာ သူရဲတစ်ထောင်၊ မြင်းတစ်ရာကို မင်းကျော်စည်သူ ရွှေလှံကိုင်မြင်းမှူး၊ ရွှေတောင်ပေါ်ထင်နှင့် ရွှေဓားကိုင်မြင်းတစ်ရာ၊ လက်ဝဲဂုမ္ဘဏ်ကိုလည်း တင်ကျည်းစွဲမြင်းတစ်ရာ အုပ်ချုပ်စေ၍ ဟံသာဝတီသို့ ချီခဲ့ကြ၏ ။
 
             မင်းလှမင်းခေါင် နှင့် မင်းထင်နော်ရထာ ဗိုလ်မှူးနှစ်ဦး ရှေ့ဆုံးမှ ရင်ဘောင်တန်း မြင်းစီးလာရာ လက်ျာဘီလူး၏ ဆံပင်တွင် အလယ်မှ သိမ်း၍ စည်းထားသော ရွှေကျင်ခတ် ဖဲကြိုးပုဝါ အနီရောင် တဖျတ်ဖျတ် ကျနေသည်ကို ဗိုလ်တွန် သတိထားမိသွားသည်။
 
             ငတွန်က မြင်းချင်းကပ်၍ လေနှင့် မြောက်ပါလာသော ပုဝါစကို ဖမ်းကိုင်လိုက်ပြီး အဖျားရှိ ရွှေချည်ထိုးစာကို ဖတ်ကြည့်လေသည်။
 
 "လက်ျာဘီလူး တဲ့.. အံမယ်၊ မင့်ကို ဘယ်သူပေးတာလဲ"
 
               လက်ျာဘီလူးက မဖြေဘဲ ပြုံးနေ၏ ။
 
"ဟို ထမင်းချက် မွန်သူငယ်မလေး မဟုတ်လားဟိတ်" 
 
 "မဟုတ်ပါဘူးဗျာ"
 
"ဘာမဟုတ်ရမှာလဲ၊ ဒီလိုကဗျာဆန်ဆန် ပေးမှာ သူ့အပြင်.. အဲ"
 
              ပြုံးပြုံးကြီး ပြောရင်းမှ ပုဝါစ၏ တန်ဖိုးကို ချင့်တွက်မိလိုက်ဟန် တူသည်။ ထမင်းချက် မိန်းကလေးတစ်ဦး တတ်နိုင်သည့် အရာမဟုတ်ဟု သဘောပေါက်သွားကာ 
 
"ဘယ်သူပါလိမ့်.. ဒီလောက်ကောင်းတဲ့ မင်းသုံးနန်းသုံး ပစ္စည်းမျိုး ပေးတာ၊ သြော်.. သမီးတော်ကလေးက မယ်မယ်ဘုရားနဲ့ ထည့်ပေးလိုက်တယ် ထင်ပ"
 
              လက်ျာဘီလူး ရယ်လျက် ခေါင်းရမ်းပြန်သည်။ အနောက်နားမှ ခပ်ခွာခွာ ပါသော မင်းကျော်စည်သူက 
 
"မဟုတ်ဘူး ငတွန်၊ အဲဒါ ကိုကောင်း လာတုန်းက ပါလာတာ။ သူ့ကို ပေးလိုက်တာ ကျွန်တော် တွေ့တယ်"
 
              ငတွန် သဘောပေါက်သွားပြီ။ 
 
"သြော် ဟော် ဟော်၊ လက်စသတ်တော့ ဟို မိုင်းပင်းလား ကျိုင်းတောင်းလား အဲဒီက မင်းသမီး လက်ဆောင်တုံ့လိုက်တာကိုး။ မင်း ကိုကြီးကောင်းကို ရွှေဆံထိုးလေးတစ်ချောင်း ထည့်ပေးလိုက်တာ ငါ့ကို ပြောသားပဲ"
 
"ဟဲဟဲဟဲ" 
 
"ဟုတ်တယ် မဟုတ်လား၊ ရှမ်းမင်းသမီးလေး ပေးတာမဟုတ်လား ငစံ"
 
"ဟုတ်တယ် ဦးတွန်"
 
"ဒီလိုဆိုတော့လည်း ငါ့လူက ဘယ်ဆိုးလို့လဲ။ သူ့နာမည် ဘယ်သူတဲ့လဲ"
 
"နရဏီ တဲ့" 
 
"အလွန်နန်းဆန်တာပ။ ကောင်းပါတယ်၊ ဒါနဲ့ မင်းက သူ့ကို ဘာလို့ ဆံထိုး ထည့်ပေးလိုက်တာလဲ။ သူက တောင်းဖူးလို့လား"
 
"မဟုတ်ပါဘူး၊ ကျွန်တော့်လက်ဆောင်ကို အမြတ်တနိုး ဦးထိပ်မှာ ထိုးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့ဗျာ.. အဟီး"
 
"တယ်လာပါ့လားဟိတ်၊ ဟိုက ပုဝါစ ပြန်ပေးတာကရော"
 
"ကျွန်တော် ထင်တာကို ပြောရမှာလား" 
 
"အေးပေါ့ဟ၊ သူက စာရေးပေးလိုက်သေးလို့လား"
 
"မရေးပါဘူး၊ အဲဒီ နာမည်ပဲ ထိုးပေးလိုက်တာ။ ကျွန်တော် အရှေ့မှာ အပတ်တကုတ် တိုက်ခိုက်နေချိန် အနောက်က ဖရိုဖရဲ ဖြစ်နေတာတွေကို သူ သိမ်းဆည်းပေးထားမယ့် သဘောနေမှာ.. အဟဲ ဟဲ"
 
"ဟာ... ဒါဆို မင့်အခြေအနေ လွှတ်ကောင်းနေတာပေါ့"
 
 "ကျွန်တော့်အထင်ကို ပြောတာနော်၊ ဟုတ်ချင်မှ ဟုတ်မယ်"
 
 "အို.. ဟုတ်လောက်ပါတယ်ကွာ။ မင်း ထင်ရင် ဘယ်တုန်းက လွဲဖူးလို့လဲ။ ဒါပေမယ့် တစ်ခု ရှိတာက သူ့နာမည် မထိုးဘဲ ဘာလို့ မင်းနာမည် ထိုးထားတာလဲ။ မင်းပြောသလိုဆို သိမ်းဆည်းပေးထားတာက သူဖြစ်ရမှာလေ"
 
"သူ့နာမည် နရဏီ လေဗျာ၊ သိင်္ဂီရွှေစင် ဆိုတဲ့ နရဏီ ဖြစ်နေလို့ ကျွန်တော့်အမည်ကို ရွှေစာလုံးနဲ့ ထိုးပေးလိုက်တာ ဖြစ်မယ်"
             
 "ဟေ.. အေး၊ အင်း.. အဟဲ ဟဲ ဒီလိုဆိုတော့လည်း ဟုတ်သလိုလိုပဲဟေ့"
 
 "ဟုတ်ကို ဟုတ်တယ် ဗိုလ်မင်း၊ ကျုပ်လည်း အဲဒီအပြင် တခြားမရှိဘူးလို့ ထင်တာပဗျာ"
 
                 လက်ဝဲဂုမ္ဘဏ်က အနောက်မှ ပင့်ပေးသည်။ လက်ျာဘီလူးက စကားလမ်းကြောင်း ဇွတ်လွှဲပစ်၏ ။
 
"ဘာလဲ၊ ဦးတွန် အိမ်သူကို သတိရသွားပြီ မဟုတ်လား"
 
 "ငါလား၊ စစ်တိုက်နေရရင် ဇနီးမယားကို ရှိမှန်းတောင် မေ့နေတာပါကွာ။ မင်းပြောမှ သတိရတော့တယ်"
 
"ကျုပ်လည်း ပြန်ချင်နေပြီ ငတွန်ရေ၊ ခုလောက်ဆို မျှော်လှရော့မယ်။ မင်းတရားကြီး နေပြည်တော် ပြန်တုန်းက ကျုပ်လည်း ပြန်ပါလာမယ် ထင်ပြီး မယ်မင်းဘုံ မျှော်နေရှာမှာ"
 
               မင်းကျော်စည်သူက ဆွေးဆွေးမြည့်မြည့် ဆိုသည်။ လက်ျာဘီလူးကတော့ အခြားသူများဘက် လှည့်သွားပြီ ဖြစ်၍ ကြိတ်ဝမ်းသာနေသော်လည်း ဟန်မပျက်စေရဘဲ
 
"လက်ဝဲဂုမ္ဘဏ်ရော လွမ်းစရာလေးတွေ ရှိသလားဗျ"
 
              ဟု ပြန်ထောင်လိုက်သည်။  
 
"ကျုပ် လွမ်းနေတာကတော့ ထန်းတော နဲ့ အပေါင်းအသင်းတွေကိုပဲဗျို့။ ရွာက ငယ်ပေါင်းတွေနဲ့ အိုးလိုက်မမော့ရတာ ကြာပြီ"
 
 "ငရွှေရည်တော့ ငစံငယ်ကွပ်တာ ခံချင်နေပြီ ထင်တယ်"
 
               ဗိုလ်တွန်က ကြိမ်းလိုက်သည်။ လက်ျာဘီလူးလည်း
 
"မကွပ်ပါဘူးဗျာ၊ အမိန့်တော်ကြောင့် မသောက်ကြရပေမယ့် ရဲမက်အများစု ထန်းရည်ကြိုက်ကြတာ ကျွန်တော် သိပါတယ်"
 
 "ကျုပ်ကလည်း ပြန်မှ ပြောတာပါ။ ခုတော့ မလုပ်ရဲပါဘူး။ ဗိုလ်မင်းတွေကို လေးစားသမှုနဲ့ပေါ့"
 
                စကားတပြောပြောနှင့် အောင်မြင်ပြီ ဟူသည့် အထိမ်းအမှတ် ပန်းသုန်းမှတ်တိုင်အား ဟံသာဝတီမြို့တံခါးသို့တိုင် သွားရောက် စိုက်ကြမည့် အဖွဲ့သည် ပဲခူးမြစ်အနားသို့တိုင် ရောက်လာကြလေသည်။ 
 
              မြစ်ကို ကူးမိကြသောအခါ ဟံသာဝတီမှ အနောက်ဘက်သို့ ထွက်၍ ရပ်ခံစောင့်ကြိုနေကြသော မွန်သောင်းတပ်ကြီးတစ်တပ်ကို တွေ့ကြလျင် တပ်ပင် မချတော့ဘဲ မရပ်မဆိုင်း ​တိုက်ကြလေ၏ ။ မြင်းသုံးရာ၊ စစ်သည်တစ်သောင်းကျော်နှင့် တပ်ဖြန့်နေသော အသည်ဗိုလ်လည်း မြန်မာဗိုလ်ငါးယောက် မွှေနှောက်ထိုးဖောက်သည်ကို ကြာရှည်မခံနိုင်။
 
              အင်အား သုံးဆမက ကွာခြားသော်လည်း လုပ်ရည်ကြံရည်နှင့် ကြိုးကုတ်အားထုတ်မှု၊ စိတ်ဓာတ်ပြင်းပြမှု၊ ဇွဲလုံ့လ ဝီရိယ၊ အထူးသဖြင့် ရဲမက်တော်တို့၏ စိတ်နှလုံးကို အပြည့်အဝ လွှမ်းမိုးနိုင်စွမ်းတို့တွင် မည်သို့မျှ မယှဥ်နိုင်။ ထိုအခါ နောက်မဆုတ်တမ်း ရွပ်ရွပ်ချွံချွံ လုပ်ကြံကြသော စစ်သည်များနှင့် နိုင်နိုင်နင်းနင်း စီမံအုပ်ချုပ် ကွပ်ကဲနိုင်ခြင်း မရှိသည့် စစ်သည်များအကြား ကွာဟချက် ကြီးမားသွားခဲ့၏ ။
 
            သုံ့ပန်းလူသူ အမြောက်အမြား ထားခဲ့၍ ပဲခူးပြင်မြို့ကြီးအတွင်းသို့ အသည်းအသန် ဝင်ပြေးကြရသည်အထိ ဖြစ်သွားလေသည်။ 
 
             ရွှေတောင်ပေါ်ထင်က အလောင်းမင်းကြီး မိန့်မှာတော်မူသည့်အတိုင်း  
 
"ဟံသာဝတီ ပန်းလိုင်တံခါးရောက်အောင် ငါ့အာဏာစက်တည်ရာ ဖြစ်သည်" 
 
              ဟု ရေးထိုးနေခိုက် မင်းလှမင်းခေါင်က ပန်းလိုင်တံခါးဝ ရှေ့တည့်တည့် လမ်းအလယ်၌ ပန်းသုန်းမှတ်တိုင် စိုက်ထူ ရိုက်သွင်းနေသည်။ လက်ျာဘီလူး နှင့် လက်ဝဲဂုမ္ဘဏ်တို့က သေနတ်သားများကို မြို့ရိုးပေါ် ချိန်ထားစေလျက် မြင်းတပ်များဖြင့် တစ်ဘက်တစ်ချက်မှ စောင့်ကြပ်နေကြ၏ ။
 
             ထိုသို့ ပြုလုပ်နေကြသည်ကို မွန်တို့ မြို့ရိုးပေါ်မှသာ ကြည့်နေကြသည်။ မပစ်ဝံ့၊ ထွက်မတိုက်ရဲ။ ပန်းသုန်းမှတ်တိုင်တွင် ဗိုလ်မှူးပြုသူ မင်းလှမင်းခေါင် စာချိတ်ဆွဲပြီးသောအခါ မြို့ရိုးထက်သို့ မျှော်ကြည့်လျက် ဆိုသည်။
 
 "ငါ ထားခဲ့သည့် စာနှင့် မှတ်တိုင်ကို ဖျက်ဆီးဝံ့သူ ရှိလျင် ယခုဆင်းခဲ့"
 
               ထိုအခါ လက်ျာဘီလူးက ချိန်ထားသော သေနတ်များကို သိမ်း၍ ပြန်ရန် ဘယ်ပခုံး၌ မှီထားစေ၏ ။ မွန်တို့ နှုတ်တုံ့မဟစ်သောကြောင့် သုံ့လူတို့ကို ခေါ်ကာ ပြန်ခဲ့ကြသည်။
 
 
 
(ဆက်ရန်..)
လေးစားစွာဖြင့်
#credit

Post a Comment

Previous Post Next Post

Comments