* မြင်းကပါ အကျဉ်းသား *
မင်းသိင်္ခ
အပိုင်း - တစ်ဆယ့်တစ်
လူဝကြီးလည်း ထိုနေ့ညနေစာ ထမင်းကို ချဉ်ပေါင်ကြော်နှင့် မြိန် ရှက်စွာစားရလေ၏။ အကျဉ်းထောင်အရာရှိ ငသိုင်မြာလည်း မိမိပေးသော ချဉ်ပေါင်ကြော်နှင့် မြိန်ရှက်စွာထမင်းစားနေသော လူဝကြီးအားကြည့်ကာ ၎င်း၏ရင်၌ ဝေဒနာတစ်မျိုးဖြစ်ပေါ်လာ၏။ ထိုဝေဒနာကား “ပီထိ’ ဆို သောအရာ ဖြစ်ပေတော့သတည်း။
မြင်းကပါ အကျဉ်းစခန်းကြီးတစ်ခုလုံး တိတ်ဆိတ်နေ၏။ ကြမ္မာ ဖတ်လူဝကြီးတစ်ဦးတည်းသာ ဥုမ်. . . ဥုမ် နှင့် ရွတ်ဆိုနေ၏။ ထိုအချိန်၌ အကျဉ်းစခန်းကိုစောင့်သော ဝန်ထမ်းတစ်ဦး လူဝကြီးအခန်းရှေ့သို့ ရောက် လာ၏။ ထိုဝန်ထမ်းက လူဝကြီးအား. . . .
“ဘာတွေ ‘ဥုမ်” နေတာလဲ လူဝကြီးရဲ့” ဟု မေးလိုက်ရာ လူဝကြီးက. .
“မိုးရွာခါနီးလို့ ‘ဥမ်” နေတာပါ။ ဖားတွေလိုပေါ့။ ဒါနဲ့စကားမစပ် မေးရဦးမယ်။ ကျုပ်တို့ မနူဟာဘုရင်တည်တဲ့ဘုရားပြီးသွားပြီလား” ဟု ပြောလိုက်ရာ ထိုဝန်ထမ်းက. . . .
“လူဝကြီး ကျုပ်ကို သက်သက် အငိုက်ဖမ်းပြီးမေးတာပဲ။ အဲဒီအ ကြောင်းအရာကို အကျဉ်းစခန်းထဲမှာ မပြောရဘူးလို့ အမိန့်ထုတ် ထားတယ်။ ကျုပ်က ပြောမိရင် ကျုပ်ကိုအရေးယူမှာပေါ့။ ဒီလို မလုပ်ပါနဲ့ လူဝကြီးရယ်”
ဟု ဝန်ထမ်းက ပြန်၍ပြောလေ၏။
“ဒီလိုပါ၊ သင့်ကို ကျုပ်က အငိုက်ဖမ်းပြီးမေးတာ မဟုတ်ပါဘူး။ ဘုရားတည်ဖို့ အကျဉ်းသားတွေထုတ်သွားတဲ့အခါမှာ ကျုပ်ရှေ့က ထုတ်သွားကြတာပဲ။ အခုအခါမှာ သူတို့ကို မထုတ်တော့လို့ မေးတာပါ။ အမှန်ပြောရရင် ကျုပ်က ပြင်ပကိစ္စတွေသိပ်ပြီး စိတ်ဝင် စားတာမဟုတ်ဘူး။ ကျုပ်က ကျုပ်ကိုပဲစိတ်ဝင်စားတာ။ ပြီးတော့ သင်တို့ ဝန်ထမ်းတွေကို စိတ်ဝင်စားတာပါ။ သားသမီး ဘယ်နှ ယောက်ရှိသလဲ”
ဟု လူဝကြီးက မေးလိုက်လေ၏။ ထိုအခါဝန်ထမ်းက. . . .
“သားသမီးသုံးယောက်ရှိတယ်”ဟု ပြန်၍ဖြေလျှင်. . .
“သင့်ကိုပြောချင်တာက ဘုရားကြီးပြီးသွားရင် ဘုရားပွဲလုပ်ရမယ်။ လုပ်တဲ့အခါမှာ မုန့်သည်တွေ၊ အတီးအမှုတ် အဆိုအကတွေနဲ့ ပျော်ပွဲရွှင်ပွဲပါ တွဲပြီးလုပ်လေ့ရှိတယ်။ ကျုပ်တို့ သုဝဏ္ဏဘုမ္မိမှာ ဒီအတိုင်းလုပ်တာပဲ၊ အဲဒီအခါမှာ သင့်ရဲ့ကလေးသုံးယောက်ကို ဘုရားပွဲခေါ်သွား။ ကလေးတွေသိပ်ပြီးပျော်ကြမှာ" ဟု ကြမ္မာဖတ် လူဝကြီးက ပြောလိုက်လျှင် ထိုဝန်ထမ်းက. . . .
“ဘုရင်မနူဟာတည်တဲ့ ဘုရားကပြီးသွားပါပြီ။ လူဝကြီးပြောတဲ့ ဘုရားပွဲဆိုတာကတော့ မဖြစ်သေးဘူး။ ဖြစ်ခဲ့ရင် ကျုပ်ရဲ့ကလေး သုံးယောက်ကိုတော့ အဲဒီဘုရားပွဲကို ခေါ်သွားရမှာပဲ”
ဟု ပြောလေတော့၏။ ထို့နောက် ထိုဝန်ထမ်းထွက်သွားလေ၏။ကြမ္မာဖတ်လူဝကြီးသည် တစ်စုံတစ်ခုကို စဉ်းစားနေ၏။
ထိုအချိန် ၌ ဘုရင်အနော်ရထာသည်လည်း အကြောင်းအရာတစ်ခုအတွက် အလေး အနက် စဉ်းစားနေရ၏။ ထိုအကြောင်းအရာကား မိမိဖမ်းထားသော မနူ ဟာဘုရင်က ဘုရားတည်၍ပြီးပါပြီ။ ထိုသို့ပြီးလျှင် အနေကဇာတင်ရပါမည်။ အနေကဇာတင်သောအခါ၌ မွန်ဘုန်းတော်ကြီး အပါးငါးရာဖြင့် တင် လိုပါသည်ဟု အကြောင်းကြားခဲ့ခြင်းပင် ဖြစ်၏။ ဘုရင်အနော်ရထာသည် မိမိဖမ်းဆီးထားသော သုံ့ပန်းဘုရင်၏ ဆန္ဒကိုဖြည့်ဆည်းလို၏။ သို့ရာတွင် သုဝဏ္ဏဘုမ္မိမှ မွန်သံဃာတော်ငါးရာ ဆိုသည့်အချက်မှာ စဉ်းစားစရာဖြစ် နေ၏။ ဤအကြောင်းအရာသည် စစ်ရေးနှင့် ပတ်သက်နေ၏။ ထို့အတူ နိုင်ငံတော်၏ လုံခြုံရေးနှင့်လည်း ပတ်သက်နေ၏။
မိမိပင့်ပေးလိုသည်က မွန်သံဃာတော်ငါးရာဖြစ်ပြီး တကယ်ကြွ လာသည်က မွန်သံဃာတော်များမဟုတ်ဘဲ တိုက်စွမ်းရည်ကောင်းသော သူရဲကောင်းငါးရာ ဖြစ်နေပါက မည်သို့ဖြစ်မည်နည်း။ ဤအကြောင်းအရာ သည် ဘုရင်အနော်ရထာအား ခေါင်းခဲစေသော အကြောင်းအရာဖြစ်၏။
ထို့ကြောင့် ၎င်း၏ လက်ရုံးစစ်သူကြီး ကျန်စစ်သားအား ခေါ်ယူ၍ ထိုအ ကြောင်းအရာနှင့် ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးခဲ့၏။ ထိုအခါ ကျန်စစ်သားက-
“ဒီကိစ္စကို ကျွန်တော်မျိုးတာဝန်ထားပါ။ သုဝဏ္ဏဘုမ္မိကို စိတ်ချရ တဲ့ သူလျှိုတွေ ကျွန်တော်မျိုး လွှတ်လိုက်ပါ့မယ်။ အဲဒီသူလျှိုတွေ ဟာ ကုန်သည်ယောင်ဆောင်ပြီးသွားကြမှာ ဖြစ်ပါတယ်။ မိမိရဲ့ သူလျှိုတွေဟာ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုကြပါမယ်။ သူတို့ တည်းခိုတဲ့ကျောင်းက မွန်ဘုန်းတော်ကြီးတွေရဲ့ ဘွဲ့ အမည်စာရင်း ကို မိမိတို့ထံ ပြန်ပြီးပို့ပေးကြပါလိမ့်မယ်။
အဲဒီစာရင်းကို မိမိတို့ထံ ပြန်ပြီးပို့ပေး ကြပါလိမ့်မယ်။ အဲဒီစာရင်းကိုကြည့်ပြီး မိမိတို့က သုဝဏ္ဏဘုမ္မိက သံဃာတော်ငါးရာကို ပင့်ဆောင်ကြရမှာဖြစ်ပါတယ်။ သူလျှိုတွေရဲ့ စာရင်းမှာ ဘယ်သံဃာတော်ကို ပင့်သင့်တယ်။ ဘယ်သံဃာတော် တွေ မပင့်သင့်ဘူးဆိုတဲ့ ထောက်ခံတဲ့၊ ငြင်းပယ်တဲ့စာရင်းတွေ ပါ လာမှာဖြစ်ပါတယ်။ အဲဒီကျမှ သံဃာတော်တွေ ပင့်ဆောင်မယ့် အဖွဲ့ဟာ သုဝဏ္ဏဘုမ္မိကို ထွက်ခွာသွားကြမှာဖြစ်ပါတယ်။
ထေကြီး ဝါကြီးသံဃာများ၊ သက်ကြီးရွယ်အိုသံဃာများကိုတော့ မြင်းရထား များဖြင့် ပင့်ဆောင်ပါ့မယ်။ ကျန်တဲ့ သံဃာများကိုတော့ ဆင် များဖြင့် ပင့်ဆောင်ပါ့မယ်။ နုပျိုငယ်ရွယ်တဲ့ သံဃာတော်တွေကို တော့ မိမိတို့တပ်နှင့်အတူ ခြေကျင်ပင့်ဆောင်ပါ့မယ်။ ပြီးတော့ လမ်းတစ်လျှောက်လုံးမှာ ငထွေရူး စီစဉ်တဲ့ဧည့်ခံကြိုဆိုရေးစခန်း တွေရှိပါမယ်။ အဲဒီစခန်းတွေကနေ သံဃာတော်တွေကို ဆွမ်းကပ် ပါမယ်။ လူတွေကိုလည်း ကျွေးမွေးဧည့်ခံပါမယ်။
စခန်းတွေဟာ တစ်ခုနဲ့တစ်ခု မဝေးလှအောင် စီမံထားပါမယ်။ လူတွေအတွက် ညစာစားနိုင်ဖို့ ကြားစခန်းတွေလည်း ထားပေးပါ့မယ်။ ပြီးတော့မှ တမ္မဒီပမြို့အတွင်းကို အရောက်ပင့်ဆောင်ပြီး ယခင် အရည်းဘုန်းကြီးများနေတဲ့ ကျောင်းအလွတ်ကြီးတစ်ခုအတွင်းမှာ သံဃာတော် အရှင်မြတ်များ ကျိန်းစက်ရန်အတွက် စီမံထားပါမယ်” ဟု နှုတ်အားဖြင့် အစီရင်ခံလိုက်ရာ ဘုရင်အနော်ရထာက
“မောင်မင်းပြောတာ အတော့်ကို ကောင်းပါတယ်။ တစ်ခုတော့ ရှိတာပေါ့လေ။ ဘယ်လောက်ပဲ စိစစ် စိစစ် အဲဒီသံဃာတော်ငါး ရာထဲမှာ စစ်တိုက်နိုင်တဲ့ စစ်သူရဲတွေ ရောပြွန်းပါလာပြီး ငါတို့နဲ့ အနီးကပ် တွေ့တဲ့အခါမှာ စွန့်စားတိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ ဆိုတာကို စဉ်းစားထားဖို့လိုတယ်။ ဒီအချက်ဟာ နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ အချက်ဖြစ်တယ်”
ဟု ပြောလိုက်ရာ ကျန်စစ်သားက အမှားအယွင်းမရှိအောင် မိမိ တာဝန်ယူမည်ဖြစ်ကြောင်း သံတော်ဦးတင်လိုက်လေတော့၏။ ထိုအခါ ဘုရင်အနော်ရထာသည် ကျန်စစ်သားအားမနူဟာဘုရား အနေကဇာတင် ရေးကိစ္စအတွက် လုံးဝတာဝန်ပေးလိုက်လေတော့၏။
ကျန်စစ်သားသည် ဘုရင်အနော်ရထာ တာဝန်လွှဲအပ်လိုက်သည့် အချိန်မှစ၍ အဖွဲ့နှစ်ဖွဲ့ကို တစ်ပြိုင်နက်တည်း ဖွဲ့စည်းလိုက်လေတော့၏။ တစ်ဖွဲ့မှာ အရပ်သူ အရပ်သားများ ပါဝင်သည့် မနူဟာဘုရားအနေကဇာ တင် ဖြစ်မြောက်ရေးအဖွဲ့ဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ သူ၏သူလျှိုတပ်မှ တပ် ဗိုလ်တပ်မင်းများ၊ တမ္ပဒီပစစ်သည်တော်များ ပါဝင်သည့် ဘုရားအနေကဇာ ဖြစ်မြောက်ရေးအဖွဲ့ပင်ဖြစ်၏။ အရပ်သားများပါ ပါဝင်သောအဖွဲ့ သည် တွင်တွင်ကျယ်ကျယ်ကြီးလှုပ်ရှားပြကာ သုဝဏ္ဏပြည်သူများရော၊ တမ္ပ ဒီပပြည်သူများပါသိအောင် ကြော်ငြာများ၊ သတင်းများဖြစ်အောင် လုပ်ရ၏။
အမှန်စင်စစ် ထိုအဖွဲ့သည် အပြသဘောသာဖြစ်၏။ ကျန်စစ်သား၏ သူလျှို များဖြစ် ဖွဲ့စည်းထားသော အဖွဲ့သည် မည်သူတစ်စုံတစ်ယောက်မျှ မသိစေ ရဘဲ လျှို့ဝှက်လှုပ်ရှားရ၏။ သုဝဏ္ဏဘုမ္မိသို့ သူလျှိုများလွှတ်၍ ဘုန်းကြီး ကျောင်းများတွင် တည်းခိုကာ သံဃာတော်များ၏ ဘွဲ့အမည်စာရင်းကို ရယူခဲ့ခြင်းမှာ ထိုသူလျှိုများ၏ လုပ်ဆောင်ချက်များပင်ဖြစ်၏၊ ထိုသူလျှို များသည် သုဝဏ္ဏဘုမ္မိမှ ပင့်ဆောင်လာမည့် သံဃာတော်များပင် နေထိုင်မည့် ကျောင်းများတွင်လည်း လုံခြုံရေးအစီအမံများ ကြိုတင်၍ ဆောင်ရွက် ထား၏။ ဆွမ်းကပ်မည့် ဆွမ်းစားမဏ္ဍပ်တွင်လည်း ထိုအဖွဲ့ကပင် တာဝန်ယူ ထား၏။
အကျဉ်းစခန်းအတွင်းသို့ ဝင်ရောက်ကာ ဘုရင်မနူဟာ၏ လုံခြုံ ရေးကိုလည်း ထိုအဖွဲ့ကပင် တာဝန်ယူလိုက်၏။ သူလျှိုတပ်မှူးချုပ် ကျန်စစ် သားသည် အဖွဲ့နှစ်ဖွဲ့လုံးတွင် ခေါင်းဆောင်နေရ၏။ အပြင်ပန်းအပြသဘော ဖွဲ့ထားသော အဖွဲ့တွင်လည်း ကျန်စစ်သားသည် တတ်တက်ကြွကြွဆောင် ရွက်ပြနေ၏။ လျှို့ဝှက်ဖွဲ့ထားသောအဖွဲ့၌မူ ကျန်စစ်သား၏ လုပ်ရပ်များ သည် ခြေသွက်လှပေ၏။
ကျန်စစ်သားစေလွှတ်လိုက်သော သူလျှိုအဖွဲ့သည် ကုန်သည်များ အယောင်ဆောင်၍ သုဝဏ္ဏဘုမ္မိသို့ ရောက်သွားကြပေပြီ။ ထိုသူတို့သည် ဘုန်းကြီးကျောင်းများသို့ ချည်းကပ်ကာ ကုန်သည်များအနေဖြင့် တည်းခို ကြလေ၏။ ထို့နောက် သတ်မှတ်ထားသော အချိန်အတွင်း၌ပင် ယင်းကျောင်း ရှိ သံဃာတော်များ၏ ဘွဲ့အမည်များ၊ သက်တော်များကို ကျန်စစ်သားထံသို့ ပြန်လည်သတင်းပို့နိုင်ကြပြီဖြစ်၏။ ကျန်စစ်သားသည် သူလျှိုများ၏ သတင်း ပို့ချက်အရ သုဝဏ္ဏဘုမ္မိရှိ သံဃာတော်များ၏ ဘွဲ့အမည်များကို သိရှိသွားပြီ ဖြစ်၏။ ထို့အပြင် ထိုသူလျှိုများထံသို့ ကျန်စစ်သားက သံဃာတော်တစ်ပါး ချင်း၏ ထေရုပ္ပတ္တိကို ရယူလိုကြောင်း ညွှန်ကြားလိုက်လေ၏။
သူလျှိုများ သည် ကျန်စစ်သား ရယူလိုသော ထေရုပ္ပတ္တိအကျဉ်းကို ကျန်စစ်သားထံသို့ ပြန်လည်ပို့နိုင်ခဲ့ကြလေ၏။ ထိုအခါကျမှပင် ကျန်စစ်သားသည် ထေရုပ္ပတ္တိ အကျဉ်းကို ဖတ်ရှု၍ ပင့်ဆောင်ရမည့် သံဃာစာရင်းကို ပြုစုလေတော့၏။ ထိုသို့ ပြုစုရာတွင် ငထွေရူးအား မိမိ၏ လက်ထောက်အဖြစ်အသုံးပြုခဲ့၏။ ထို့ပြင် ငထွေရူးကိုပင် လမ်းတစ်လျှောက် ကြိုဆိုရေးစခန်းများဖွင့်လှစ်၍ သံဃာတော်များ ဆွမ်းကပ်ရန်၊ လူများကျွေးမွေးရန်နှင့် အိပ်စက်ရန် လစ် ဟာခြင်းမရှိစေရန် စီမံချက်တစ်ခုအား ရေးဆွဲကာ တာဝန်ပေးစေခိုင်းလိုက် လေတော့၏။ ငထွေရူးသည် ကျန်စစ်သား၏ တာဝန်ပေးချက်အရ သုဝဏ္ဏ ဘုမ္မိမှ တမ္မဒီပအရောက် ကြိုဆိုရေးစခန်းပေါင်း ကိုးဆယ့်ကိုးခု၊ ရှောင်တခင် ကြိုဆိုရေးစခန်းကိုးခုကို ဖွင့်လှစ်ခဲ့လေတော့၏။
ထို့ပြင် ကျန်စစ်သားအတွက်ဂီလာနဆောင်များဖွင့်လှစ်ရေး၊ လူအများအတွက် တမ္ပဒီပသမားတော်များ ၏ အကူအညီဖြင့် ဆေးပေးခန်းများ၊ ဆေးကုခန်းများ ဖွင့်လှစ်ရေး၊ သောက် သုံးရေအလုံအလောက်ရရှိရေး၊ ထို့အပြင် အနေကဇာတင်အခမ်းအနားပြီး သောအခါ၌ အောင်မြင်သော အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲများပြုလုပ် ရေး စသည်တို့ကို စီမံချက်များ ရေးဆွဲ၍ တာဝန်ပေးအပ်ခဲ့လေ၏။
အထက်ပါအစီအစဉ်များ အလုံအလောက် စီစဉ်ပြီးသောအခါ၌ ကျန်စစ်သားသည် သုဝဏ္ဏဘုမ္မိမှ သံဃာတော်များအား ဆင်များ၊ မြင်းရ ထားများဖြင့် ပင့်ဆောင်စေခဲ့လေတော့၏။ သံဃာတော်များသည် ခရီးလမ်း တလျှောက်လုံး၌ ပင်ပန်းနွမ်းနယ်ခြင်း၊ ဆင်းရဲပင်ပန်းခြင်းမရှိဘဲ ကြွမြန်း နိုင်ခဲ့ကြလေတော့၏။ ကြိုဆိုရေးစခန်းများမှလည်း သံဃာတော်များအတွက် ဆွမ်းချိန်တန်လျှင်ဆွမ်း၊ ဆေးချိန်တန်လျှင် ဆေးဆက်ကပ်လှူဒါန်းခဲ့ကြလေ တော့၏။ ဤသို့နှင့်ပင် သုဝဏ္ဏဘုမ္မိမှ သံဃာတော်တို့သည် တမ္ပဒီပနေပြည် တော်သို့ ကြွမြန်းခဲ့ကြရလေတော့၏။ သတ်မှတ်ထားသော ကျောင်းတော် ကြီးများတွင် သီတင်းသုံးနားနေနိုင်ကြပြီဖြစ်၏။
သံဃာတော်များရောက် လျှင် ရောက်ချင်း မနူဟာဘုရင်အား သံဃာတော်များကို ဖူးမြော်နိုင်ရန် အတွက် ကျန်စစ်သားက စီစဉ်ပေးခဲ့လေ၏။ သံဃာတော်များရောက်ရှိပြီး နောက်တစ်ရက်တွင် အပန်းဖြေနားနေသီတင်းသုံးစေခဲ့၏။ နောက်တစ်နေ့ တွင်မှ အနေကဇာတင်အခမ်းအနားကို ကျင်းပစေခဲ့၏။ သံဃာတော်များ သည် မနူဟာဘုရင်အား အနေကဇာတင်ပေးကြ၏။ ထို့နောက် ကျန်စစ် သား ခေါင်းဆောင်သောအဖွဲ့သည် သံဃာတော်များအား ဆွမ်းစားဆောင် သို့ ပင့်ဆောင်ကာ မွန်မြတ်သော ဆွမ်းခဲဖွယ်၊ ဘောဇဉ်တို့ကို ဆက်ကပ် ကြ၏။ ဆွမ်းစားဆောင်တွင် ဆွမ်းပွဲများချပေးခြင်း၊ ဆွမ်းပွဲများကပ်ခြင်း စသည်တို့ကို ကြည်ညိုသဒ္ဓါထက်သန်လှသော တမ္ပဒီပသူများက ဆောင် ရွက်ကြ၏။ ထိုတမ္ပဒီပသူများထဲတွင် သူလျှိုမယ် ဆီတော်နှင့် ကျန်ပင်သင် တို့ ပါဝင်ကြလေ၏။
ဤအချက်ကို ကြည့်လျှင် ကျန်သောတမ္ပဒီပသူများ မှာလည်း သူလျှိုမယ်များ ဖြစ်တန်ရာ၏ဟု ခန့်မှန်းဖွယ်ရာရှိ၏။ ဆွမ်းစား မဏ္ဍပ်၏ထောင့်များမှနေ၍ အရိုးရှည်သောယပ်ကြီးများနှင့် ဆွမ်းပွဲများအားယင်မနားစေရန် အစဉ်မပြတ် ယပ်ပေးနေသော အသက်ငါးဆယ်အရွယ် လူကြီးလေးဦးလည်းရှိ၏။ ထိုလေးဦးထဲတွင် သူလျှိုဘမဲတစ်ယောက် ပါဝင်နေ၏။ ဤအချက်ကို ထောက်လျှင် ကျန်သော လူကြီးသုံးဦးမှာလည်း သူလျှိုကြီးများပင်ဖြစ်တန်ရာ၏ဟု ထင်ရဖွယ်ဖြစ်၏။ ကျန်ပင်သင်သည် သံဃာတော်ငါးပါးထိုင်သော ဆွမ်းပွဲတစ်ပွဲကို တာဝန်ယူ၍ ဆက်ကပ်လှူ ဒါန်းရ၏။ ကျန်ပင်သင်သည် ပန်းကန်တစ်ချက်ကို ယူ၍ ဆွမ်းထည့်ပြီးလျှင် စားပွဲပေါ်သို့တင်လိုက်ပြီး လက်အုပ်ချီလိုက်လေ၏။ ပြီးလျှင် ထိုသံဃာတော် ကို မော့၍ဖူးလိုက်ရာ ရင်ထဲတွင် ဒိတ်ခနဲဖြစ်သွား၏။ မျက်လုံးပြူးသွား၏။ ပါးစပ်ပွင့်သွား၏။ ထို့နောက် သူ၏ရင်၌ ....
“သူပါလား။ သူ့ကိုတွေ့ ရတာတော့ ဝမ်းသာပါရဲ့။ သူမသေသေး ဘူးဆိုတာသိရလို့ ဝမ်းသာပါရဲ့ ။ ဒါပေမဲ့ ကောင်းတဲ့သဘောတော့ မရှိဘူး။ သူဟာ တိုက်ခိုက်စွမ်းရည်ကောင်းတဲ့ စစ်သူရဲတစ်ယောက် ဖြစ်တယ်။ သုဝဏ္ဏဘုမ္မိရဲ့ တာဝန်ရှိသူလည်းဖြစ်တယ်။ သူလိုက် ပါလာခြင်းဟာ တမ္ပဒီပနဲ့ သုဝဏ္ဏဘုမ္မိသမိုင်းမှာ သွေးစွန်းဖို့ လိုက် လာတာဖြစ်လိမ့်မယ်။ သူ့ကိုမြင်တော့ သမီးလေးကိုလည်း သတိရ လိုက်တာ။ ဘာပဲဖြစ်ဖြစ် ဒါတွေဟာ ငါတစ်ဦးတည်းရဲ့ မနောခံ စားမှုက ပြောနေတာ။ ဒါပေမဲ့ နိုင်ငံတော်အရေးနဲ့ ပတ်သက်လာ ရင် ဒီအရေးဟာ ထည့်စဉ်းစားရမယ့်အရေးတောင် မဟုတ်ဘူး။ ငါတို့ဘက်က လက်ဦးမှုရမှဖြစ်မယ်။ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား တွေအတွက် သူ့ရဲ့အသက်ကို ငါကအရင်နုတ်ယူလိုက်ရမယ်။ ချစ် တယ်ဆိုတာက ငါတစ်ယောက်တည်းရဲ့ကိစ္စ။ သတ်ပစ်ရမယ်ဆိုတာ က လူမျိုးတစ်မျိုးလုံးရဲ့ကိစ္စ”
ဟု စိတ်တွင် ရေရွတ်ရင်း လက်အုပ်ချီထားသော လက်ကိုဖြုတ်၍ သူ၏ခါးပေါ်သို့ လက်ကို မသိမသာတင်လိုက်၏။ သူ၏လက်သည် ထဘီ အောက်တွင် ဝှက်၍ထားသော ခါးပတ်ဓားခလုတ်ပေါ်သို့ ရောက်သွား၏။ ခလုတ်ကို နှိပ်လိုက်သည်နှင့် ခါးပတ်သည် ရွှမ်းခနဲပွင့်ထွက်လာပြီး သူ့ရှေ့ တည့်တည့်ဆီမှ သူ၏ချစ်သူလည်တိုင်ကို တိခနဲပြတ်သွားစေမည် ဖြစ်၏။
သူသည် ဣန္ဒြေမပျက် မတ်တပ်ရပ်လိုက်လေ၏။ ထို့နောက် မလှမ်းမကမ်း တွင်ရှိသော ဆီတော်အား သူလျှိုတို့၏ အချက်ပေးနည်းမျိုးနှင့် အချက်ပေး လိုက်ရာ ဆီတော်၏မျက်လုံးသည်သားကောင်၏ အနံ့ကိုရသောမုဆိုး၏ မျက် လုံးကဲ့သို့ တဖျတ်ဖျတ်လက်သွား၏ ဆီတော်၏လက်သည် သူ့ခါးပေါ်သို့ ရောက်သွား၏။ သူ၏ခါးတွင်လည်း ခါးပတ်ဓားရှိသည်မဟုတ်ပါလား။ ဆီ တော်သည် ကျန်လူများအားလုံးအား သူလျှိုနည်းဖြင့် အချက်ပြလိုက်၏။ သူလျှိုများအားလုံးသည် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြန်လည် အချက်ပြလိုက်လေ၏။ မွန်ဘုန်းကြီး သို့မဟုတ် တပ်မှူးလေးသည် မျက်လွှာ ကိုပင့်၍ တစ်ချက်မျှကြည့်ပြီးနောက် ဆွမ်းစားခြင်းကို ရပ်လိုက်၏။ ထို့နောက် လက်ဆေးရန် ရေဇလုံကိုတောင်းလိုက်၏။ ထိုအခါ ကျန်ပင်သင်က
“အရှင်မြတ်ဘုရား။ လက်ဆေးဖို့အတွက် ဆွမ်းစားမဏ္ဍပ်ရဲ့ အပြင် မှာ တပည့်တော်မတို့ စီစဉ်ထားပါတယ်။ အဲဒီကိုကြွပါ။ အရှင်မြတ် ဘုရားတို့ရဲ့ ဝိနည်းတော်မှာ လက်ကိုပြောင်စင်အောင် မဆေးလို့ ဟင်းစော် ကျွေးစော်နံခဲ့ရင် အာပတ်သင့်တယ်။ အပြစ်ဖြစ်တယ်လို့ တပည့်တော်မတို့ ကြားဖူးထားပါတယ်။ ဟုတ်,မဟုတ်တော့မသိပါ ဘူး။ အဲဒါကြောင့် လက်ကိုပြောင်စင်အောင် ဆေးနိုင်ရန်အတွက် ရေ၊ သဲ၊ ဆပ်ပြာရည်ကယ်သယ်မှုန့်၊ လက်သုတ်အဝတ်တို့ပါ သန့်ပြန့်စွာ ထားရှိပါတယ်။ စိတ်တိုင်းကျဆေးတော်မူနိုင်ရန် တပည့် တော်မ လိုက်ပြပါရစေ"
ဟူ၍ မွန်ဘာသာဖြင့် လျှောက်ထားလိုက်လေ၏။ တပ်မှူးလေး သည် သင်္ကန်းစကိုသိမ်း၍ ကျန်ပင်သင်နောက်သို့ လိုက်သွားလေ၏လက် ဆေးရမည့် နေရာဆွမ်းဇရပ်သည် အတော်အတန်လှမ်း၏။ လက် ဆေးမည့်နေရာသို့ ရောက်သောအခါ၌ ကျန်ပင်သင်က ရေခပ်၍ တပ်မှူး လေး၏ လက်ကိုလောင်းပေး၏။ ထိုသို့လောင်းပေးရင်း
“မောင်”
ဟု ခေါ်လိုက်၏။ ထို့နောက်မှ. . . .
“ခွင့်လွှတ်တော်မူပါ အရှင်မြတ်ဘုရား။ ယခုတပည့်တော်မ လျှောက် တင်မယ့်စကားကို အရှင်မြတ်အနေနဲ့ လေးလေးနက်နက် နား ထောင်စေချင်ပါတယ်။ မိမိအရှင်သခင်ကို ကယ်ထုတ်သွားဖို့ အကြံ နဲ့ပဲဖြစ်ဖြစ်၊ ရန်သူထံမှာ သုံ့ပန်းအဖြစ်နေရခြင်းထက် သေသွား ရတာက ကောင်းပါသေးတယ်ဆိုတဲ့ အကြံနဲ့ မိမိအရှင်သခင်ကို မိမိကိုယ်တိုင် လုပ်ကြံဖို့အကြံနဲ့ပဲ ဖြစ်ဖြစ်၊ ရန်သူဘုရင်ကို လက် စားချေလိုတဲ့ အကြံနဲ့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် မိမိဂုဏ်သိက္ခာကို အဖတ်ဆယ်လိုတဲ့သဘောနဲ့ စွန့်စားဖို့ အကြံနဲ့ပဲဖြစ်ဖြစ် ဒီကို ရောက်လာတာဆိုရင် အဲဒီအကြံတွေကို လက်လျော့လိုက်ပါ။ မြောက်မှာမဟုတ်ဘူး။
မလိုလားအပ်တဲ့ သမိုင်းဆိုင်ရာ သွေးစွန်း မတွေပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်မတို့ဟာ အရှင်မြတ်ဘုရားတို့ ကြွမလာခင်ကတည်းက ကြိုတင်တွေးဆပြီး စစ်ရေးဆိုင်ရာလုံခြုံ မှုတွေ အပြည့်အဝလုပ်ထားပါတယ်” ဟု လျှောက်ထားလိုက်ရာ တပ်မှူးကလေးက...
“ဒီမှာ ဒကာမ ကျန်ပင်သင်၊ သင်ပြောတဲ့ စစ်ရေးဆိုင်ရာ လုံခြုံ ရေးတွေဆိုတာ သင့်ရဲ့ ထဘီအောက်မှာပတ်ထားတဲ့ ခါးပတ်ဓား ကိုပြောတာလား။ အရိုးရှည်ယပ်တောင်ကြီးတွေ ရမ်းနေတဲ့ လူကြီး လေးယောက်ကိုင်ထားတဲ့ မှုတ်ပြောင်းကြီးတွေကို ပြောတာလား။ သူတို့ကိုင်ထားတဲ့ မှုတ်ပြောင်းကြီးတွေဟာ ထိပ်ဘက်က ပိတ်ထား တာ မတွေ့ရဘူး။ ဒါကို လိုအပ်လို့ရှိရင် အဆိပ်လူးမြားနဲ့ မှုတ် ပြောင်းအဖြစ် အသုံးပြုမယ်မဟုတ်လား။ ဒါမှမဟုတ် ဆွမ်းပွဲတည့် တည့် မျက်နှာကြတ် အပေါက်တွေကနေ အသင့်ချိန်ထားတဲ့ အဆိပ်လူးမြားတွေကို ပြောတာလား။ ဆွမ်းစားမဏ္ဍပ်ကြီးရဲ့ အပြင်မှာ ကာထားတဲ့ ပျဉ်ချပ်ကြီးတွေကို ကျောပေးပြီးရပ်နေတဲ့ တမ္ပဒီပ စစ်သည်တော်တွေကိုပြောတာလား။
အဲဒီအရာတွေ အားလုံးဟာ တိုက်စွမ်းရည်ရှိတဲ့ စစ်သည်တော်တစ်ဦးအဖို့ ကြောက်စရာအရာ တွေမဟုတ်ပါဘူး။ ဘယ်လိုပိတ်ဆို့ရမယ်၊ ဘယ်လိုကာကွယ်ရမယ် ဆိုတာ စစ်ရည်ဝတဲ့လူတိုင်း နားလည်ပါ တယ်။ ဒါပေမဲ့ ဒကာမ ကျန်ပင်သင်ကို ငါ့အနေနဲ့ပြောဦးမယ်။ ငါဟာ လောကစစ်ပွဲတွေ ကို စိတ်မဝင်စားတော့ဘူး။ ကိလေသာ စစ်ပွဲမှာ တိုက်ပွဲဝင်နေပြီ။ သံသရာက လွတ်မြောက်ဖို့အတွက် အနီးကပ် ကိလေသာရန်သူ တွေကို တိုက်ခိုက်ဖို့ ငါဟာ ဦးခေါင်း ရိတ်ပစ်လိုက်ပြီး ဖန်ရည်စွန်း တဲ့ သင်္ကန်းကို ဆင်မြန်းလိုက်ပြီ နှစ်ရာနှစ်ဆယ့် ခုနှစ်သွယ်သော သိက္ခာပုဒ်တွေဟာ ငါ့ရဲ့ ချပ်ဝတ် တန်ဆာတွေ ဖြစ်သွားပြီ။ ဘုရင် မနူဟာကို တမ္ပဒီပက ကယ်ထုတ် ဖို့ထက် ငါ့ကိုယ်ငါ သံသရာအ ကျဉ်းထောင်ကနေ ကယ်ထုတ်ဖို့က ပိုအရေးကြီးတယ်။
ဒီမှာဒကာမ ကျန်ပင်သင်၊ သင်လည်း ဒီလိုပဲ တစ်သက်လုံးသူလျှိုမကြီးလုပ်နေ တော့မှာလား။ သင်နဲ့ငါ နှစ်ယောက်စလုံး ပတ်သက်တဲ့စကားတစ်လုံးပြောမယ်။ သင့်ရဲ့ သမီးလေးဟာ သုဝဏ္ဏဘုမ္မိမှာ သီလရှင်မလေး ဖြစ်သွားပြီ။ မြတ်စွာ ဘုရားရဲ့ နှုတ်ခပတ်တော်တွေဖြစ်တဲ့ ပရိတ် ကို အလွတ်ဆိုနိုင်ပြီ။ ကုသိုလ်အကုသိုလ်တွေကို ခွဲခြားနားလည် နေပြီ။ နေ့စဉ်ရှစ်ပါး သီလစောင့်ထိန်းနေပြီ"
ဟု ပြန်လည်၍ မိန့်ကြားလိုက်လျှင် ရေလောင်းပေးနေသော ကျန် ပင်သင်၏လက်မှ ဖလားသည်အောက်သို့ ဂွပ်ခနဲ လွတ်ကျသွားလေ၏၊ ဖလားကိုကောက်ရင်း ကျန်ပင်သင်သည် တပ်မှူးလေး၏မျက်နှာကို မော့ ကြည့်လိုက်လေ၏။ တပ်မှူးလေး၏မျက်နှာသည် တန်ဆောင်မုန်းလပြည့်နေ့ ညတွင်သာသော လမင်းကဲ့သို့ ကြည်လင်ဝင်းပနေ၏။ ကျန်ပင်သင်၏ မျက် လုံးနှစ်လုံးအောက်ဘက်ရှိ မျက်တောင်စပ်တွင် မျက်ရည်နှစ်စက်သည် တွဲလွဲ ခိုနေလေ၏။ ထိုမျက်ရည်နှစ်စက်သည် စိန်ပွင့်ကဲ့သို့နေရောင်တွင် တဖျတ် ဖျတ်လက်နေ၏။ ထို့နောက်တွင် ထိုလွမ်းဆွတ်ဖွယ်ကောင်းသော၊ ဆွေးမြေ့ ဖွယ်ရာကောင်းသော၊ ကြေကွဲဖွယ်ရာကောင်းသော သမိုင်းကြွေး မျက်ရည် နှစ်ပေါက်သည် ပါးပြင်ပေါ်သို့ ညင်ညင်သာသာလေး လိမ့်၍ဆင်းသွား လေတော့၏။
ထိုအခါကျမှ ကျန်ပင်သင်သည် လက်အုပ်ကလေးချီလိုက်ပြီးလျှင် တစ်ခါက သူ၏ချစ်သူဖြစ်ခဲ့ဖူးသော တပ်မှူးလေး၊ ယခု သံဃာတော် အရှင်မြတ်၏ ခြေဖမိုးနှစ်ခုအား နဖူးဖြင့်တိုက်ကာ ဦးချလိုက်ပြီးလျှင် ...
“ခွင့်လွှတ်တော်မူပါ အရှင်မြတ်ဘုရား”
ဟု တောင်းပန်လိုက်လေတော့သတည်း။
* * * - - - ---
ဖော်ပြပါ အဖြစ်အပျက်တို့သည် ပုဂံ ဘုရင်အနော်ရထာသည် သုဝဏ္ဏဘုမ္မိမှ ပဋ ကတ်သုံးပုံကျမ်းများကို ပုဂံသို့ သယ်ယူရန် အတွက် စစ်ဆင်ရေးပြုလုပ်သည် ကာလ အတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက် တစ်စိတ် တစ်ဒေသ ဖြစ်လေ၏။
သုဝဏ္ဏဘုမ္မိမှ တပ်မှူးလေးနှင့် ပုဂံ ပြည် တပ်မတော်မှ မိန်းကဇလေးတစ်ဦးတို့ ချစ်ကြိုးသွယ်မှု ကြောင့် ဖြစ်ခဲ့ရသော ဇာတ်လမ်း ၏ နောက်ပိုင်းအဖြစ်အပျက်တို့သည်ကား... … …
*** *** ***
၁၂ဇာတ်သိမ်းဆက်ပါမည်

إرسال تعليق