"နက္ခတ်ရှင်စောရ"
တစ်ထောင့်တစ်ည တစ်ဘ၀ ( အပိုင်း ၁)
* * * * * * *
ကွယ်လုလု နေရောင်ခြည်၏ လက်ကျန်အလင်းစတို့က ၀န်းကျင်တစ်ခွင်ကို အံခဲကာ ဖြန့်ကျက်ထားနေဆဲ။
သို့သော်...၀န်းကျင်တစ်ခွင်ကိုကား အမှောင်ထုကသာ တစ်စတစ်စတိုးတက်လွှမ်းမိုးနေလျက်ရှိနေသည်။
ထိုအချိန် အဝေးဆီက အသော့နှင်လာပုံရသည့် မြင်းခွာသံရယ်က တိုးမျှင်းနေရာက တဖြေးဖြေး တိုး၍ ကျယ်လာသည်။
မကြာမီတွင်တော့ မှောင်ရီစ'ပျိုးနေသည့် အလင်းရောင်အောက်ဆီတွင် ဖြတ်သန်း၀င်ရောက်လာသည့် မြင်းတစ်စီးနှင့် လူသားတစ်ယောက်။
အနှီလူသားသည်က နက္ခတ်ရှင်ဟု သမုတ်ထားလေသည့် ချစ်ရသူငြိမ်းကို ရှာဖွေရန် ထွက်လာခဲ့သည့် ဟန်လင်း အမည်ရှိ စောရပင်တည်း။
သူ၏ ဦးတည်စိုင်းပြင်းနေသည် အကြောင်းကတော့ အရှေ့ဆီတွင် တည်းခိုနေထိုင်၍ ရနိုင်မည့် မြို့တစ်မြို့ဆီကို မျှော်လင့်ကာ ယခုလို အပြင်းခရီးနှင်နေခြင်းပင်ဖြစ်တော့သည်။
* * * * *
ရွှေတူးဖော်ရာ လုပ်ကွက်များအနီးတွင် ကုလား၊ တရုတ်စသဖြင့် တိုင်းတစ်ပါး လူမျိုးစုတွေ အများစုတို့ စျေးရောင်း အခြေပြုရာဖြစ်သည့် မြိုင်သာအမည်ရှိ မြို့ဟုပင် သမုတ်နိုင်သော စည်ကားလွန်းသော နေရာတစ်ခု။
မြိုင်သာ၏ လမ်းဘေးဝဲယာဆီတွင် ညဘက်မှာသာ လူစည်ကားတတ်သော တည်းခိုဆောင်များနှင့် စားသောက်ဆိုင်တချို့က ခန့်ခန့်ထည်ထည် ရှိနေသည်။
ရွှေတောဆီက လူတို့က တစ်နေ့တာပင်ပန်းမှုများကို ဖြေလျော့ရန်အတွက် ညဘက်ပိုင်းတွင် မြိုင်သာဆီကို အစုအဖွဲ့လိုက် ဆင်းလာတတ်ကြစမြဲ။
ရွှေလုပ်ကွက်များအတွင်းတွင် အရက်သေစာသောက်စားခြင်းမပြုရ၊ ပြုလျင် ရွှေတွင်းကန်းတတ်သည် ဟူသည့် အယူအဆ'ကြောင့်ပင် မြိုင်သာသည်က ရွှေလုပ်ကွက်ဆီက လူ့မင်းသားတို့အတွက် နတ်ဘုံပမာဖြစ်နေရတော့သည်။
သို့ရာတွင် ယခုရက်ပိုင်းတွင်မူတော့ ထိုညစျေးတန်းကလေးသည်က ပုံမှန်ထက် ခြောက်ကပ်နေပြီး ရွှေတွင်းလုပ်သားများ ရောက်မလာ။
ရောက်လာသူများကလည်း မိုးမချုပ်မီတွင်ပင် ပြန်ကြတတ်သည်မို့ ဆိုင်များသည်လည်း စောစီးစွာပင် အသိမ်းအဆည်း ပြုလုပ်နေကြရသည်။
အဘယ်ကြောင့်ပါနည်း...။
ခေတ်ကာလ၏ ပျက်ယွင်းနေသော အခြေအနေကို လက်နက်ကို အာဏာပြုကာ ကောင်းကောင်းအသုံးချနေသော လူတစ်စုကြောင့်ပင် ဖြစ်ရာ၏။
ထိုလူစုသည် လူသတ်၊ ဓားပြတိုက်ရာတွင် အလွန်သွေးအေးရက်စက်လွန်း၏။
သူတို့သည် တစ်ပါတ်တစ်ခါလောက် မြိုင်သာဆီကို ရောက်လာတတ်ပြီး သူတို့မျက်စိကျရာ ဆိုင်ဆီကို ၀င်ရောက်၍ အခကြေးငွေကောက်ခံတတ်သည်။
အသာတကြည်မပေးပါက ထိုဆိုင်နေရာသည် ညတွင်းချင်းပင် လူသတ်ပွဲတစ်ခုကျင်းပရာ နေရာတစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
သူတို့၏ အမည် အတိအကျကိုကား သိသူက မရှိ။ အများ၏ သမုတ်ချက်အရ ငွေရောင်အ၀တ်အစားများကို ၀တ်ဆင်ထားကြသည်မို့ " ငွေရောင် လက်မရွံ့များ" ဟုသာ လွယ်လွယ်ကူကူ သညာပြုထားကြရာ၏။
* * * * * *
" မောင်မင်းခေါင်ရေ...ဆိုင်သိမ်းချေတော့ဟေ့..."
ဆိုင်တန်းများ၏ အစွန်မကျတကျဆီက အိမ်နှင့်ဆိုင် တွဲဖွင့်ထားသည့် "ဒေါ်ယော" ထမင်းဆိုင်။
ညစျေးရှိရာ လမ်းကြားတစ်ခုလုံးမှာမှ ထိုတစ်ဆိုင်သည်သာ ဗမာဆိုင်ဖြစ်သည်။
မင်းခေါင်ဆိုသည်မှာက ဆိုင်ရှင်ဒေါ်ယော၏ တူအရင်းအချာတစ်ယောက်။ အသက်အားဖြင့် ဆယ့်လေးနှစ်အရွယ်ခန့်သာ။
" မောင်မင်းခေါင်ရယ်...တံခါးတွေကို အမြန်ပိတ်ပါ။ ဒီနေ့အရောင်းကောင်းလို့ တို့တစ်ဆိုင်ပဲ အသိမ်းနောက်ကျနေတာ။ တော်ကြာ...ဟိုအဖွဲ့ရောက်လာမှဖြင့်..."
ပြောရလျင် သည်နေ့တော့ ထူးထူးခြားခြားကိုပဲ ညနေစောင်းတွင်မှ ရွှေလုပ်ကွက်အသစ်ဆီက လုပ်သားများအစုလိုက်၊ အပြုံလိုက် ဒေါ်ယောဆိုင်ဆီ ရောက်လာကြသည်မို့ စျေးရောင်းကောင်းခဲ့ရသည်။
" လုပ်နေပါပြီ ဒေါ်ကြီးရယ်။ ကျုပ်မှာလည်း လက်နှစ်ဖက်ပဲပါ...အဲ..."
မောင်မင်းခေါင်၏ တန်ပြန်ပြောစကားက တ၀က်တပြတ်ဖြင့်သာ တန့်သွားရ၏။
ဒေါ်ယောက ထိုအချင်းအရာကြောင့် မောင်မင်းမောင်ထံ လှမ်းကြည့်လိုက်သည်။
မောင်မင်းခေါင်သည်က ဆိုင်အပြင်ဆီကိုသာ အံ့အားတသင့်ကြည့်ရင်း ရှိနေလေသည်မို့ "လူဆိုးတွေများရောက်လာလို့များလား " ဟု တွေးမိရကာ ရင်ထဲထိတ်ခနဲ။
" မောင်မင်းခေါင်...ဘာဖြစ်တာလဲ..."
ဒေါ်ယော မေးရင်းဖြင့် အခြေအနေမှန်ကိုသိရရန် ဆိုင်ရှေ့ပြေးကြည့်လိုက်သည်။
သူ့ဆိုင်ရှေ့ဆီတွင် ခရီးသွားဖြစ်ဟန်တူသော လူငယ်တစ်ယောက် မြင်းတစ်ကောင်တို့ ရပ်နေကြသည်ပင်။
လူငယ်၏ ရုပ်ရည်က တည်ကြည်သန့်ပြန့်နေပြီး အနက်ရောင်အ၀တ်အစားကို လိုက်ဖက်စွာ၀တ်ဆင်ထားလေ၏။
" ညီငယ်...ဪ...အဒေါ် ကျွန်တော် ဒီမှာ တစ်ညလောက် တည်းလို့ရမလား..."
ဒေါ်ယောက လူငယ်ကို စူးစမ်းသည့်နှယ် ကြည့်လိုက်ရင်း...။
" မင်းက ဘယ်သူလဲ၊ ဘယ်ကလဲ..."
" ကျွန်တော်က မိတ္ထီလာနယ်ဘက်ကပါ။ မိတ်ဆွေတစ်ယောက်ကို လိုက်ရှာနေတာပါ ဒေါ်လေး။ အခု ရှာရင်းဖွေရင်းနဲ့ ဒီကိုရောက်လာပြီး မိုးချုပ်သွားလို့ အဲ့ဒါ...ဒီမယ် ခရီးတစ်ထောက်လောက်..."
ဒေါ်ယောက လူငယ်၏ စကားမဆုံးခင် အားမနာတမ်း ခေါင်းကို ခါရမ်းလိုက်ပြီး...။
" မင်းကို အားတော့နာပါတယ်။ တို့ဆိုင်က တည်းခိုခန်းမဟုတ်ဘူးရယ်။ တခြားဆီမှာ သွားတည်းချေစမ်းပါ။ ကဲ...မောင်မင်းခေါင် ဆိုင်ပိတ်လိုက်တော့..."
ယတိပြတ်ပြောကာ ဆိုင်အတွင်းပြန်၀င်သွားခဲ့သည်။
" မိတ္ထီလာကဆိုတော့ အဝေးကြီးလာတာပဲ..."
မောင်မင်းခေါင်က ကြီးတော်ဖြစ်သူ၏ စကားကို နားမ၀င်၊ ဆိုင်မပိတ်သေးဘဲ ပြင်ပက လူငယ်ကို ကြည့်ကာပြေလိုက်ခြင်းပင်။
ထိုအခါ ဆိုင်အတွင်းရောက်နေပြီဖြစ်သည့် ဒေါ်ယောက...။
" ဟဲ့...မောင်မင်းခေါင်...မင်းကို ဆိုင်ပိတ်လိုက်တော့လို့ ပြောနေတယ်လေ..."
မောင်မင်းခေါင်က ဆိုင်အပြင်က လူငယ်ကိုကြည့်လိုက်၊ ကြီးတော်ဖြစ်သူ ဒေါ်ယောကို လှမ်းကြည့်လိုက်ဖြင့် ကြားက အားနာနေမိသည်မို့...။
" ဒေါ်ကြီးကလည်း ဒီကအကိုကို အားနာစရာ။ တခြားသွားဖို့ဆို အပြင်မှာလည်း ဆိုင်တွေအကုန်လုံးက ပိတ်ကုန်ပြီ။ တော်ကြာ လက်မရွံ့တွေရောက်လာမှဖြင့် ဒုက္ခတွေ့နေလိမ့်မယ်။ တစ်ညပဲဟာ တည်းပါစေ ဒေါ်ကြီးရယ်..."
ဒေါ်ယောက မောင်မင်းခေါင်က်ု ၀င်ပါရပြန်ကောဟူသည့် အကြည့်ဖြင့် လှည့်ကြည့်လာပြီိး...။
" တော်စမ်း မောင်မင်းခေါင်။ နင်လုပ်စရာရှိတာကိုပဲလုပ်။ ဟိုလူငယ် မင်းလည်းသွားချေတော့..."
ဒေါ်ယော နှင်လွှတ်သော်လည်း လူစိမ်းက မျက်နှာ အပြုံးမပျက်ပါ။
" ဒေါ်လေး ကျွန်တော့်ကို လူဆိုးလို့အထင်ရှိနေတာပဲ။ မစိုးရိမ်ပါနဲ့ ဒေါ်လေးရယ်။ ကျွန်တော်က လူဆိုးမဟုတ်ပါဘူး..."
" ဟုတ်သားပဲ ဒေါ်ကြီးရယ်။ သူသာ လူဆိုးဆိုရင် အခုနေလောက်ဆို ကျုပ်တို့ကို တစ်ခုခုလုပ်ပြီးနေလောက်ပြီ..."
" ကဲပါ...ဒေါ်လေးရဲ့။ စိတ်ရှုပ်ထွေး မနေနဲ့တော့။ ဒေါ်လေး ဘုရားရှိခိုးချင်နေတာမလား၊ အလုပ်တွေမပြီးသေးလို့ မရှိခိုးရသေးဘူးဖြစ်နေတာ။ သွားပါ...ကျွန်တော်နဲ့ ဒီက ညီလေး အလုပ်တွေလုပ်ပေးထားပါ့မယ်..."
သူ့ရဲ့ စိတ်ထဲက အတွေးကို လူစိမ်းက တိတိကျကျ ပြောလိုက်ခြင်းပေမို့ ဒေါ်ယောတစ်ယောက် အံ့သြသွားရသည်။
" ကဲ...ကဲ...ညီလေး။ လာ...အကိုတို့ ဆိုင်သိမ်းကြရအောင်..."
လူစိမ်းက ပြောပြောဆိုဆို ဆိုင်ပြင်ပက ပစ္စည်းတို့ကိုပင် သိမ်းကူနေလေပြီ။
ဒေါ်ယောလည်း အနှီလူငယ်သည် ထူးဆန်းသည်ဟု ခံစားရလေပြီး လူဆိုးမဖြစ်တန်ရာဟု ယုံကြည်သွားရလေပြီမို့ ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားတော့သည်။
" ကဲ...အကို။ ကျုပ်ရဲ့ ကြီးတော်ကြီးကတော့ အဲ့ဒီ့လိုပဲ။ သဘောကောင်းရဲ့သားနဲ့ အမြဲဟန်လုပ်တတ်တာ..."
လူစိမ်းက ပြုံးသည်။ ပြီးလျင်...
" ရပါတယ်ကွာ...လူကြီးဆိုတော့ ဒီလိုပဲပေါ့..."
" ဟုတ် အကို။ ကဲ...အကိုရေ အချိန်လည်းလင့်တော့မယ်။ ဒီမယ်က ဟို...လက်မရွံ့အဖွဲ့ကြောင့် အခြေအနေ သိပ်အေးချမ်းမဟုတ်ဘူး။ အကို့မြင်းကို ဆိုင်နောက်ဆီ ကျွန်တော်သွားပို့လိုက်မယ်။ အကိုက တံခါးတွေပိတ်ထားလိုက်တော့။ ပြီးရင်တော့ ကျွန်တော်နဲ့အတူပဲ စားပွဲတွေပေါ်မှာ နားကြစို့ရဲ့..."
မောင်မင်းခေါင်က ပြောပြောဆိုဆို မြင်းကို ဆွဲကာ ထွက်သွားလေသည်။
လူစိမ်းသည်ကတော့ မောင်မင်းအောင်ကို တစ်ချက်မျှ လှမ်းကြည့်လိုက် ပြီးနောက် ဆိုင်၏ တံခါးများကို ပိတ်လိုက်လေတော့သည်။
ထို့နောက်တွင်တော့ သူတို့နှစ်ဦးအတွက် ဒေါ်ယောစီစဉ်ပေးလာသည့် ထမင်းကို အတူစားသုံးဖြစ်ကြလေတော့၏။
* * * * * *
ညက တဖြေးဖြေးနက်လာခဲ့သည်။
မြိုင်သာ မြို့လေးသည်ကလည်း ညနှင့်အပြိုင် အမှောင်ထုအတိ။
ထိုအချိန် ဒေါ်ယော၏ ထမင်းဆိုင်ဆီတွင်တော့...။
တစ်ဆိုင်လုံး အမှောင်အတိကျနေသည့်ကြားဆီက တုံးလုံးလှဲရင်း အိပ်မပျော်ကြသေးသည့် လူငယ်နှစ်ဦး။ မောင်မင်းခေါင်နှင့် ဧည့်သည်လူစိမ်းဖြသည့် စောရ ရယ်သာ။
" လက်မရွံ့အဖွဲ့ဆိုတာ တော်တော်များ ဆိုးသလား ညီလေးရ..."
" ဟာ...ဘယ့်နှယ့်မေးပါလိမ့် အကိုရာ။ အကိုလာတုန်းက မြို့အ၀င်က ဆိုင်အပျက်ကြီးကို တွေ့ခဲ့တယ်မဟုတ်လား..."
" အင်း...တွေ့ခဲ့တယ်..."
" အဲ့ဒါ တရုတ်ကြီး၀မ်ကျင့်ရဲ့ ဆိုင်ဗျ။ အိမ်နဲ့တွဲပြီး ကုန်စုံဆိုင်ဖွင့်ထားတာ။ ဒီမြို့မှာတော့ လက်မရွံ့တွေရဲ့ လက်ချက်ကို စမိခဲ့တာပဲ..."
" ဟုတ်လား..."
စောရက စိတ်၀င်တစားရှိနေသည်မို့ မောင်မင်းခေါင်က အားရှိသွားရလေပြီး...။
" အကို့ကို ပြောပြရရင်တော့ လွန်ခဲ့တဲ့ လပိုင်းလောက်က အဲ့ဒီအိမ်ကို လက်မရွံ့အဖွဲ့၀င်လာပြီး ၀မ်ကျင့်တို့ တစ်မိသားစုလုံးကိုသတ်၊ ပြီးတော့ လိုချင်တာတွေယူပြီး ဆိုင်ကို မီးတင်ရှို့ဖျက်ဆီးသွားခဲ့ကြတာ..."
" ဒီလူတွေ တော်တော် ရက်စက်တာပဲ ညီလေးရာ။ ဒါနဲ့ သူတို့က လူအင်အားအတော်များလို့လား..."
" နောက်ကွယ်မှာ ဘယ်လောက်ရှိတယ်တော့ မသိတတ်ဘူး။ မြို့ထဲကိူ လာရင်တော့ ဆယ့်ငါးယောက်လောက်ပါတယ်လို့ ပြောကြတာပဲ။ ကျုပ်တော့ သူတို့နဲ့ မျက်နှာချင်းဆိုင် တစ်ခါမှ မကြုံဖူးသေးဘူး..."
" ဒါဆို အင်အားသိပ်များတယ်ပြောမရပါဘူး။ အင်း...အဲ့ဒီ့တုန်းက မြို့ကလူတွေ စုပြီး ပြန်တိုက်ရင် အဖြေက တစ်မျိုးပြောင်းသွားနိုင်တယ်..."
" အင်း...အကိုပြောတာ ဟုတ်တော့ဟုတ်တယ်ဗျ။ ဒါပေမယ့် ထူးဆန်းတာက သူတို့လာတိုင်း သူတို့တိုက်မယ့် အိမ်ကလွဲပြီး မြို့က ကျန်တဲ့ လူတွေအကုန်လုံး အဲ့ဒီ့အချိန် တစ်ယောက်မှ မနိုးကြဘူးဖြစ်နေတာ။ ဦး၀မ်ကျင့်တို့အိမ်တုန်းကလည်း အလောင်းတွေမှာ စာချိတ်ခဲ့လို့သာ သူတို့ လုပ်တာသိကြရတာ။ နောက်ကျတော့ ဒီက ဆိုင်တွေအကုန်လုံး လက်မရွံ့တွေဟေ့ဆိုရင် မရှိရှိတာ ထုတ်ပေးကြတော့တာပဲ။ တချို့ဆိုရင် အရင်းပြုတ်လို့ လာရာလမ်း လှည့်ပြန်ကြရသူတွေလည်း ရှိလာရဲ့..."
" သူတို့က ဒီကို ရောက်လာတာ ကြာပြီလား..."
" သုံးလလောက်တော့ရှိပြီ။ ဒီအတောအတွင်းမှာတော့ သူတို့ဓားပြတိုက်လုယက်တာ ခံရတဲ့ဆိုင်က ဆယ်ဆိုင်တိတိ..."
" ဪ...ဒီလူတွေကြောင့်တော့ ခက်တော့ ခက်ပါပြီကွာ..."
စောရက ရေရွတ်မိလိုက်စဉ် မောင်မင်းခေါင်က...။
" ဒါနဲ့ အကို့နာမည်ကို ကျုပ်မသိရသေးဘူးနော်..."
" ဟုတ်သားပဲ။ ပြောဖို့မေ့နေတာရယ်။ အကို့နာမည်က ဟန်လင်းပါ ညီလေး..."
စောရသည် မောင်မင်းခေါင်အား ဟန်လင်းဟူသော သူ၏ အမည်ရင်းကိုသာ ပြောပြလိုက်၏။
" ဟန်လင်း...နာမည်က လှသားပဲဗျ..."
" အင်း...မင်းခေါင်ဆိုတဲ့ ညီလေးနာမည်လည်း လှပါတယ်ကွာ..."
" ဟဲ...ဟဲ... ဒါပေါ့ဗျာ...ဒါပေါ့..."
စောရ၏ စကားကြောင့် မောင်မင်းခေါင် ရယ်မောလိုက်၏။ ပြီးသော်...။
" ကဲ...အကိုရေ။ စိတ်တော့မရှိနဲ့ဗျ။ ကျုပ် တစ်နေကုန်စျေးရောင်းထားရတော့ ပင်ပန်းပြီး အိပ်ချင်ပြီရယ်..."
" ဟုတ်ပါပြီ ညီရယ်။ ကဲ...အိပ်အိပ်..."
စကားသံများ တိတ်ဆိတ်သွား၏။ တအောင့်အကြာတွင်တော့ မောင်မင်းခေါင်ထံက အိပ်မောကျပြီး ဟောက်သံပင် ထွက်ပေါ်လာလေသည်။
" အင်း...ဘာပဲဖြစ်ဖြစ် တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတဲ့အတိုင်း ဒီကအခက်အခဲအတွက် ငါတစ်ခုခုတော့ တုန့်ပြန်ဖို့ ကြိုးစားရမယ်..."
စောရဆီက ရေရွတ်သံ။
ပြီးနောက်တွင် စောရသည် လှဲအိပ်နေရာက အသာအယာထလိုက်ပြီး တစ်စုံတစ်ရာကို ယူဆောင်ကာ ဆိုင်အပြင်ဆီကို တိတ်တဆိတ်ထွက်သွားလေတော့သည်။
သူ၏ လှုပ်ရှားမှုကို အစ၊အဆုံး စောင့်ကြည့်နေသည့် မျက်၀န်းတစ်စုံကိုတော့ စောရတစ်ယောက် သတိမထားမိခဲ့။
* * * * * *
" ဂီး...ဂစ်..."
ဆိုးရွားသော အော်သံနှင့်အတူ နီရဲသော မျက်၀န်းကို ပိုင်ဆိုင်ထားသည့် ငှက်ကြီးတစ်ကောင်သည် အိမ်များ၊ ဆိုင်များ၏ အပေါ်ဆီက ခပ်နိမ့်နိမ့်ပျံရင်း ဝေ့၀ဲနေသည်။
ဤသည်ကို အိမ်ခေါင်မိုးတစ်ခု၏ အထက်ဆီတွင် ထိုင်ရင်း အခြေအနေကြည့်နေသည့် စောရက မြင်မိရသည်မို့...။
" ဒါ...အိပ်မွေ့ချနေတာများလား..."
မောင်မင်းခေါင် ပြောသည့်စကားကို ကြားယောင်မိရင်း အာရုံဆီမှာ ချက်ခနဲ တွေးထင်မိသည့် အချက်။
အသေအချာစိုက်ကြည့်ပါမှ ငှက်ကြီးထံဆီမှာ ရစ်သိုင်းနေသော အမည်းရောင် အငွေ့အသက်များ။ စောရရင်ထဲ ထိတ်ခနဲဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ယခုလိုအငွေ့အသက်များ ပါ၀င်လာခြင်းသည်က ကောင်းသည့်အရာမဟုတ်။
ထိုကဲ့သို့ အငွေ့အသက်များကို ယခင်က မဟာသူရဇ္ဇမြို့တော်ဆီကို သွားခဲ့တုန်းကသာ စောရမြင်ခဲ့ဖူးပြီး ယခုလို ပြင်ပလောကဆီတွင်တော့ မမြင်ဖူးခဲ့။
" ဒါဟာ...သမာရိုးကျတော့ မဟုတ်ဘူး။ အောက်လမ်းအတိုက်တွေပါ ပါနေမယ်ထင်ရဲ့..."
စောရ ရေရွတ်မိရင်း ရင်ထဲ ထိတ်ခနဲ။ အမှန်အားဖြင့် ပြောရပါလျင် ထိုကိစ္စရပ်မျိုးနှင့် သူသည်က နီးစပ်ကျွမ်း၀င်မှုမရှိ။
" ငါ ဘာလုပ်သင့်လဲ..."
စောရ ဆုံးဖြတ်ချက်ချဖို့ တွေဝေနေမိရသည်။ ထိုသည်နှင့် တပြိုက်နက် ပျံသန်းနေသော ငှက်ဆိုးကြီးကို ကြည့်မိစဉ်...။
" ဟင်...ဘယ်ရောက်သွားတာလဲ..."
ငှက်ကြီးကား အိမ်များ၊ ဆိုင်များ၏ အပေါ် ကောင်းကင်ယံတွင် ရှိမနေတော့။
ထို့အပြင် ပတ်၀န်းကျင်တခိုသည်ကလည်း သာမန်ထက်ကို ပိုမိုတိတ်ဆိတ်ငြိမ်သက်သွားသယောင်။
" အခြေအနေက ပုံမှန်မဟုတ်တော့ဘူး..."
စောရ ထိုင်ရာက ထလိုက်၏။
ပြီးနောက်...သူ၏ စိတ်အာရုံကို စုစည်းလိုက်ပြီး နံဘေး၀န်းကျင်ဆီကို ဖြန့်ကျက်လိုက်လေသည်။
" ညောင်...ဝေါင်...ဝေါင်..."
ရုတ်တရက် နေရာအနှံ့အပြားဆီက ထွက်ပေါ်လာသည့် ကြောင်အော်သံများ။ မကြာ...။
ခဏအတွင်း၌ပင် စောရ၏ အရှေ့ဆီသို့ ရောက်ရှိလာကြသည့် အရွယ်စုံ ကြောင်များ။
ကြောင်များကို ကြည့်ရင်း စောရ ပြုံးလိုက်မိကာ...။
" ကဲ...အခြေအနေကတော့ ဘယ်လိုရှိတယ်မသိဘူး။ ဒါကြောင့်မို့ မင်းတို့အားလုံး ငါ့ကို လိုက်ပါ၀န်းရံပေးကြဦး..."
စောရ၏ စကားကို ကြောင်များက နားလည်ကြသည့်အလား။
" ကဲ...သွားကြစို့..."
စောရက ပြောပြောဆိုဆို နေရာကနေ ငှက်ဆိုးကြီးအား နောက်ဆုံးမြင်ခဲ့ရာနေရာဆီသို့ ဦးတည်၍ ပြေးထွက်လိုက်သည်။
ကြောင်များသည်ကတော့ သူ၏ အနောက်ဆီက လိုက်ပါ၀န်းရံ ကြကုန်လျက်။
* * * * * *
မြိုင်သာမြို့၏ အလယ် ကျင်းလုံ အမည်ရှိ တရုတ်စားသောက်ဆိုင်ဆီတွင်...။
ငွေရောင်အ၀တ်အစားများကို ၀တ်ဆင်ထားကြသည့် လူတစ်စုသည် ဆိုင်ရှင်ဟု ယူဆရသည့် လူဝြကီးနှင့် အလုပ်သမားတို့ကို ဒူးတုပ်ခိုင်းကာ ၀န်းရံထားကြလေ၏။
" ကဲ...အိုက်ကော ဒီနေ့တော့ မရဏမင်းက မင်းဆီကို လက်ကမ်းလာပြီနော်။ ဘာလုပ်ရမယ်ဆိုတာ မင်းသိတယ်မလား..."
ခေါင်းဆောင်ဟု ယူဆရသူ၏ စကား။ အိုက်ကောမည်သည့် ဆိုင်ရှင်တရုတ်ကြီးကတော့ လက်ထဲ အထုပ်တစ်ထုပ်ကို ပိုက်ကာ တစ်ကိုယ်လုံး တုန်ရီလျက်...။
" ကဲကွာ...ကြာတယ်။ ပေးမှာလား မပေးဘူးလား..."
" ၀'...၀'... နီလို့ကို ပီးမှာပါ..."
တရုတ်ကြီးပြောသည့် မြန်မာစကားက မပီကလာ။ ခေါင်းဆောင်က...။
" ပေးမှာဆိုလည်း မင်းလက်နဲ့ မြန်မြန်ပေး။ ဒါမှ အသက်ရဲ့ တန်ဖိုးကို မင်းလက်နဲ့ ကိုယ်တိုင်ကိုယ်ကျ ဘယ်လိုပြန်ပြီး ရယူထားတယ်ဆိုတာ မင်းရဲ့ နောင်လာနောင်သားတွေကို ပြောပြလို့ရမှာ...ဟား...ဟား...ဟား..."
ခေါင်းဆောင်၏ ခနဲ့စကားအဆုံး တရုတ်ကြီးက သူ့လက်ထဲက အထုပ်ကို တုန်ရီစွာဖြင့် ကမ်းပေးလိုက်၏။
ထိုအထုပ်သည် ခေါင်းဆောင်ဖြစ်သူ၏ လက်ထဲသို့ ရောက်ချိန်တွင်တတာ့...။
" ညောင်...ဝေါင်...ဝေါင်..."
" ဟင်..."
ဆူညံသော ကြောင်အော်သံများသည် ရုတ်တရက်ပင် သူတို့၏ အနီး ပတ်ပတ်လည်ဆီက ထွက်ပေါ်လာလေသည်။
သို့ကြောင့် ငွေရောင်အ၀တ်အစားနှင့် လူအများတွင်သာမက အိုက်ကောတို့ပါ အံ့သြကုန်ကြရသည်။
" ဘာဖြစ်တာလဲ..."
ကြောင်အော်သံများက ပိုမိုဆူညံလာသည်။ အခြေအနေက ပုံမှန်မဟုတ်ပြီမို့ ငွေရောင်အ၀တ်စားနှင့်လူများ ထိတ်ထိတ်ပြာပြာ။
" ဖောက်..."
အရှိန်ပြင်းပြင်းဖြင့် ပြေး၀င်လာသော ကျောက်ခဲတစ်လုံးသည် ငွေရောင်အ၀တ်အစားဖြင့် လူတစ်ယောက်၏ တံခေါက်ခွက်အား ထိမှန်ပြီးလေ၏။ နာကျင်စွာ အော်ဟစ်ရင်း ထိုသူကား လဲကျရလေသည်။
ငွေရောင်လူများအားလုံး အထိတ်တလန့်ဖြင့် ဓားများကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။
" ဘယ်သူလဲ...သတ္တိရှိရင် နောက်ကွယ်က မတိုက်နဲ့။ မျက်နှာချင်းဆိုင်လာတိုက်..."
ခေါင်းဆောင်၏ အော်သံ။ ထိုအသံအဆုံး...။
" ဟား...ဟား...ဟား...လက်နက်အားကိုးနဲ့ အနိုင်ကျင့်တဲ့ မင်းတို့ကပဲ ငပြူးက ပြဲနေရသေးတယ်..."
အသံသာ ကြားရသည်။ လူက ထွက်မလာ။ ငွေရောင်လူများ ထိတ်ပြာစွာဖြင့် အသံထွက်ပေါ်လာရာ နေရာအနှံ့ဆီကို လိုက်လံကြည့်ကြရင်း...။
" အမှောင်ထဲက တိုက်တာ ယောက်ျားတွေ အလုပ်မဟုတ်ဘူးကွ၊ မိန်းမဆန်လို့ သွေးမရဲရင်တော့ တစ်မျိုးပေါ့ကွာ..."
ခေါင်းဆောင်၏ စကားက ထိရောက်သွားသည်ထင့်။ တစ်ဖက်က တုန့်ပြန်စကားထွက်မလာတော့။ အခြေအနေကြောင့် ခေါင်းဆောင်က သူ့လူများကို မျက်ရိပ်ပြပြီး အသင့်နေစေလိုက်သည်။
သို့သော်...။
" ဝုန်း..."
" ဖြောင်း...ဖြောင်း..."
အပေါ်ဆီက လှစ်ခနဲကျလာသည့် အရိပ်မည်းတစ်ခုနှင့်အတူ အသံဗလံတချို့ ထွက်ပေါ်လာပြီး ငွေရောင်လူနှစ်ယောက် လွင့်စင်သွားရ၏။
" ဟင်...မင်း...မင်း ဘယ်သူလဲ..."
ကျောခိုင်းကာ ရပ်နေသော အမည်းရောင် အ၀တ်အစားနှင့်လူကို ခေါင်းဆောင်က တုန်ရီစွာမေးမိသည်။
တစ်ဖက်ကလူက တဖြေးဖြေးချင်စလှည့်ကြည့်လာ၏။ ခန္ဓာတွင်သာမက မျက်နှာတွင်လည်း အမည်းရောင် မျက်နှာဖုံးတစ်ခုဖြင့်။
" ငါဘယ်သူလဲ သိပ်သိချင်နေတယ်ပေါ့။ အင်း...ငါ့နာမည်ကို ပြောပြလိုက်ရင် မင်းတို့ သိပ်ပြီး ကြောက်ရွံ့သွားကြမယ်ထင်တယ်...ဟဲ...ဟဲ..."
ပေါ့ပါးစွာဖြင့် ပြောလာသည့် ခနဲ့ စကား။ တစ်ဖက်က ငွေရောင်လူတစ်သိုက်မှာတော့ ထိုစကားအတွက် မချိမခံသာ ဖြစ်ကုန်ကြရပြီး...။
" တောက်...လူပါး၀လိုက်တဲ့ကောင်။ ဟေ့ကောင်တွေ ချကွာ..."
ငွေရောင်လူများ ဓားကိုယ်စီ၀င့်ကာ အမည်းရောင်လူထံပြေး၀င်ကြသည်။
အမည်းရောင်လူက ငွေရောင်လူများကို မတုန်မလှုပ်ကြည့်နေရင်းက အနားရောက်လုလုအချိန်တွင်တော့...။
" ဝုန်း..."
ရုတ်တရက်ပင် သူ၏ အရှေ့ဆီက စားပွဲတစ်ခုကို ပြေး၀င်လာကြသူတို့ထံ ကန်ကျောက်လိုက်၍ မရိုဖရဲ ဖြစ်သွားသူတို့အကြားဆီကို ခုန်၀င်တိုက်ခိုက်လေတော့သည်။
* * * * * *
တိုက်ခိုက် အော်ဟစ်သံတို့က ဆူညံနေသည်။
တရုတ်ကြီး အိုက်ကောနှင့် အလုပ်သမားများက ထိတ်လန့်တကြားပင် တိုက်ပွဲနှင့် ဝေးရာကို ရှောင်သွားကြ၏။
တိုက်ပွဲတွင်တော့...။
အမည်းရောင်လူသည် ငွေရောင်လူတို့၏ တိုက်ခိုက်ထိုးခုတ်မှုများကို လှပသေသပ်စွာ ရှောင်တိမ်းရင်း လက်နက်မဲ့ ပြန်လည်တိုက်ခိုက်နေရာ၏။
သို့ရာတွင် ငွေရောင်လူတို့သည်က သူ၏ တိုက်ခိုက်မှုကြောင့် အလဲလဲ၊ အပြိုပြို။
တိုက်ပွဲက မျက်စိတမှိတ်အတွင်း အမည်းရောင်လူဘက်က သိသိသာသာ အနိုင်ယူလျက်...။
ထိုမှသည် ခဏအကြာတွင်တော့ ငွေရောင်လူတို့အားလုံးနီးပါးသည်က အိုက်ကော၏ ဆိုင်ကြမ်းပြင်ဆီတွင် မှောက်ကုန်ကြပြီး ခေါင်းဆောင်နှင့် နောက်နှစ်ယောက်သာ ကျန်တော့လေသည်။
" ကဲ...ဘယ်လိုလဲ။ မရဏမင်းက ဘယ်သူ့ဆီကို ရောက်လာတယ်ဆိုတာ သိကြပြီမဟုတ်လား..."
အမည်းရောင်လူက အေးဆေးစွာပင် လူ၏ လက်ကို အကြောလျော့ရင်း ရင်းပြောလိုက်၏။
" မင်း...မင်း..."
" ကဲပါ...မင်းတွေ ငါတွေ လုပ်မနေနဲ့တော့၊ မတိုက်ရဲလို့ ထွက်ပြေးမယ်ဆိုရင်လည်း ပြေးချေ..."
ခနဲ့စကားက ထိရောက်လွန်းလှသည်။ ခေါင်းဆောင်လုပ်သူက အံကို ကြိတ်လိုက်ြပီး...။
" မင်းကို မယှဉ်သာလို့ ငါတို့ရှုံးတယ်ပေါ့ကွာ။ တောက်...ဟေ့ကောင်တွေ သွားကြစို့..."
ငွေရောင်လူတို့၏ အပြုအမူကြောင့် အမည်းရောင်လူမှာ သဘောကျကာ ဟက်ခနဲတစ်ချက်ရယ်မိလေပြီး...။
" သွား...သွား...လက်ထဲက အထုပ်ကိုတော့ ထားခဲ့..."
ခေါင်းဆောင်ဖြစ်သူက အထုပ်ကို ကြမ်းပြင်ဆီတွင် ပစ်ချလိုက်၏။
ပြီးနောက်...လဲကျနေသူများကို လိုက်လံဆွဲထူကာ ဆိုင်အတွင်းက ထွက်ခွာသွားကြလေတော့သည်။
ဆက်ရန်။
နောင်ရိုး (ဆေးတပ်)

Post a Comment