"ဟံသာဝတီသို့"

"ဟံသာဝတီသို့"
 


(၄) 
 
 
              နောက်တစ်နေ့။ 
 
              ရွာလူကြီး၏ အိမ်အောက် ကွပ်ပျစ်ကြီးပေါ် ဝိုင်းထိုင်နေသော ရပ်ခေါင်းများထဲမှ တစ်ဦးက
 
"အဲဒီကောင်ကမှ တကယ့် ဗိုလ်မှူးဆို" 
 
"မသိပါဘူးဗျာ၊ ဟုတ်ချင်လည်း ဟုတ်နိုင်သပ"
 
 "သူရဲတော့ တကယ့်သူရဲပဲဟ။ အရွယ်ငယ်ငယ်နဲ့ ပြတ်သားပုံက ရက်စက်လိုက်သမှ"
 
               တဘက်နှင့် လူက နောက်လှည့်ကြည့်ကာ
 
 "ငါတို့လူငယ်တွေ အမှားမလုပ်မိကြစေနဲ့ဦး၊ တစ်ခါတည်း စက်တိုင်တက်နေရမယ်"
 
 "ဟေ့ ဟေ့၊ ဒါတွေ မပြောကြနဲ့။ အခု ခေါ်တာ တန်ဆောင်တိုင်ပွဲ ကျင်းပဖို့တဲ့။ ဗိုလ်မင်းကြီးက ဆီမီးထွန်းဖို့ ဆီတွေ ဝေပေးမယ် ပြောလို့ ဆီမီးခွက်တွေ ရှာဖွေ စုဆောင်းထားကြဖို့ ခေါင်းမင်းများက အိမ်တွေကို အ​သိပေးလိုက်ပါ"
 
"ဆီတွေက ဘယ်က ရမှာတဲ့လဲ" 
 
"ပြင်တပ်က ရှာပေးလိမ့်မယ် တဲ့" 
 
"ဟိုကောင်လေးပဲပေါ့၊ ဒါဆို။ ဘာတွေ ကြံနေပြန်ပြီလဲ မသိဘူး။ ရွာကို စည်းချတာလည်း သင်းအစီအမံချည်းပဲ။ ကျုပ်တို့ပါ ခြေချုပ်မိကုန်ပါ့"
 
"အိမ်ပေါက်စေ့ ဓားမတိုကအစ လိုက်သိမ်းခိုင်းတာလည်း သူပဲနေမှာ။ ကြောက်တတ်လိုက်တာ လွန်ပါရော။ သူရဲကောင်း နာမည်မခံနဲ့တော့ မောင်"
 
"သြော်.. ကိုဘိုးဂေါင်နှယ်၊ ပြောလေ ခက်လေပါလား။ သူက ရွာတွင်းမဝင်တော့ဘူး ပြောတယ်ဗျ။ ပြင်တပ်ကြီးကိုပဲ စောင့်တော့မှာတဲ့။ ကြောက်လို့တော့ဖြင့် ဟုတ်ဟန်မတူပါဘူး။ သင်းပုံသဏ္ဍာန်လည်း အားလုံးမြင်ကြတာပဲ"
 
"ကိုင်း ကိုင်း.. ဆီမီးခွက်တွေ ရှာဖို့ နှိုးဆော်ကြရအောင်ဗျာ။ ဒီလိုကာလကြီး မီးပူဇော်ခွင့်ရတာလည်း အဆိုးထဲကအကောင်းပေါ့" 
 
             သူတို့သည် ရွာကို မီးတုတ်များဖြင့် ပစ်ခဲ့ကြသည့် မြန်မာတို့ကို မကြည်လှသော်ငြား ပြန်လည်ပြုပြင်ပေး၍လည်းကောင်း၊ မလှန်ဝံ့၍ လည်းကောင်း ခိုင်းသည့်အတိုင်း လုပ်နေရ၏ ။ မြန်မာတို့ကလည်း ရန်သူ့ရွာအတွင်း ရောက်နေသကဲ့သို့ သတိနှင့် နေကြဆဲ။ 
 
              တန်ဆောင်တိုင်ည၊ တစ်ရွာလုံး ဆီမီးထိန်ထိန်ဖြင့် ဝင်းလက်လင်းချင်းနေသည်မှာ စိတ်ကြည်လင်ရွှင်ပျဖွယ်။ ရွာသူရွာသားများသာမက စစ်သည်တို့ပါ စစ်ပွဲများကို ခေတ္တမေ့ထားပြီး အိမ်တိုင်းစေ့ ခြံတိုင်းစေ့ ဆီမီးခွက်များ ထွန်းညှိနေကြ၏ ။
 
             လက်ျာဘီလူး၏ ကျေးဇူးဖြင့် မီးထွန်းရန် ဆီအိုးကြီးများစွာ ရရှိလာခဲ့၍ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ခြင်း ဖြစ်ပေသည်။ ရွာဦးစေတီတွင်တော့ လူတရုံးရုံးနှင့် မီးပူဇော်ပွဲကြီး ကျင်းပနေကြသည်။
 
            ပြင်တပ်များသည် ​ဆိုခဲ့သည့်အတိုင်း ရွာတွင်းသို့ အကြောင်းမရှိဘဲ မလာတော့။ ဆီအိုးများ ပို့လာတုန်းကတစ်ကြိမ် တွေ့လိုက်ကြရပြီးနောက် ပျောက်နေကြသည်။ နံနက်ကလည်း သွေးတိုးစမ်းလာသည့် မွန်တစ်စုကို မတုံ့မပြန် တပ်တွင်းမှ အေးအေးလူလူ ကြည့်နေခဲ့ကြသေးသည်။
 
            အခွန်ရွာကို ဟံသာဝတီတပ်များ ဝိုင်းပတ်၍ ရံတပ်တည်မည့် လက္ခဏာများ တွေ့နေရသော်လည်း ရွာတွင်း ရွာပြင် တပ်များက မလှုပ်မရှား တည်ကြည်ငြိမ်သက်နေ၏ ။ ထွက်တိုက်လျင် အရေးရနိုင်လျက်နှင့် အဘယ့်ကြောင့် ထိုသို့နေသည်ကိုလည်း မည်သူမှ မသိကြ။ အလွန်ထူးဆန်းသူများပါတကား။
 
                ရွာသားများ သိသည်မှာ ပြင်တပ်မှ သူရဲသည် အလွန်သြဇာကြီး၍ သူ့စကားတစ်ခွန်းသာ အတည်ဖြစ်နေကြောင်း တွေ့ရသည်။ ဗိုလ်မှူး မင်းလှသီရိပင် သူ့အမိန့်မရဘဲ မလှုပ်ရှားဝံ့ဟန် ရှိနေ၏ ။ ဆိုးသွမ်းရက်စက်လှသလောက် လူမှန်တစ်ယောက်လည်း ဖြစ်နိုင်သည်ဟု သုံးသပ်သူလည်း မရှား။
 
            လူပျိုကာလသားတစ်သိုက်နှင့် အပျိုအချို့က မြစ်တွင်းသို့ စီးဝင်သည့် ချောင်းကလေးတွင် ဆီမီးမျှောလိုကြသည်။ ဗိုလ်မှူး မင်းလှသီရိကို အကြောင်းကြား ခွင့်တောင်းကြရာ ခွင့်ပြုသလို မပြုသလိုနှင့် မရေရာ။ 
 
             မစောင့်နိုင်တော့သောအခါ ကာလသားသမီး လူငယ်များ သူတို့ဘာသာ ထွက်လာခဲ့ကြသည်။ လသာသာနှင့် တောလမ်းကလေးက လူငယ်များအတွက် ရင်ခုန်ကြည်နူးစဖွယ် အေးချမ်းနေ၏ ။ အရှေ့ဆီမှ လူသံ ရေသံများ ကြားလာရသည်။
 
            အလို၊ ချောင်းစပ်၌ ညကြီးမင်းကြီး တိတ်တဆိတ် လာရောက် ရေကစားရင်း ဆီမီးမျှောနေကြသူတစ်သိုက်ပါလား။ ပြင်တပ်ကြီးမှ သူရဲများပင်တည်း။ သူတို့သည် မည်သူမှ မလာလောက်ဟူသည့် အထင်နှင့် ကလေးငယ်များကဲ့သို့ ပျော်ရွှင်မြူးထူးစွာ ရှိနေကြရာ ရုတ်တရက် ပေါ်လာသည့် မီးရောင်များကို ကုန်းထက်ဝယ် မြင်လိုက်ရသောအခါ တဒင်္ဂ ကြက်သေသေသွားကြလေ၏ ။
 
              သလုံးလောက်သာ နစ်မည့် ရေထဲ၌ ဆံပင်ဖားလျားနှင့် ကိုယ်တွင်ဘီလူးရုပ်ကြီးများ ပါသော လုလင်ကလည်း တပ်သားများ၏ အစွန်တွင် ကျောက်ပြားတစ်ချပ်ကို ရေပြင်ပေါ် ရှပ်တိုက်ပစ်ရန် ပြင်နေရာမှ လှည့်လာကာ ကြောင်ကြည့်နေသည်။ ကမ်းပေါ်မှ လူငယ်များမှာ ပြန်လှည့်ပြေးရနိုး၊ ရပ်ကြည့်နေရနိုး ရှိနေကြ၏ ။
 
"ဆီမီးမျှောကြမလို့ထင်ပ၊ လာကြလေ.. ရပါတယ်"
 
             တပ်သားတစ်ယောက်က ဖိတ်ခေါ်လိုက်သည်။ ထိုအခါမှ အခြားတပ်သားများလည်း တစ်ဘက်ကမ်းဘက်သို့ ကပ်သွားကြလျက် နေရာဖယ်ပေးကြ၏ ။
 
"ဟို.. ဖြစ်ပါ့မလား၊ ကျုပ်တို့.. ဟိုဘက်"
 
"ဖြစ်ပါတယ် အစ်ကိုတို့၊ ဒီနားမှာ မျှောနေကျလား"
 
              ဟု ခေါင်းဆောင်လူရွယ်က လှမ်းပြောလာသည်။ ကာလသားတစ်ယောက်က
 
"ဟုတ်ပါတယ်၊ နှစ်တိုင်း ဒီနားကနေ မြစ်ထဲအရောက် စည်စည်ကားကား မီးဖောင်မျှောကြတာပါ။ ဒီချောင်းလေးက ရေငြိမ်တယ်ခင်ဗျ"
 
"ဒါဆို လုပ်ကြပါ၊ ကျွန်တော်တို့ မသိလို့ ရေကစားနေမိတာ ခွင့်လွှတ်ပါဗျို့။ တကယ်တော့ ကျွန်တော်တို့လည်း ချောင်းကို တွေ့ထားလို့ မီးဖောင်မျှောမလို့ လာကြတာပါပဲ"
 
"အို.. ဟုတ်လား၊ နောင်ကြီးတို့က မျှောပြီးပလား"
 
"သိပ် မမျှောရသေးဘူးဗျ၊ ဒီရောက်တော့ ရေချိုးချင်လာတာနဲ့.. အဟဲ ဟဲ"
 
                ခက်ထန်ရက်စက်လှသူကြီးက ယခုတော့ သူမဟုတ်ခဲ့သလို ရှက်ရယ်ရယ်နေ၏ ။ တပ်သားအချို့ ကုန်းပေါ်တက်လာကာ ဖောင်ငယ်လေးများနှင့် ဆီမီးခွက်များ ဆီအိုး မီးစာကြိုး စသည်တို့ကို ယူလာကြသည်။
 
"တပ်မှူး၊ သူတို့နဲ့ တစ်ခါတည်း မျှောလိုက်ကြမလား"
 
"အေး.. လုပ်လေ၊ မင်းတို့သဘောပဲ"
 
               လူညီသဖြင့် ခဏချင်း မီးဖောင်မျှောရန် အသင့်ဖြစ်သွားကြသည်။ ရွာသားတို့သည်လည်း သူတို့အခြေအနေကြည့်၍ လုပ်ကိုင်ကြသဖြင့် ရှေ့ဆင့်နောက်ဆင့် ပြင်ဆင်ပြီး ဖြစ်သွား၏ ။ 
 
"ကျွန်တော်တို့ လုပ်ထားတဲ့ ဖောင်တွေက များပြီး ဆီမီးခွက်ခွဲတမ်းက နည်းနေတယ် တပ်မှူး။ သူတို့ဟာတွေရော တစ်ပါတည်း ထည့်လွှတ်ရမလား"
 
"မင်းတို့သဘောပါဆိုကွာ။ အဲ.. သူတို့သဘောလည်း မေးဦး၊ သူတို့ဆန္ဒရှိသလို လုပ်ပါစေ"
 
               ရွာသားများဘက်ကတော့ အင်တင်တင်၊ ဖြစ်နိုင်လျင် သည်မြန်မာတွေနှင့် အတူမမျှောလိုကြ။ ပြောလည်း မပြောရဲကြဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
 
"ဘယ်လိုလဲ၊ ကျုပ်တို့တပ်မှူးကတော့ ရပါတယ်တဲ့။ ရောင်းရင်းတို့ သဘောကရော"
 
"ကျုပ်တို့က.. ရပါတယ်၊ ကိုယ့်ဘာသာပဲ ဆီမီးခွက်ချည်း မျှောပါ့မယ်" 
 
               သူတို့စိတ်ကို နားလည်သွားသည့် တပ်မှူးဖြစ်သူက ပြုံးရွှင်ကြည်လင်နေရာမှ မျက်နှာတည်သွားပြီး ဘာမှ မပြောတော့ဘဲ ရေထဲက တက်သွား၏ ။ သစ်ကိုင်းတွင် ချိတ်ထားသော အဝတ်နှင့် တဘက်ကို ယူကာ ရေသုတ်နေသည်။ ထို့နောက် သူ့ဘာသာ ဖောင်တစ်ခုပေါ် ဆီမီးခွက်အနည်းငယ် တင်ပြီး မျှောလိုက်လေ၏ ။
 
                ရွာသူရွာသားများဘက် တစ်ချက်ပင် လှည့်မကြည့်တော့။ သူ မီးဖောင်ကို မျှော်ကြည့်နေသည်အား ကြည့်ကာ ကာလသားအချို့ အားနာသလို ခံစားနေရသည်။ သူတို့အမြင်ကို သိသွားမှန်းလည်း သဘောပေါက်ကြ၏ ။ တစ်ယောက်နှင့်တစ်ယောက် လက်ကုတ်ကြသည်။
 
"ဒုက္ခပဲ၊ ငါတို့စိတ်ကို သိသွားပြီ။ ဘယ်လိုလုပ်ကြမလဲ"
 
               ဟူလို။ သို့သော် မည်သူမှ မပြောရဲကြ၍ သူတို့လည်း တိတ်ဆိတ်စွာပင် တစ်ခွက်ချင်း မျှောနေလိုက်ကြသည်။ 
 
"ငါတို့ သွားကြရအောင်ဟေ့၊ သူတို့ဘာသာ လွတ်လွတ်လပ်လပ် နေကြပါစေ"
 
               တပ်မှူးက ရေစိုပုဆိုးကို ညှစ်ရင်း ရှေ့မှ ထွက်သွားရာ တပ်သားများလည်း စကားတပြောပြော ပါသွားကြလေ၏ ။ ချောင်းဘေးတွင် ကာလသားသမီးများချည်း ကျန်တော့မှ
 
"ဟူး" 
 
"တော်သေးတာပေါ့ကွာ၊ ပြဿနာတက်ပြီ မှတ်တာ"
 
"ငါတို့က ဘာလုပ်လို့လဲဟ။ မတက်ပါဘူး"
 
"သူတို့ကို မကြိုက်မှန်း သိသွားပြီလေ" 
 
"သိတော့လည်း အေးတာပေါ့ဟာ" 
 
"မအေးဘူးဟဲ့၊ ပိုပူရတယ် သိလား"
 
"တွေးကြောက်မနေစမ်းပါနဲ့၊ သူတို့လည်းလူ တို့လည်းလူ ဘာကြောက်စရာရှိလဲ"
 
"အေးလေ၊ သေတစ်နေ့ မွေးတစ်နေ့ပေါ့" 
 
               ယခုမှ လုပြောနေကြသည်။ ထိုအခိုက် တစ်ယောက်က
 
"အဲ" 
 
              ဟု အသံပြုလိုက်ရာ အနောက်သို့ လှည့်ကြည့်မိကြသည်။ တပ်သားတစ်ဦး ဦးပေါင်းတဘက် လှန်းထားခဲ့သည်ကို မေ့ကျန်နေ၍ လာယူခြင်း။ ထိုသူကလည်း သူတို့ကို ပြူးကြည့်နေပြီးမှ တဘက်ကို သွားယူလိုက်ကာ ပြန်ထွက်သွားသည်။
 
"တို့ပြောတာတွေ ကြားသွားပဟ"
 
"အိုး.. ကြားလည်း မွန်လိုပြောတာပဲဟာ" 
 
"မဟုတ်ဘူး၊ သူ နားလည်ဟန် ရှိတယ်။ ငါတို့ကို ကြည့်နေတဲ့ မျက်လုံးတွေက မွန်စကားနားလည်မှန်း ပေါ်လွင်နေတယ်" 
 
               သူတို့အားလုံး ရင်လေးစွာ တိတ်ဆိတ်သွားကြလေသည်။
 
 
 
            နောက်တစ်နေ့တွင် မွန်တပ်တစ်တပ်က ရွာရှေ့တပ်ကြီးကို အဝေးမှ လာပစ်ကြပြီး အခြားတပ် သုံးတပ်ကမူ ပြင်တပ်ကြီးရှိရာ အနောက်အရပ်မှအပ ကျန်သုံးမျက်နှာကို ဝိုင်းပတ် ရံတပ်တည်လာကြသည်။ အခွန်ရွာရှိ မြန်မာတပ်များကို တိုက်ခိုက်နှင်ထုတ်လိုဟန် ဖြစ်၏ ။
 
              မြန်မာတို့ကမူ ရံတပ်တည်သည်ကိုပင် အတည်မခံဘဲ ထွက်တိုက်သင့်လျက် တစ်ဦးမှ မထွက်ကြဘဲ ငြိမ်နေသည်။ ထို့ကြောင့် မွန်တို့ အခွန်ရွာအား လွယ်ကူစွာ ဝိုင်းပတ် ပိတ်ဆို့ထားလိုက်နိုင်၏ ။ သို့ရာတွင် ရံတပ်များက သွေးတိုးစမ်းလာချိန်၌မူ ရွာတွင်းမှ အမြောက်ကြီးမြတပူများဖြင့် ပစ်လွှတ်ကြသောကြောင့် အထိအရှများစွာနှင့် မွန်တို့ ဆုတ်ကြရပြန်လေသည်။
 
               အခွန်ရွာရှေ့ တပ်ကြီးကိုလည်း နည်းမျိုးစုံဖြင့် တိုက်ခိုက်လာသည်ကို တွေ့ရသည်။ သို့ရာတွင် သူတို့ထက် နည်းလမ်းပိုစုံသော လူတစ်စုက တစ်ခါတစ်ရံ ယနေ့စစ်ရောက်မည်ဟု ကြိုတင်သိရှိနေသလို တပ်တွင်းမှ ထွက်၍ ပုန်းအောင်းစောင့်နေကြပြီး အနောက်မှ ပတ်တိုက်ခြင်း၊ အမြောက်ပြင်၍ အကပ်မခံဘဲ အဆက်မပြတ် ပစ်လွှတ်နေခြင်း၊ တပ်ခြေအထိ လွှတ်ထားပြီးမှ မြင်းများနှင့် ထွက်၍ နင်းခြင်း စသည်တို့ကို အခါအားလျော်စွာ သုံးပြီး နှိမ်နင်းလိုက်နိုင်သည်ချည်း။ 
 
               ကြာတော့ သည်တပ်ကို ဘယ်လိုမှ တိုက်မရနိုင်ဟု ရွာသားတို့ပင် နားလည်လာကြချေ၏ ။ အခွန်ရွာထဲ တစ်ကြိမ် ပေါက်လာသည်ကိုလည်း မင်းလှသီရိ မြင်းနှင့်လိုက်ကွပ် ထိန်းသိမ်းနိုင်သဖြင့် ဝင်လာသော အပြီးအစီးအောင်သူ မွန်သူရဲများ ပြန်လည်ဆုတ်ခွာသွားရသည်။
 
               ဟံသာဝတီ နေပြည်တော်မှ စစ်သူကြီး တလပန်းသည်ပင်လျင် တစ်ကြိမ်နှစ်ကြိမ် ကြိုးစားကြည့်ပြီးနောက် မရနိုင်သဖြင့် ပြန်လည်သွားရသည် ဆိုသောအခါတွင်မူ ပဲခူးသားတို့ တစ်ချိန်ချိန် နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ကို ရွာသားတို့ လုံးဝ စွန့်လွှတ်လိုက်ရပြီ ဖြစ်လေသည်။
 
              အထူးသဖြင့် နားလည်ရခက်လှသော မြန်မာသူရဲကောင်းအား တလပန်းတို့ပင် မနိုင်ဟူသော စကားက သူတို့စိတ်အားထက်သန်မှုကို အဆုံးသတ်ပေးလိုက်သည်။ အချို့လည်း အမြင်များ ပြောင်းလာလာကြပြီး ထင်သလောက်လည်း မဆိုးပါဘူးဟု ဆိုစပြုပြီ။ အများစုကတော့ ထိုသို့ ထုတ်ဖော်ပြောဆိုသူတို့ကို နှာခေါင်းရှုံ့နေဆဲ။
 
              လက်ျာဘီလူး ဟူသည့် သူရဲက သည်တပ်များတွင် အခရာ ဖြစ်နေကြောင်းကိုတော့ သူတို့ သိရှိထားပြီးပြီ။ မည်သည့်အဆင့်ဟူ၍မူ ယခုထိ မသိရသေး။ လူငယ်များ စကားမှားခဲ့သည်ကိုလည်း ယခုအထိ မတုံ့ပြန်သေး။ ရွာသားတို့ဘက်သို့ လှည့်ပင် မလှည့်ချေ။
 
            ပင်းဗိုလ်အနီး ကားစင်တင်ရသည့် အရေအတွက်မှာမူ ၆ ဦးအထိ ရှိလာခဲ့သည်။ ရွာသား ၂ ဦးလည်း ပါ၏ ။ မွန်တို့ကို သတင်းပေးရန် ထွက်သွားခြင်းကြောင့် မင်းလှသီရိက ဖမ်းဆီးအရေးယူလိုက်ခြင်း ဖြစ်လေသည်။ 
 
           တစ်ရက်တွင် သုံးမျက်နှာ ရံတပ်ပတ်ဝိုင်းခံနေရသည့်ကြားမှ လက်ျာဘီလူး ရောက်လာပြီး ဒိုင်ငွေခွက်များကို စူးဆောက်တို့ဖြင့် ဖြတ်စေလျက် ရွာရှိ မိသားစုတိုင်းသို့ ဝေစေပြန်သည်။ စစ်အတွင်း ငွေစများ ရကြ၍ ရွာသူရွာသားတို့ ပြုံးပျော်ကျေနပ်နေကြသည်။ တစ်အိမ်ထောင်လျင် အဝက်သား (၁၂ကျပ်ခွဲသား) နှုန်းခန့် ရကြသော ဟူ၏ ။
 
             တင်းတင်းကြပ်ကြပ် အဝိုင်းခံထားရသည့်ကြားမှ ထွက်မတိုက်ဘဲ နေနိုင်ကြသော မြန်မာတို့အပြင် ယခုအခါ ရွာခံများကပါ ပျော်တပြုံးပြုံး ဖြစ်နေကြသဖြင့် မွန်ရဲမက်တို့ အံ့သြကြရ၏ ။ မကြာမီ မြောက်မျက်နှာရံတပ်သို့ ပြင်တပ်ကြီးမှ မြန်မာမြင်းသည်တစ်ဦးက ထန်းရွက်စာ လာချိတ်ဆွဲသွားသည်။
 
"နက်ဖြန်နံနက် နေထွက်တပြူတွင် ရံတပ်အားလုံးကို ငါတို့ ဖြုတ်သိမ်းလမည်။ ခံဝံ့သူ ခံကြ။ ရှုံးလျင် မပြေးလေနှင့်။ ငါတို့ရှုံးလည်း မပြေး။ မွန်မြန်မာ သတ္တိသွေး ပြကြမည်။ ပြင်ဆင်ထားပါ။

                                        မင်းထင်နော်ရထာ"
 
              ဟူ၏ ။
 
 
(ဆက်ရန်..)
လေးစားစွာဖြင့်
#credit

Post a Comment

Previous Post Next Post

Comments