ဟျောင့်ရေ ... ခင်ဗျားကျွန်တော့်ကို ဘာလို့ပစ်ထားတာလဲ ။

ဟျောင့်ရေ ... ခင်ဗျားကျွန်တော့်ကို ဘာလို့ပစ်ထားတာလဲ ။ 


မနက် မျက်လုံးနှစ်လုံးပွင့်ရင် ... ခင်ဗျားပို့ထားတဲ့ Morning လေးတွေ့ချင်တယ် ။ နိုးနိုးကော်ဖီသောက်တတ်တဲ့ ကောင်မလေးကို ဆုံးမတာလေ ကြားချင်တယ် ။ ဒါပေမယ့်လေ ဒီနေ့ ကျွန်မကို ဘာလို့ ပစ်ထားတာလဲ သိချင်တယ် ။

ဖုန်းတွေ ဆက်နေတယ်မဟုတ်လား ... စာတွေ အများကြီးလဲ ပို့နေတယ်မဟုတ်လား ။ ဖုန်းတွေလဲ ၀င်တယ်လေ ပြီးတော့ မီးစိမ်းလေးလဲ မြင်တယ်လေ ။ ဒါပေမယ့် ကျွန်မဆက်တဲ့ ဖုန်းတွေလဲ မကိုင်ဘူး ... ပို့နေတဲ့ စာတွေကလဲ မပြန်ဘူးလေ ။ ဘယ်သူနဲ့ ယှဥ်ယှဥ် ပိုပြီး ဂရုစိုက်ခံချင်တဲ့ ကျွန်မက ပစ်ထားခံတယ်လို့ ဘာလို့များ ခံစားလာမိပါလိမ့်လို့တွေးရင်း ကိုယ့်ကိုယ်ကိုယ်လဲ မကျေမနပ်ဖြစ်လာတယ် ။ ကျွန်မ တစ်ယောက်တည်း နေတတ်ချင်တယ် မဟုတ်သေးဘူး ခင်ဗျားကို မလိုပဲနေတတ်ချင်တယ် ။ 

ကျွန်မ ပျော်ပဲ ပျော်နေချင်တာ ... ပြီးတော့လေ ခင်ဗျားပြုံးအောင် လုပ်ပေးတဲ့အခါ ရီချင်တယ် ။ စကားတွေ အများကြီးပြောချင်တယ် ဖုန်းတွေဆက်တဲ့အခါ ကိုင်စေချင်တယ် ။ ပြီးတော့လေ ... ကျွန်မကလဲ ရူးတယ် သိတယ် ။ ရှင်ဘာလို့ ပစ်ထားတာလဲလို့တွေးပြီး စိတ်တိုနေတဲ့ကြားက ​မြည်လာတဲ့ ဖုန်းသံတိုင်းကို ရှင်များလားဆိုပြီး မျှော်နေမိတာ ၀င်လာတဲ့ Message တိုင်းကို ရှင်ပို့တာများလားဆိုပြီး စိတ်ကူးယဥ်နေမိတာ ။ 

ကျွန်မ မနေနိုင်သွားချင်ဘူး ပြီးတော့ မနေတတ်သွားချင်ဘူး ။ ခုလို ဂရုစိုက်ခံရခြင်းတွေမှာ ကျွန်မပျော်နေတတ်သလို ကျွန်မ မျှော်နေတတ်ပါတယ် ။ လွမ်းတယ်ဆိုတဲ့ စကားကို ထုတ်မပြောဖြစ်တာကလွဲရင် သတိရတယ်ဆိုတဲ့ စကားလေးတစ်ခွန်းနဲ့ ၀န်ခံခဲ့မိရုံပါ ။ ကျွန်မကိုလေ ဘာလို့များ အကြာကြီး ပစ်ထားတာလဲ ။ ကျွန်မကိုလေ ဘာလို့များ ဂရုမစိုက်တာလဲ ။ ကျွန်မကိုလေ .... ဘာလို့များ ....။

ထားပါတော့လေ ... တစ်ယောက်တည်း ဖြစ်လာတဲ့ ဘ၀မှာ တစ်ယောက်တည်း နေတတ်အောင် နေရမယ်ပဲ မဟုတ်လား ။ အလုပ်တွေ များနေလို့နေမှာပါဆိုပြီး ကျွန်မ နားလည်ပေးဖို့ကြိုးစားကြည့်သေးတယ် ။ တကယ့်တကယ်တမ်းကျတော့ နားလည်ပါတယ်ဆိုတဲ့ စကားလေးပြောဖြစ်ခြင်းတွေနောက်မှာ ကျွန်မ တကယ် နားလည်မပေးနိုင်ခဲ့သေးဘူး ။ သူတစ်ခုခုလုပ်နေလို့နေမှာပါဆိုတဲ့ အတွေးတွေနောက်မှာ ကျွန်မအတွက်ဆိုတဲ့ နေရာလေးရှိချင်မိတယ် ။ 

ဟျောင့်ရေ ... ဒီနေ့တော့ ခင်ဗျားလွန်တယ်နော် ။ ကျွန်တော့်ကို အကြာကြီးပစ်ထားတယ် ။ ကျွန်တော်ဆက်တဲ့ ဖုန်းတွေကို မသိချင်ယောင်ဆောင်တယ် ကျွန်တော် ပို့တဲ့Message တွေကို မမြင်ချင်ယောင်ဆောင်တယ် ။ ကျွန်တော် တစ်ခုပဲ သိချင်တာကလေ ... ခင်ဗျား ကျွန်တော့်ကို ဘာလို့များ အဲ့လောက် အကြာကြီး ပစ်ထားရတာလဲ ။ မျှော်နေပါတယ် ပြီးတော့ လွမ်းပါတယ် ။ 

#ကျေးကို

Post a Comment

Previous Post Next Post

Comments