လိင်မှုဆိုင်ရာ အသိပညာများ (၂)”

“လိင်မှုဆိုင်ရာ အသိပညာများ (၂)”


၂။ အရေးပေါ် ကိုယ်ဝန်တားဆေးအကြောင်း

📌 မေး - အရေးပေါ် ကိုယ်ဝန်တားဆေးကို လိင်ဆက်ဆံပြီးတိုင်း အသုံးပြုနေတာ သင့်တော်ပါသလား။

ဖြေ - မသင့်တော်ပါဘူး။ ဒီဆေးက သူ့နာမည်အတိုင်း အရေးပေါ် အခြေအနေမျိုးမှာသာ သုံးရတာ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေတွေလဲ ဆိုတော့

• အဓမ္မပြုကျင့်ခံရတဲ့အခါ
• ကိုယ်ဝန်တားနည်း တစ်ခုခုကို သုံးပါလျက်နဲ့ လွဲချော်သွားတာ (ဥပမာ ကွန်ဒုံး ပေါက်သွားတာမျိုး၊ သုက်ရည်အပြင်ထုတ်တဲ့နည်းကို သုံးပေမဲ့ အချိန်မမီလိုက်တာမျိုး စသဖြင့်)
• သမီးရည်းစားတွေ မရည်ရွယ်ဘဲ ဆက်ဆံမိတာ စသဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီးတဲ့နောက်မှာ သုံးရတဲ့ ဆေးဖြစ်ပါတယ်။

မြန်မာကားထဲကလို ပြောရရင် ပန်းအိုးကျကွဲတာပေါ့။ ဟိုတယ်အခန်းတောင် သေချာစီစဉ်ပြီး အတူနေတာမျိုးကို မဆိုလိုဘူး။ အဲ့လောက်တောင် စီစဉ်ထားမှတော့ စိတ်ချရတဲ့ ကိုယ်ဝန်တားနည်းတစ်ခုကို သုံးဖို့ပါ ကြိုတင်ပြင်ဆင်သင့်ပါတယ်။ အဲဒီလို သုံးရင်းနဲ့မှ မတော်တဆ ချွတ်ချော်သွားတဲ့အခါမှသာ ဒီဆေးကို အရံအနေနဲ့ သုံးသင့်ပါတယ်။

📌 မေး - အဲဒီလို အတူနေပြီးတိုင်း သောက်နေရင် ဘာဖြစ်လာနိုင်သလဲ။

ဖြေ - အရေးပေါ် အခြေအနေမှာသာ အသုံးပြုရတာ ဖြစ်တဲ့အတွက် ပုံမှန်ကိုယ်ဝန်တားနည်းတစ်ခုလို သုံးနေမယ်ဆို ကိုယ်ဝန်ရသွားနိုင်ခြေ များပါတယ်။ ဒီဆေးရဲ့ ကိုယ်ဝန်တားနိုင်စွမ်းက တခြားနည်းတွေနဲ့ ယှဉ်ရင် နည်းတယ်။ အရေးပေါ် အခြေအနေမှသာ မဖြစ်လို့ သုံးရတဲ့ သဘောမျိုးကိုး။ ဒါကြောင့် အသုံးပြုပါများရင် ကိုယ်ဝန်ရသွားတတ်တယ်။

နောက်ပြီး ပါဝင်တဲ့ ဟော်မုန်းပမာဏက များပါတယ်။ အရေးပေါ် အခြေအနေမှာ သောက်တာတော့ ဆိုးဆိုးရွားရွား ပြဿနာ မရှိပေမဲ့ ရေရှည်သာ စွဲသောက်နေမယ်ဆို ကျန်းမာရေး ပြဿနာတွေ ဖြစ်မလာဘူးလို့ ပြောရခက်ပါတယ်။

နောက်ဆုံးတစ်ချက်ကတော့ လိင်ကတဆင့် ကူးစက်တဲ့ ရောဂါတွေကို မကာကွယ်ပေးနိုင်တာပါပဲ။ သူမှ မဟုတ်ဘူး၊ သုက်ရည်အပြင်ထုတ်တဲ့နည်း၊ ရက်ရှောင်တဲ့နည်း၊ နေ့စဉ်သောက်ဆေး၊ ၃ လခံ ထိုးဆေး စတဲ့ တခြားကိုယ်ဝန်တားနည်းတွေကလည်း မကာကွယ်ပေးနိုင်ပါဘူး။ အဲဒီလို ကိုယ်ဝန်ရော၊ ရောဂါပိုးတွေကိုရော တားပေးနိုင်တာ ကွန်ဒုံးတစ်ခုတည်း ရှိပါတယ်။ ဒါကြောင့် လိင်ဆက်ဆံတဲ့အခါတိုင်း ကွန်ဒုံးကို စနစ်တကျ အသုံးပြုခြင်းကတော့ စိတ်အချရဆုံးပါပဲ။ ဘေးထွက်ဆိုးကျိုးလည်း မရှိလို့ မိန်းကလေးအနေနဲ့ ဆေးသုံးနေစရာ မလိုတဲ့အတွက် အဆင်ပြေပါတယ်။

📌 မေး - ဒါဆို အရေးပေါ်ဆေးကတ်ကို မှန်မှန်ကန်ကန် ဘယ်လိုအသုံးပြုသင့်ပါသလဲ။

ဖြေ - ပြောခဲ့ပြီးသလိုပါပဲ၊ အရေးပေါ် အခြေအနေမှာပဲ သုံးရမှာပါ။ အိမ်ထောင်သည်တွေကတော့ ရှင်းတယ်ပေါ့။ ပုံမှန်ကိုယ်ဝန်တားနည်းတစ်ခုခုကိုပဲ သုံးနေကြတာ များတယ်။ သေချာပြောရမှာက သမီးရည်းစားတွေကိုပါ။ ဒီခေတ်မှာက ရည်းစားဖြစ်ပြီဆို ဒါတွေက အနည်းနဲ့အများ ပါလာကြတာပဲ။ ဒါကြောင့် ကိုယ့်ရဲ့ လိင်ဆက်ဆံမှု အခြေအနေပေါ် မူတည်တယ်။ 

အိမ်ထောင်တော့ မပြုရသေးဘူး။ သို့သော် ကိုယ့်ရဲ့ ဆက်ဆံမှု အနေအထားက အိမ်ထောင်သည်လိုပဲ ဖြစ်နေမယ်၊ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ် စသဖြင့် ပုံမှန်ဆက်ဆံမှု ရှိနေမယ်ဆို အတူနေပြီးတိုင်း ဒီဆေးသုံးနေမဲ့အစား ပုံမှန်အသုံးပြုလို့ ရတဲ့ ကိုယ်ဝန်တားနည်းတစ်ခုကို ၂ ဦးသဘောတူ ရွေးချယ်ပြီး အသုံးပြုသင့်တယ်။

ကွန်ဒုံးကတော့ အကောင်းဆုံး။ အဲဒါကိုမှ တစ်ယောက်ကိုတစ်ယောက် ယုံတယ်၊ စပြီး လိင်မဆက်ဆံခင် သွေးတွေလည်း စစ်ကြမယ်၊ ဒီလိုဆိုရင်တော့ သဘာဝနည်းတွေဖြစ်တဲ့ သုက်ရည်အပြင်ထုတ်တာ၊ ရက်ရှောင်တာ၊ ဆေးနည်းတွေဖြစ်တဲ့ နေ့စဉ်သောက်ဆေးကတ်၊ ၃ လခံထိုးဆေး စတာတွေကို ရွေးချယ်အသုံးပြုလို့ ရပါတယ်။ 

၃ လခံဆေးကတော့ ဆရာဝန်၊ ဆရာမက ထိုးပေးမှ ရတယ်။ နေ့စဉ်သောက်ဆေးကတ်ကတော့ ဆေးခန်းကို အမြဲသွားနေစရာ မလိုဘူး။ သို့သော် ပထမဆုံး စသုံးမဲ့အချိန်မှာတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သုံးသင့်တယ်။ ဒါမှ ဒီဆေးနဲ့ မတည့်တဲ့ အခြေအနေတွေ ကိုယ့်မှာ ရှိနေသလား၊ ဆေးကို ဘယ်လိုမှန်မှန်ကန်ကန် သောက်ရတယ်၊ ဆေးသောက်ဖို့ မေ့သွားရင် ဘာလုပ်ရမယ် စသဖြင့် သေချာသိနေမှာ ဖြစ်ပါတယ်။ 

အဲဒီလိုနည်းတွေ သုံးရင်းနဲ့ အဆင်မပြေ ဖြစ်သွားတယ် ဆိုမှသာ အရေးပေါ် ကိုယ်ဝန်တားဆေးကို သောက်သင့်တာပါ။ သောက်ပုံသောက်နည်းက ရိုးရှင်းပါတယ်။ အကာအကွယ်မဲ့ လိင်ဆက်ဆံအပြီး နာရီ ၁၂၀ အတွင်း သောက်ရမယ်။ ဆေးလုံး ၂ လုံးပါတဲ့ ဆေးကတ်ဆို ၂ လုံးစလုံး၊ ၁ လုံးတည်းပါတဲ့ ဆေးကတ်ဆို အဲဒီ ၁ လုံးတည်းကို သောက်။ သောက်ပြီး ၂ နာရီအတွင်း အန်ထွက်ရင် ထပ်သောက်။ မအန်ရင် သောက်စရာ မလိုတော့ဘူး။ ဒါပဲ။

ဘေးထွက်ဆိုးကျိုးအနေနဲ့ သွေးနည်းနည်းဆင်းတာ၊ ဓမ္မတာလာရမဲ့ရက် နောက်ကျတာ၊ ရင်သားတွေ တင်းပြီးနာတာ၊ ခေါင်းမူးတာ စသဖြင့် ဖြစ်တတ်တယ်။ သိပ်ဆိုးဆိုးရွားရွားတော့ မဟုတ်ဘူး။ 

📌 အနှစ်ချုပ်

အရေးပေါ် ကိုယ်ဝန်တားဆေး ဆိုတာ မမျှော်လင့်ဘဲ အရေးပေါ် အခြေအနေ ဖြစ်လာမှသာ သုံးရတာပါ။ လိင်ဆက်ဆံပြီးတိုင်း သောက်နေရမဲ့ဆေး လုံး၀ လုံး၀ မဟုတ်ပါဘူး။ ဒါကြောင့် ချစ်သူစုံတွဲများအနေနဲ့ ပုံမှန်လိင်ဆက်ဆံမှု ရှိနေမယ်ဆို ပိုပြီး စိတ်ချရတဲ့၊ ပုံမှန်အသုံးပြုလို့ရတဲ့ ကိုယ်ဝန်တားနည်းတစ်ခုခုကို ရွေးချယ်အသုံးပြုဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၈.၁.၂၀၂၃

Photo credit

Post a Comment

Previous Post Next Post

Comments