#ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး💦

#ရေနွေးနဲ့ရေချိုးခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး💦
==================


လူသားတွေဟာ ဟိုးယခင်နှစ်ပေါင်းများစွာထဲက ရေကိုအသုံးပြုပြီး ကိုယ်လက်သန့်စင် ရေချိုးခြင်းဖြင့် ခန္ဓာကိုယ်သန့်ရှင်းအောင် ပြုလုပ်ကြပါတယ်။ 

ရာသီဥတုအေးတဲ့ ဒေသမှာနေတဲ့သူတွေ၊ ဆောင်းရာသီလို ချမ်းအေးတဲ့အချိန်ကာလတွေမှာ ရေနွေးနဲ့ရေချိုးခြင်းကို ပြုလုပ်ကြပါတယ်။ 

ထိုသို့ရေနွေးနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်ကို ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေရှိသလဲဆိုတာကို ဗဟုသုတအဖြစ် မျှဝေလိုက်ပါတယ်….။

#ရေနွေးနဲ့ရေချိုးခြင်းဟာ စိတ်ဖိစီးမှုများကို လျှော့ချပေးနိုင်ပြီး စိတ်ပူပန်မှုများ လျော့ကျစေနိုင်တဲ့အပြင် အိပ်စက်ခြင်းကို ကောင်းမွန်စေတယ်လို့ National Sleep Foundation အဖွဲ့အစည်းက ထောက်ခံမှုပေးထားပါတယ်။ 

ဝါရှင်တန်ရှိ National Aquatic & Sports Medicine Institute အားကစားနှင့်ဆေးပညာတက္ကသိုလ်ရှိ သုတေသနပညာရှင်တွေက ရေနွေးစိမ်ခြင်းဟာ ခန္ဓာကိုယ်ရှိ အလိုအလျောက် တုံ့ပြန်အာရုံကြောစနစ် Autonomic Nervous System ကို ညီညွတ်မျှတရန် ကူညီပေးသောကြောင့် ဖြစ်တယ်လို့ယူဆကြပါတယ်။

ရေနွေးနဲ့ရေချိုးခြင်းဟာ  အပူချိန်လွန်ကဲမှုနဲ့ တခြားဆက်စပ် အန္တရာယ်များရှိနိုင်တဲ့အတွက် အပူချိန်အလွန်မြင့်တဲ့ရေကို မသုံးဘဲ ရေကြက်သီးနွေးနွေး အပူချိန်မျှတအောင် အသုံးပြုသင့်ပါတယ်။ 

ရေအပူချိန်မည်မျှပင် ဖြစ်စေကာမူ ရုတ်တရက် ခေါင်းမူးခြင်း၊ မသက်မသာဖြစ်ခြင်း ခံစားရလျှင် ရေနွေးဖြင့်ဆက်၍မချိုးသင့်ပါ။ အထူးသဖြင့် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်အရွယ်ကြီးသူများ၊ အပူချိန်ကို ခံနိုင်ရည်နည်းသူတွေအနေနဲ့ ဂရုပြုသင့်ပါတယ်။

ရေနွေးနဲ့ရေချိုးတာဟာ ခန္ဓာကိုယ်ကြွက်သား နာကျင်ကိုက်ခဲတာကို သက်သာစေပြီး အညောင်းအညာကိုပြေစေနိုင်ပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ကြွက်သားနာကျင်မှုများသော အနေအထား၊ ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်သူများအတွက် ရေနွေးနဲ့ရေချိုးခြင်းဟာ သွေးလည်ပါတ်မှုကောင်းမွန်စေကာ ကြွက်သားတင်းပြီး နာကျင်မှုကိုလျော့စေနိုင်တဲ့ ကောင်းကျိုးရှိပြီး ကြွက်သားဒဏ်ရာကို သက်သာစေနိုင်ပါတယ်။

ရေနွေးနဲ့ ရေချိုးတာဟာ အရေပြားမှာရှိတဲ့ ချွေးပေါက်ကိုပွင့်စေပြီး အဆီနဲ့ အညစ်အကြေးတွေ ပိတ်နေတာကို ဖယ်ရှားပေးလို့ ဝက်ခြံကဲ့သို့ အရေပြား ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

ဒါပေမဲ့ ရေနွေးနဲ့ရေချိုးတာ၊ ရေနွေးစိမ်တာကို အချိန်ကြာမြင့်စွာ ပြုလုပ်ခြင်းဟာ အရေပြားအစိုဓာတ်ကို လျော့စေပြီး အသားအရေကို ခြောက်သွေ့ယားယံစေနိုင်တဲ့ ဆိုးကျိုးရှိပါသည်။ 

ဥပမာ….နှင်းခူ၊ ညှင်းလို အရေပြားပြဿနာရှိတဲ့သူတွေဆိုရင် ယားယံခြင်းကို ပိုဆိုးသွားစေနိုင်တယ်။ ရေနွေးစိမ်ချိုးတတ်သူများအနေဖြင့် အသုံးပြုမည့်ရေချိုးဇလုံနှင့်ရေ သန့်ရှင်းမှုအားနည်းလျှင် ဗက်တီးရီးယားပိုးမွှားပေါက်ဖွားမှုရှိနိုင်တဲ့အတွက် သန့်ရှင်းမှုကို ဂရုပြုသင့်ပါသည်။

ရေနွေးနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်ရှိသွေးကြောများကို ဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်မှုရှိတဲ့နေရာတွေကို သွေးလည်ပါတ်မှုမှ အောက်ဆီဂျင်ထောက်ပံ့ပေးသဖြင့် နာကျင်မှုသက်သာစေသော အာနိသင်ကိုပေးပါတယ်။ 

ဒါပေမဲ့ American Heart Association အမေရိကန်နှလုံးအဖွဲ့အစည်းမှ သွေးကြောနဲ့ပတ်သက်တဲ့ ရောဂါရှိသူများဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူတွေအနေနဲ့ ရေနွေးနဲ့ချိုးဖို့ မသင့်လျော်ကြောင်း ဖော်ပြထားပါတယ်။

အထက်ပါအချက်အလက်များအရ ရေနွေးနဲ့ရေချိုးခြင်းဟာ ခန္ဓာကိုယ်ကို ကောင်းကျိုးရောဆိုးကျိုးပါ ပေးနိုင်တဲ့အတွက် သတိပြုဆင်ခြင်သင့်တဲ့ အချက်များကိုရှောင်ပြီး ကျန်းမာရေးအတွက်ကောင်းကျိုးရအောင် မျှတချင့်ချိန်ပြီး ရေအပူချိန်မလွန်ကဲအောင်၊ အချိန်ကြာကြာ မချိုးမိအောင်၊ နှလုံးသွေးကြောရောဂါအခံရှိလျှင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှချိုးရန် ရေးသားမျှဝေလိုက်ရပါတယ်။

Post a Comment

Previous Post Next Post

Comments