တစ်ထောင့်တစ်ည တစ်ဘ၀
နက္ခတ်ရှင်စောရ ( အပိုင်း ၂)
* * * * * * *
အမည်းရောင်လူသည် ကြမ်းပြင်ထက်ဆီက အထုပ်ကို ကောက်ယူလိုက်၏။
ပြီးနောက်...ပုန်းကွယ်နေသော အိုက်ကောထံသွားလေပြီး ကမ်းပေးလိုက်လေလျင်...။
" ၀'...လုကို ကျီးဇူး တီပါလယ်..."
အိုက်ကောက ၀မ်းသာစွာ ပြောလေသည်။
အမည်းရောင်လူက ဟတ်ခနဲရယ်လိုက်ပြီး လှည့်ထွက်ရန် ဟန်ပြင်လိုက်၏။
" ခီ...ခီနလေး...ကောင်လေး..."
အမည်းရောင်လူ၏ ခြေလှမ်းများတန့်သွားကာ လှည့်ကြည့်လာသည်။ အိုက်ကောက...။
" နိ...နာမည်လေး..."
" ဪ...ကျုပ်နာမည်ကို မေးတာလား..."
" ဟုတ်တီ...ကောင်လေး..."
" ကျုပ်နာမည်က စောရ..."
" စော...ရ...."
အိုက်ကော၏ လိုက်ပါရေရွတ်သံ။
" ဟဲ့...ခီ...ခီန..."
စောရအမည်ရှိ အမည်းရောင် လူသည် ရုတ်တရက်ပင် ရပ်နေရာက လှစ်ခနဲ ပြေးထွက်သွားခဲ့သည်။
အိုက်ကော လှမ်းတားသော်လည်း မမီတော့...။
* * * * * *
မနက်လင်းအာရုံအောက်ဆီတွင် မြိုင်သာတစ်မြို့လုံး သတင်းတစ်ခုကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်နေ၏။
" သူ့နာမည်ကို စောရလို့တော့ ပြောသွားတယ်တဲ့..."
" အိုက်ကောတို့ ပြောပြတာ လက်မရွံ့တွေကို သူတစ်ယောက်ထဲ ဆော်သွားတာဆိုပဲ..."
" သူနဲ့အတူ ကြောင်တွေလည်း အများကြီးပါလာတယ်တဲ့လေ..."
" အို ထူးဆန်းလိုက်တာနော်..."
" အမလေး...ဘယ်လိုပဲဖြစ်ဖြစ် သူ့ကို တို့အားလုံး ကျေးဇူးတင်ကြမယ်..."
" အေး...ဟုတ်တယ်။ သူ့ကြောင့် လက်မရွံ့တွေတော့ အတော်ပြားသွားကုန်ကြပြီ..."
တစ်မြို့လုံး ညတုန်းက အိုက်ကောတို့ဆိုင်ဆီမှာ သူရဲကောင်းလုပ်ခဲ့သူ စောရအပေါ် ချီးမွမ်းခန်း ဖွင့်နေကြတာ ကြားရသူအဖို့ နားနှင့်တောင် ဆန့်မည်မထင်။
မင်းခေါင်တစ်ယောက်ကတော့ ထိုသတင်းများကို ကြားပြီးချိန် စျေး၀ယ်နေရင်းက ကြီးတော်ဖြစ်သူ မှာလိုက်သည့် ပစ္စည်းများကိုပင် စုံလင်အောင် မ၀ယ်နိုင်တော့ဘဲ အပြန်လမ်းဆီကိုသာ အသည်းအသန် ပြေးလာခဲ့မိလေ၏။
" ဒေါ်ကြီး...ဒေါ်ကြီး...သတင်းထူးပါတယ်ဗျ...သတင်းထူး..."
အမောတကောဆိုလာသည့် မင်းခေါင်ကြောင့် ဒေါ်ယောက ထမင်းအိုးမွှေနေရင်းက လှမ်းကြည့်လာကာ...။
" မောင်မင်းခေါင်...မင်းမလည်း အမြဲလို ရေးကြီးသုတ်ပြာနဲ့။ အခုကော ဘာအရေးများရှိပြန်ပြီလဲ..."
ကြီးတော်ဖြစ်သူက အငေါ်တူးသော်လည်း မင်းခေါင်ကတော့ သူပြောချင်သည့် အကြောင်းအရာကသာ အာရုံထဲ ရစ်ဝဲနေရ၏။
" ကျုပ်...စျေးတန်းထဲမှာ သတင်းထူးကြားခဲ့တယ် ဒေါ်ကြီးရ။ ညတုန်းကလေ...အိုက်ကောတို့ဆိုင်ကို လက်မရွံ့တွေလာတာ၊ အဲ့ဒါ စောရဆိုတဲ့ သူရဲကောင်းက ရောက်လာပြီး လက်မရွံ့တွေကို ဆုံးမလွှတ်လိုက်တယ်တဲ့..."
မင်းခေါင်၏ စကားကို ဒေါ်ယောက အံ့သြဟန်မပြ။
မင်းခေါင်က ကြီးတော်ဖြစ်သူ၏ အပြုအမူကြောင့် ကြောင်အမ်းသွားရပြီး...။
" ဒေါ်လေး...ကျုပ် ပြောပြတာကို မအံ့သြဘူးလား..."
ဒေါ်ယောက မတုန်မလှုပ်၊ လက်ကတော့ အလုပ်မပျက် ဇယ်ဆက်သလိုရှိနေရင်းက...။
" ငါ...မှာတဲ့ ပစ္စည်းတွေကော စုံရဲ့လား..."
လုပ်လက်စအလုပ်ကို တန့်ထားလိုက်ပြီး မင်းခေါင်၏ စျေးခြင်းတောင်းကို ဒေါ်ယော လာကြည့်သည်။
" ဘာမှလည်း မ၀ယ်ရသေးပါလား မောင်မင်းခေါင်။ မနေ့ကလုပ်ကွက်က လူတွေ ဒီနေ့လည်း လာဦးမယ်ဆိုတာ မင်းမသိတာလား..."
" ဟို...ကျုပ်...ကျုပ်..."
မင်းခေါင် ထင်မှတ်မထားမိ။ သူတကာ ၀မ်းသာနေချိန် လိုက်ပြီး ၀မ်းမသာသည့် ကြီးတော်ဖြစ်သူကို သူ နားမလည်နိုင်။ အံ့အားသင့်မိရင်း မင်းခေါင်ခမျာ တုန့်ပြန်ရန်စကားပင် မရှိတော့သည့် အခြေအနေ။
" သွား...စျေးမကွဲခင် မြန်မြန်ပြန်သွား၀ယ်ချေ..."
ကြီးတော်၏ စကားကို မင်းခေါင် မလွန်ဆန်။ စူပုပ်ပုပ် မျက်နှာထားနှင့် ခြင်းတောင်းကို ဆွဲယူကာ စျေးဆီကို ပြန်လည်ထွက်ခဲ့လေတော့၏။
* * * * * *
" လောင်နေတဲ့ မီးကို ငြိမ်းသတ်မယ်ဆိုရင် ဘယ်လိုပဲ ငြိမ်းငြိမ်း၊ ငြိမ်းသတ်သူဟာ အပူရဲ့ လောင်မြိုက်မှုဒဏ်ကိုတော့ အနည်းနဲ့အများ ခံရလိမ့်မယ်..."
မြင်းကို အစာကျွေးနေစဉ် နောက်ပါးဆီက ထွက်လာသည့်စကားသံကြောင့် စောရ လှည့်ကြည့်လိုက်မိ၏။
ပြောသူကား သူ၏ အနောက် မလှမ်းမကမ်းဆီတွင် ရပ်နေသည့် ဒေါ်ယော။
" ဒေါ်လေးစကားက ဘာကို ရည်ရွယ်ပြီး ပြောချင်တာလဲ..."
စောရက စကား၏ ရည်ရွယ်ရာကို မသိသယောင်ပြုရင်း မေးလိုက်၏။ ဒေါ်ယောက အသာပြုံးလိုက်ပြိ်း...။
" အခု မြို့ထဲမှာ သတင်းကြီးနေတဲ့ ကိစ္စအတွက်၊ ညတုန်းက မင်းဘာတွေလုပ်ခဲ့တယ်ဆိုတာရယ်၊ နောက်ပြီး စောရဆိုတာ ဘယ်သူဆိုတာရယ်..."
" ဒါဆို ဒေါ်လေးက အားလုံးသိနေတာပေါ့..."
" ဟုတ်တယ် မင်းထွက်သွားရာကစလို့ ပြန်လာတဲ့အထိ ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဒေါ်လေး အကုန်သိတယ်။ ဘာပဲဖြစ်ဖြစ် ဒီမြို့လေးအတွက် မင်းရောက်လာပြီး ကူညီပေးတာကို ဒေါ်လေး အနေနဲ့ မင်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ပြဿနာဟာ ဒီလောက်နဲ့ အေးသွားဖို့ကတော့ မင်းထင်သလောက် မလွယ်ကူဘူး..."
စောရက ဒေါ်ယော၏ စကားကို နားလည်မိလိုက်သည်မို့ ခေါင်းကို ညိတ်မိလိုက်ရင်း...။
" အခုလိုလုပ်ရင် သူတို့ ပြန်လာလိမ့်ဦးမယ်ဆိုတာ ကျွန်တော်လည်း ကြိုတွေးမိပါတယ် ဒေါ်လေး။ ဒါပေမယ့် အခြေအနေအရ ၀င်မပါလို့ မဖြစ်လို့သာ..."
ဒေါ်ယောက...။
" မင်း ဘာကြောင့် ၀င်ပါရတယ်ဆိုတာ ဒေါ်လေးသိပါတယ်။ ဒါပေမယ့် ခက်တာက သူတို့ဘက်က မကောင်းတဲ့ ပညာရပ်တချို့ ပါနေတယ်ဆိုတာကိုရော မင်းသိရဲ့လား..."
" ဟုတ်ကဲ့ ဒေါ်လေး။ ကျွန်တော် သတိထားမိပါတယ်.."
ဒေါ်ယောက ခေါင်းကို တွင်တွင်ခါရမ်းလိုက်ပြီး...။
" မင်းသတိထားမိတာထက်ကို ပိုနေသေးတယ် ကောင်လေး..."
" ဗျာ...ပိုနေသေးတယ်။ ဘာကိုဆိုလိုတာလဲ။ ကျွန်တော် နားမရှင်းဘူး ဒေါ်လေး..."
စောရက အံ့သြမိသွားပြီး နားလည်ရခက်စွာ မေးလိုက်မိခြင်းပင်။ ဒေါ်ယောက...။
" ဟုတ်တယ် ကောင်လေး ပိုနေတယ်။ မင်းကို နားရှင်းအောင် ပြောပြရမယ်ဆိုရင်တော့ ဒေါ်လေးလည်း တစ်ချိန်က ပညာသည်တစ်ယောက်ပဲ။ အခုတော့ ပညာတွေ မရှိတော့ပါဘူး။ ဘုန်းကြီးတစ်ပါးဆီကို အပြီး လှူခဲ့လိုက်ပြီးပြီ။ ဒါပေမယ့် ဒေါ်လေးအနေနဲ့ ဒီပညာရပ်နဲ့ ပက်သက်တာတချို့ကိုတော့ အခုထိ ခံစားမိနိုင်တဲ့ အစွမ်းရှိနေသေးတယ်။ ပြောရရင် ညက လာတဲ့ လူတွေဟာ သာမန်ထက်မကလောက်အောင် ထူးခြားနေတာတော့ အမှန်ပဲ။ သူတို့ အသွင်အပြင်တွေကိုညကြည့်ရတာ သေပြီးသားလူတွေလို့တောင် ထင်မိတယ်။ ဖြစ်လည်းဖြစ်နိုင်ဖို့ များတယ်..."
" ဘယ်...ဘယ်လို...သေပြီးသား လူတွေ။ ဟုတ်လား ဒေါ်လေး..."
စောရ ညတုန်းက သူရင်ဆိုင်ခဲ့ရသည့် လူတွေ၏ သွင်ပြင်ကို မျက်စိအတွင်း ပြန်ဖော်ကြည့်မိသည်။
သို့သော်...။
ဒေါ်ယောပြောသလို ထူးခြားမှုကိုတော့ သူ့အနေနဲ့ မမြင်မိ။ ဒေါ်ယောက...။
" အစကတည်းက ဒီလူတွေဟာ ငွေရောင်ကို ၀တ်ထားတယ်ဆိုလို့ အံ့သြမိနေတာ။ အခုမျက်မြင်ကျမှပဲ ဒေါ်လေးရဲ့ ဆရာပြောဖူးတာကို သတိရမိရတယ်..."
" ဘယ်လိုများလဲ ဒေါ်လေး..."
" ငွေရောင်သတ္ထုဟာ စီရင်တတ်ရင် အသက်ဓာတ် ကိန်းအောင်တတ်တယ်တဲ့။ ဒါကြောင့် သူတို့ရဲ့ လှုပ်ရှားပြုမူပုံတွေအရကော၊ ၀တ်ဆင်ထားတဲ့အနေအထားအရပါ လူသေတွေဖြစ်ဖို့များတယ်လို့ ဒေါ်လေးထင်မိတာ။ ဒါပေမယ့် အတိအကျပြောဖို့ကျတော့ ဒေါ်လေးမှာ ပညာတွေမရှိတော့တာမို့ ပြောဖို့ခက်တယ်။ ဒါပေမယ့် ဒေါ်လေးပြောခဲ့သလို ညကလူတွေသာ အမှန်တကယ် လူသေတွေဆိုရင်တော့ သေချာတာတစ်ခုက အဲ့ဒီ့ဘက်က ပညာရှင်ဟာ ထင်မထားမိလောက်တဲ့အထိကို ပညာအဆင့်မြင့်မားတဲ့သူ တစ်ယောက်ပဲဆိုတာတော့ ဒေါ်လေး အတတ်ပြောနိုင်တယ်..."
စောရ သက်ပြင်းကို ခိုးချလိုက်မိပြီး...။
" ဒေါ်လေး ပြောပုံအရ သူတို့ဟာ လူသေတွေဆိုရင် အနောက်ကွယ်မှာရှိနေတဲ့သူကလည်း ခန့်မှန်းမရလောက်တဲ့အထိကို အင်အားကြီးမားနိုင်တယ်။ ဒါကြောင့်မို့ အခု ပြဿနာက အလွယ်တကူနဲ့ ပြီးသွားနိုင်ဖို့ မလွယ်ဘူးပေါ့..."
" အမှန်ပဲ ကောင်လေး။ ဒါကြောင့်မို့လို့ ဒေါ်လေးက မင်းကို တစ်ခုခုဆုံးဖြတ်နိုင်အောင် ကြိုပြီး လာပြောပြတာ။ အခုအချိန်မှာ မင်းထွက်သွားမယ်ဆိုရင်တော့ အချိန်မီလိမ့်ဦးမယ်..."
စောရ တွေဝေသွားရသည်။ သူ့အနေနဲ့ လာရင်းကိစ္စက ချစ်ရသူ ငြိမ်းကို ရှာဖွေရန်အတွက်ပင်။ ယခုတော့ ထင်မှတ်မထားသည့် ပြဿနာတစ်ခုကို သူအစပြုမိခဲ့ရပြီ။
ဒေါ်ယောပြောသလိုသာ ဖြစ်နေမည်ဆိုပါလျင် ပြဿနာကို ဖြေရှင်းဖို့က မလွယ်။ သူဘာဆက်လုပ်ရမည်နည်း။
စောရ၏ အခြေအနေကြောင့် ဒေါ်ယောက ခေါင်းကို အသာရမ်းရင်းလှည့်ထွက်ရန် ပြင်လိုက်သည်။
ထိုအချိန် စောရမှာ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချမိလိုက်ပြီး...။
" ကျွန်တော် မသွားဘူး ဒေါ်လေး။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ကျွန်တော် ၀င်ပါခဲ့ပြီးပြီဆိုမှာတော့ နောက်ကို ဘာတွေပဲ ကြုံလာပါစေ ပြီးပြတ်တဲ့အထိ ဆက်လုပ်သွားဖို့ ကျွန်တော့်မှာ တာ၀န်ရှိတယ်။ ဒါကြောင့် ဆက်ပြီးရင်ဆိုင်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပြီ..."
ဒေါ်ယောက စောရကို လှည့်ကြည့်လာသည်။
" အင်း... ယောက်ျားပီသတဲ့ ဆုံးဖြတ်ချက်ပဲ။ ကောင်းပါတယ်။ ဒီဆုံးဖြတ်ချက်အတွက် မင်းကို ဒေါ်လေး ကျေးဇူးတင်ပါတယ်..."
စောရ ကျေနပ်စွာ ပြုံးလိုက်မိသည်။
ဒေါ်ယောသည်လည်း စောရနည်းတူပင် လိုက်ပါပြုံးလိုက်လေ၏။
* * * * * *
အလင်းဟူ၍ ဆီမီးအလင်းရောင်တချို့သာ ဖြန့်ကျက်ထားတဲ့ အခန်းတစ်ခု။
ပိတ်ကာထားသည့် အမည်းရောင် ကန့်လန့်ကာကြီး၏ အရှေ့ဆီတွင် ငွေရောင်အ၀တ်အစားနှင့် လူများ ဒူးတုပ်ကြလျက်။ သူတို့၏ မျက်နှာများထံတွင် တစ်စုံတစ်ရာအတွက် စိုးရွံ ထိတ်လန့်မှုတွေက အထင်းသား။
" ညက ကိစ္စဝိစ္စတွေ အောင်မြင်ခဲ့ရဲ့လား..."
အထဲက ထွက်ပေါ်လာသည့် အမျိုးသမီးအသံ။ အရှေ့ဆုံးက ဒူးထောက်ထားသူက တုန်ရီသည့်အသံဖြင့်...။
" ကျုပ်တို့ ညံဖျင်းမှုကြောင့် မအောင်မြင်ခဲ့ပါဘူး မှော်၀န်းသခင်။ အဲ...သ သခင်မ..."
ကာထားသည့် ခန်းဆီးစ' လှိုက်ခနဲ လှုပ်ခတ်သွားမှုနှင့်အတူ အထဲဆီက အနက်ရောင်အ၀တ်အစားကို ၀တ်ထားပြီး နတ်မိမယ်တမျှ ခြယ်သပြင်ဆင်ထားသည့် အမျိုးသမီး တစ်ယောက် ထွက်ပေါ်လာ၏။
အမျိုးသမီး၏ အသားအရည်ကား ၀င်းဝါစိုပြေနေလျက် ရုပ်ရည်ကလည်း လှပတင့်တယ်လွန်းလှသည်။
သို့သော်...။
သူမ၏ မျက်နှာဆီ၀ယ် လှပမှုနှင့် မလိုက်ဖက်လွန်းစွာ ခက်ထန်တင်းမာသည့် အရိပ်အယောင်များက ယှက်သန်းလျက်။
" ကံချွန်...နင့် စကားမှာ အမှားပါသွားတယ်ဆိုတာ နင်သိရဲ့လား..."
" သိ...သိပါတယ် သ...သခင်မ။ ကျုပ်...အခြေအနေကို မလေ့လာမိလိုက်လို့ပါ..."
ကံချွန်က တုန်ရီစွာဆိုသော် မိန်းမပျိုက သူရှိရာဆီကို လှမ်းလာ၏။
ဤသည်ကို ကြည့်ရင်း ကံချွန်၏ မျက်နှာဆီတွင် တုန်လှုပ်မှုကြောင့် သွေးမရှိတော့ သယောင်။
" ကျုပ်...မှား...မှားပါတယ်။ သခင်မ..."
ဘယ်သို့ပင် တောင်းပန်စေကာမူ အမျိုးသမီး၏ လက်သည်းရှည်ရှည်များဖြင့် လက်တစ်ဖက်က ကံချွန်၏ ဦးခေါင်းဆီကို ဆွဲကုပ်အုပ်ကိုင်လာခဲ့သည်။
" ကျုပ်...ကျုပ်...တကယ်မှားပါတယ် သခင်မ။ ကျုပ်ကို မသတ်ပါနဲ့..."
ကံချွန်တောင်းပန်သော်ငြား အချည်းနီးရယ်သာ။
အမျိုးသမီး၏ မျက်နှာဆီတွင် သွေးအေး ရက်စက်လွန်းလှသည့် အပြုံးတစ်ခု။ ပြီးနောက် ပြုံးနေရာက အံကို ကြိတ်လိုက်ပြီး...။
" ငါက ယောက်ျားလို ပြောင်းလဲနေရင် မိန်းမလိုနာမ်စား ခေါ်တာ မကြိုက်ဘူး။ မိန်းမလို ပြောင်းလဲနေရင် ယောက်ျားလိုနာမ်စား ခေါ်တာ မကြိုက်ဘူး...နင်သေသင့်တယ် ကံချွန်..."
အမျိုးသမီးက ဒေါသဖြင့် ပြောဆိုပြီး သူ၏ လက်ကို အားထည့်ညှစ်လိုက်သည်။
" အ...အား..."
ကံချွန့်ထံက နာနာကျင်ကျင် အော်ညည်းသံ။
အမျိုးသမီး၏ လက်ချောင်းများက အမည်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာပြီး ကံချွန်၏ ဦးခေါင်းဆီကို တစ်စတစ်စ နစ်၀င်သွားလေ၏။
ကံချွန်တစ်ယောက် ရုန်းကန်သော်ငြား မလွတ်နိုင်ပြီ။
နာကျင်စွာအော်ဟစ်ရင်း ကံချွန်၏ အသားအရည်များက အက်ကွဲလိုက်လာသည်။
မကြာ...။
ကံချွန်၏ မျက်လုံးများသည် မျက်ဖြူဆိုက်လာရပြီးနောက် ရုန်းကန်ခြင်း အလျဉ်းမရှိတော့။
အမျိုးသမီးက သူ၏ လက်ကို ရုတ်သိမ်းလိုက်ချိန်တွင်တော့ ကံချွန်ခမျာ အရုပ်ကြိုးပြတ် လဲကျသွားရလေသည်။
ထို့နောက်တွင်တော့...။
ကံချွန်၏ အသားအက်ကွဲကြောင်းများက တစ်စတစ်စပိုမို ကြီးမားလာကာ နောက်ဆုံး ရွှုံရုပ်တစ်ရုပ်နှယ် အက်ကွဲပြိုပျက်သွားလေ၏။
" ဟား...ဟား...ဟား..."
အမျိုးသမီး၏ ရယ်မောသံက သွေးပျက်ဖွယ်ရာ အက်ရှရှဖြင့်...။
ကျန်သူတို့မှာ ကံချွန်၏ အဖြစ်အပျက်ကြောင့် အလွန်ပင် တုန်ရီသွေးပျက်နေကြရပြီ။
အမျိုးသမီးက ကျန်သူတို့ထံ ဝေံ၀ိုက်ကြည့်လာပြီး တစ်ယောက်သောသူအား...။
" ငမှတ်...ညတုန်းက နင်တို့ ဘာတွေဖြစ်ခဲ့တာလဲ..."
ငမှတ်ဆိုသူ၏ ခန္ဓာကိုယ်တစ်ချက်တုန်သွားရပြီး...။
" ဟို...ဟို...မှော်၀န်းသခင်မ။ ညတုန်းက အိုက်ကောဆိုင်ကို ကျုပ်တို့ ၀င်နေကြတုန်း လူတစ်ယောက်ရောက်လာပြီး..."
အမျိုးသမီးက လက်ကာပြသည့်မို့ ငမှတ်၏ စကားက တန့်ခနဲ။
" ငါသဘောပေါက်ပြီ။ မင်းတို့ အရှုံးပေးပြီး ပြန်ပြေးလာကြပုံကို ထောက်ရင် အဲ့ဒီ့လူဟာ တော်ရုံတော့ မဟုတ်လောက်ဘူး..."
သခင်မ၏ စကားကြောင့် ငမှတ်တို့မှာ သူတို့အတွက် ချမ်းသာရာရပြီဟု တွေးမိလိုက်ကြပြီး...။
" ဟုတ်...ဟုတ်တယ် သခင်မ။ သူက ကြောင်တစ်ကောင်လိုပဲ လျင်မြန်ဖျတ်လတ်လွန်းတယ်။ တိုက်ရည်ခိုက်ရည်ကလည်း ကျုပ်တို့ လိုက်မမီဘူး။ ပြီးတော့ သူနဲ့အတူ ကြောင်တွေလည်းပါလာတယ်..."
အမျိုးသမီး၏ မျက်နှာဆီတွင် စိတ်၀င်စားမှု အရိပ်အယောင်များထင်ဟပ်လာရ၏။
" သူ...ဘယ်ကရောက်လာတာလဲ..."
အမျိုးသမီးထံက တီးတိုးရေရွတ်သံ။ ဘယ်သူမှတော့ ထိုရေရွတ်သံကို မဖြည့်စွက်ရဲကြပြီ။
" ငနက်ကြီး..."
အမျိုးသမီးထံက ထပ်မံထွက်ပေါ်လာသည့် ရေရွတ်သံခပ်တိုးတိုး။
" ဖျောက်...ဖျောက်...ဖျောက်..."
အမျိုးသမီးသည် လက်ဖျောက်သုံးချက်တီးလိုက်၏။
လက်ဖျောက်တီးသံအဆုံးတွင်တော့ အတောင်ပံတဖြန်းဖြန်း ခတ်သံနှင့်အတူ သူမရှိရာဆီကို ပျံသန်းလာသည့် ငှက်ကြီးတစ်ကောင်။
ငှက်ကြီးက ဆန့်တန်းပေးလာသော အမျိုးသမီး၏ လက်ဆီတွင် လာရောက်နားလေသည်။
" ရပြီ...မင်းတို့ သွားကြတော့..."
အမျိုးသမီးက ငမှတ်တို့ကို ပြောလိုက်သည်။
ချက်ချင်းဆိုသလိုပင် အခန်းအတွင်းဆီက ငမှတ်တို့အားလုံး အလျင်အမြန် ထွက်ခွာသွားကြကုန်၏။
" ငနက်ကြီး...ညတုန်းက လူက ဘယ်သူလဲ။ နင် အားလုံးကို မြင်လိုက်တယ်မလား..."
ငှက်ကြီးက အတောင်ပံနှစ်ချက် ပုတ်လိုက်သည်။ အမျိုးသမီး၏ မျက်နှာဆီတွင် အရိပ်အယောင်တချို့ ဖြတ်သန်းသွားလေ၏။
" နင် မြင်သမျှ ငါ့ကို ပြပေတော့..."
အမျိုးသမီးသည် ပြောပြီးသည်နှင့် သူမ၏ စူးရှသော မျက်၀န်းဖြင့် ငှက်ကြီး၏ မျက်၀န်းနက်နက်ကြီးဆီကို စူးစိုက်ကြည့်လိုက်လေသည်။
အမျိုးသမီး၏ မျက်၀န်းများသည် လှုပ်ခတ်မှု အလျဉ်းမရှိ။ သို့သော် သူမ၏ အာရုံဆီတွင်တော့ ပုံရိပ်တချို့က လှုပ်ခတ်ပြေးလွှားနေလျက်။
အမည်းရောင်အ၀တ်အစားနှင့် မျက်နှာဖုံးစွပ်ထားသူ တစ်ဦး။ လှုပ်ရှားမှုတို့က ကြောင်တစ်ကောင်လို သွက်လက်ဖျတ်လွန်းစွာ။
ပုံရိပ်တို့ ပြီးဆုံးသွားချိန်တွင်တော့ အမျိုးသမီး၏ မျက်၀န်းများ လှုပ်ရှားခဲ့လေသည်။
" ငါ ကျက်စားခဲ့ဖူးတဲ့ နေရာတွေ မနည်းတော့ဘူး။ ရင်ဆိုင်ခဲ့ဖူးတဲ့သူတွေလည်း ရှိခဲ့ဖူးပေမယ့် ဒီတစ်ယောက်ကတော့ သာမန်ထက်ကို သိသိသာသာပဲ။ သူက ဘယ်လို လူထူးဆန်းမျိုးပါလိမ့်..."
အမည်းရောင်လူ၏ အကြောင်းသည်က အမျိုးသမီး၏ အတွေးဆီ၀ယ် အကြိမ်ကြိမ်အခါခါ ရစ်ဝဲ၊ ဖုံးအုပ်လျက်...။
* * * * * *
စောင့်ဆိုင်းခဲ့ရသည့် အချိန်တို့သည်သာ တစ်ပါတ်တာ ပြည့်ခဲ့လေပြီ။
မျှော်လင့်နေသည့် လက်မရွံ့တို့ကား ထူးဆန်းလွန်းစွာပင် ယနေ့အထိ ပေါ်မလာခဲ့။
မြို့ကတော့ ယခင်ကလိုပင် ပုံမှန်အတိုင်း ပြန်လည်စည်ကားလျက်ရှိနေလေပြီ။ သို့အတွက် စောရမှာ ထမင်းဆိုင်ဆီ၌သာ လုပ်ကူကိုင်ကူရင်း ရှိနေရလေ၏။
" အကို...သက်ပြင်းတချချနဲ့ ဘာဖြစ်နေတာလဲ၊ မိတ္ထီလာကို လွမ်းမိလို့လား..."
ဆိုင်ထဲ လူပါးနေချိန် မင်းခေါင်က စောရအနားရောက်လာကာ ပြောခြင်းဖြစ်၏။
" မဟုတ်ပါဘူး ညီငယ်ရာ။ အကို ဒီအတိုင်း တွေးဖြစ်နေတာပါ..."
" အင်း..."
မင်းခေါင်က အနားက ခုံဆီတွင် ၀င်ထိုင်လိုက်၏။ ပြီးလျင် ဆိုင်၏ ပြင်ပဆီက သွားလာလှုပ်ရှား စည်ကားနေလေသည့် လူများကို ကြည့်ကာ...။
" ကျုပ်တို့ မြို့လေးလည်း စောရဆိုတဲ့ သူရဲကောင်းက ကယ်တင်ပေးလို့သာပဲ။ မဟုတ်ရင် လက်မရွံ့တွေကြောင့် အားလုံး ဒုက္ခတွင်းထဲကျရောက်နေကြရတာ..."
စောရက တုန့်ပြန်စကားမဆို။ သူ၏ အကြည့်တို့က မင်းခေါင်လိုပင် စျေးလမ်းမဆီ၌...။
" ဟင်..."
စောရဆီက အမှတ်တမဲ့ အာမေဋိတ်သံ ခပ်တိုးတိုး။
စျေးလမ်းမတစ်ဖက်ဆီက သူ့ဆီကို မျက်တောင်မခတ်တမ်း လှမ်းလို့ စိုက်ကြည့်နေသည့် ငယ်ရွယ်ချောမောလွန်းလှသော အမျိုးသမီးငယ်တစ်ယောက်။
အမျိုးသမီးငယ်နှင့် ဆုံကြိုက်နေသည့် အကြည့်ကို စောရလွှဲဖယ်လို့ မရ။
သူမ၏ အကြည့်များထဲတွင် ညို့ငင်အားတစ်မျိုးပါ၀င်နေသည်ဟု ထင်မိရသည်။
စောရနှင့် အမျိုးသမီးငယ်တို့ အချိန်အတော်ကြာ အကြည့်ချင်းဆုံဖြစ်နေသည်။
အတန်ကြာသော်...။
အမျိုးသမီးငယ်သည် စောရကို ပြုံးပြလာလေပြီးနောက် နေရာကနေ ရုတ်တရက် လူအများကြားဆီသို့ တိုး၀င် ထွက်ခွာသွားလေ၏။
စောရမှာ တဒင်္ဂတော့ ကြောင်အမ်းသွားရသည်။ မင်းခေါင်က...။
" အကို...ဆိုင်မှာ လူပါးတုန်း ကျုပ်တို့ ထမင်းစားကြစို့လေ..."
" အင်း...ခ...ခဏလေး ညီငယ်..."
မင်းခေါင်ကြောင့် စောရ သတိ၀င်လာရသည်။ ချက်ချင်းပင် မသိစိတ်၏ စေ့ဆော်မှုနှင့်အတူ ဆိုင်အပြင်ကို ပြေးထွက်မိလိုက်ပြီး လူအများကြားဆီ၀ယ် အခုနက အမျိုးသမီးငယ်ကို ရှာဖွေကြည့်လိုက်၏။
သို့သော်...လူများထူထပ်တိုးသိပ်စွာ သွားလာနေမှုကြောင့်ထင်၊ အမျိုးသမီးငယ်၏ အရိပ်အယောင်ကို လုံး၀မတွေ့ရတော့...။
" အကို...ဘာဖြစ်တာလဲ..."
မင်းခေါင်က အနောက်ကလိုက်လာကာ မေးသော်ငြား စောရချက်ချင်းပြန်မဖြေနိုင်။ တွေ့လိုတွေ့ငြား လိုက်ရှာကြည့်မိနေဆဲ။
" အကို..."
" မိန်းကလေးတစ်ယောက်...ဒီအနားမှာ ရပ်နေခဲ့တာ..."
ရုတ်ခြည်း ပြန်ဖြေလာသည့် စောရစကားက အစီအစဉ်မကျ။ မင်းခေါင်က သဘောကျဟန်ဖြင့် ပြုံးမိလိုက်ပြီး...။
" ဒီမြို့မှာ မိန်းကလေးဆိုတာက ပေါမှပေါပဲ အကိုရ။ သဘောကျတတ်မှန်း ကျုပ်မသိလို့ပါ။ သိရင် အစောကတည်းက လိုက်ပို့ပေးတာပေါ့...ဟီး..."
မင်းခေါင်က စနောက်စကားဆိုသော်ငြား စောရအတွက်တော့ အာရုံထဲဆီကို မရောက်ခဲ့။
စိတ်ဆီ၀ယ် တွေးမိနေသည်က ထိုအမျိုးသမီးငယ်၏ မျက်၀န်းများဆီမှာ လျို့ဝှက်သော အကြောင်းအရာတို့ များစွာရှိနေကြောင်း သူအလိုလို ခံစားသိမိနေခဲ့သည်။
အဘယ့်ကြောင့်နည်း...။
ထိုအမျိုးငယ်သည်ကား ဘယ်သူနည်း...။
ဘယ်အတွက်ကြောင့် သူမအပေါ် သူ့အာရုံကို ယခုလို တိမ်းညွတ်နစ်မြုပ်စေခဲ့ပါသနည်း...။
အဖြေမရှိသည့် မေးခွန်းပေါင်းများစွာက စောရ၏ စိတ်ဆီ၀ယ် ရစ်သိုင်းနေရလေတော့သည်။
* * * * * *
ညက တဖြေးဖြေး နက်ရှိုင်းလာသည်နှင့်အမျှ မြိုင်သာ ညစျေးတန်း၏ လူစည်ကားမှုသည်လည်း တဖြေးဖြေးလျော့ပါးလာခဲ့လေပြီ။
" မောင်မင်းခေါင်ရေ...ဆိုင်သိမ်းကြစို့..."
" ဟုတ်ကဲ့..."
နေ့တစ်နေ့တာ ပင်ပန်းရချိန်တို့ ပြီးဆုံးခဲ့ပြီး အနားယူရတော့မည်မို့ မင်းခေါင် ရွှင်လန်းတက်ကြွသွားရသည်။
စောရလည်း ဆိုင်အတွင်း၊ အပြင် သိမ်းဆည်းစရာ ရှိသည်တို့ကို လိုက်လံ သိမ်းဆည်းကူ၏။
" ဝုန်း...ဖောင်းဖောင်း..."
" ကယ်ကြပါဦး..."
ဆူညံသော ရုန်းရင်းဆန်ခတ်အသံနှင့် အော်ဟစ်သံများ။ မကြာ...။
လမ်းအတိုင်း လူတချို့ ရုတ်ရုတ်သဲသဲဖြင့် အော်ဟစ်ကြရင်း သွေးရူးသွေးတန်း ပြေးလာကြလေသည်။
" ဘာဖြစ်ကြတာလဲ မသိဘူး..."
မင်းခေါင်က ပြောခြင်းပင်။ ထိုအခိုက်...။
" ဂီး...ဂီး...ဂစ်..."
သူတို့၏ ဆိုင်ခေါင်မိုးထက်ဆီက အပေါ်ဆီက ကျယ်လောင်စွာ ထွက်ပေါ်လာသည့် ငှက်ဆိုးထိုးသံ။
စောရ ရင်ထဲ ထိတ်ခနဲဖြစ်သွားရပြီး ဒေါ်ယောကို လှမ်းကြည့်လိုက်မိသည်။
ဒေါ်ယောကလည်း သူ့နည်းတူ ပြန်ကကြည့်လာပြီးနောက် ခေါင်းကို အသာညိတ်ပြကာ...။
" သူတို့ရောက်နေပြီ။ မင်းသွားတော့..."
ဒေါ်ယောက ပြောပြီးသည်နှင့် စားပွဲတစ်ခုအောက်ဆီက အ၀တ်ဖြင့်ပတ်ထားသည့် အရာတစ်ခုကို ယူကာ စောရထံ လှမ်းပစ်ပေးလာ၏။
" ဒါက မင်းအတွက်တော့ အသုံးတည့်လိမ့်မယ်..."
စောရ အလျင်အမြန်ပဲ ဆိုင်အနောက်ဘက်ဆီကို ပြေး၀င်သွားလေသည်။
" မောင်မင်းခေါင် ဆိုင်တံခါးတွေကို အမြန်ပိတ်တော့..."
" ဟုတ်...ဟုတ် ဒေါ်ကြီး။ ဟင်...အကိုဟန်လင်းကော..."
စောရ ထွက်သွားသည်ကို မင်းခေါင် ဆိုင်အပြင်ဘက်ဆီ အာရုံရောက်နေ၍ မသိလိုက်။
" သူ့ကို ထားလိုက်၊ ဆိုင်ကိုသာ အမြန်ပိတ်ချေ..."
ဒေါ်ယောက ပြောလည်းပြော၊ သူကိုယ်တိုင်လည်း ဆိုင်တံခါးများကို လိုက်လံပိတ်သိမ်းလေ၏။
သို့ကြောင့် မင်းခေါင်မှာလည်း ဆိုင်တံခါးများကို အမြန်ဆုံး ပိတ်ရလေတော့သည်။
* * * * * *
လူအများ ပြေးလာရာဘက်ဆီကို အိမ်ခေါင်မိုးများ အထက်ဆီကနေ ရိပ်ခနဲ၊ ရိပ်ခနဲ တူရှုပြေးလွှားနေသည့် လူတစ်ယောက်။
သူ၏ အနား၀န်းကျင်တွင်ကား များပြားလှသော ကြောင်တို့က လိုက်ပါခြံရံပြေးလွှားလျက်...။
မကြာခင် ပြေးလာနေသူများ တဖြေးဖြေး ပါးလျသည့်နေရာဆီကို ထိုသူရောက်ခဲ့ပြီ။
" ဝုန်း...ဖြောင်း...ဖြောင်း..."
ငွေရောင်၀တ်စုံနှင့် လူများ...။
မြင်မြင်ရာကို ထိုသူတို့က ရိုက်ချိုး၊ ဖျက်ဆီးနေကြ၏။ လူတချို့သည်ပင် ထိုသူတို့၏ လက်ချက်ကြောင့် မြေဆီမှာ လဲကျလျက်သား...။
ခေါင်မိုးများထက်ဆီကသူသည် ပြေးနေရာမှ ရပ်တန့်လိုက်ပြီး အခြေအနေကို တစ်ချက်ကြည့်လိုက်လေသည်။ ထိုအခိုက်တွင်ပင်...။
" ဂီး...ဂစ်...."
အော်သံနှင့်အတူ ကောင်းကင်ထက်ဆီက ပျံဝဲနေသော ငှက်ဆိုးကြီးသည် ငွေရောင်လူများ၏အလွန် တစ်နေရာဆီကို ထိုးစိုက်ပြီး ဆင်းသွားလေတော့သည်။
ဆက်ရန်။
နောင်ရိုး(ဆေးတပ်)

إرسال تعليق