ငွေဘယ်လို ရှာနိုင်လဲ ? ငွေရှာရတာ လွယ်လား ?

ငွေဘယ်လို ရှာနိုင်လဲ ? ငွေရှာရတာ လွယ်လား ? 


ဒီအဖြေအတွက် #ငွေရှာနည်း (၄)ခု ကို ပြောပြပေးချင်ပါတယ် 

Robert Kiyosaki ရဲ့ အဆိုအရ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းလူတိုင်းဟာ ESBI လို့ခေါ်တဲ့ Cashflow Quadrant (ငွေရှာနည်း(၄)ခု)ထဲက တစ်ခုမဟုတ်တစ်ခုမှာ ရှိနေတယ်လို့ ဆိုပါတယ်။

ESBI ဆိုတာ
E - Employee (လခစားဝန်ထမ်း)
S - Self-Employed (တနိုင်တပိုင်လုပ်ငန်းရှင်)
B - Business Owner (စီးပွားရေးလုပ်ငန်းရှင်)
I - Invester (ရင်းနှီးမြုပ်နှံသူ) တို့ပဲ ဖြစ်ပါတယ်။

Employee (လခစားဝန်ထမ်း)

လခစားဝန်ထမ်းလို့ပြောရင် အစိုးရဝန်ထမ်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဝန်ထမ်းပဲဖြစ်ဖြစ် အလုပ်ရှင်(သို့)အဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးပြီး လုပ်အားခရရှိသူတိုင်းကိုဆိုလိုပါတယ်။ ဝန်ထမ်းတစ်ယောက်အနေနဲ့ ပုံမှန်အလုပ်ဆင်းရတဲ့ အလုပ်ဖွင့်ရက်တွေ၊ အလုပ်ချိန်တွေရှိပါမယ်။ လကုန်ရင် ဒါမှမဟုတ် သတ်မှတ်ရက်ပြည့်ရင် သတ်မှတ်ထားတဲ့ လုပ်အားခတစ်ခုရမယ်။ တစ်ခုရှိတာက ဝန်ထမ်းတစ်ယောက်အတွက် ဝင်ငွေဟာ (ဘယ်လောက်ပဲ လစာကောင်းနေပါစေ) ကိုယ်တိုင် အလုပ်လုပ်နေမှ ရမှာဖြစ်ပါတယ်။ စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ အလုပ်ချိန်မှာ အလုပ်လုပ်နေဖို့ လိုပါတယ်။ ကျန်းမာရေးကြောင့် အနားယူရင် အလုပ်ပျက်ကွက်ရင် ဝင်ငွေလည်း ထိခိုက်နိုင်ပါတယ်။ နောက်ထပ်တစ်ချက်က ဝင်ငွေရဖို့ လုပ်အားနဲ့ အချိန်ကိုပေးဆပ်ထားရတာပါပဲ။

Self-Employed (တနိုင်တပိုင်လုပ်ငန်းရှင်)

တနိုင်တပိုင်လုပ်ငန်းရှင်ဆိုတာက အနီးစပ်ဆုံးပြန်ဆိုထားတာပါ။ ဒီအုပ်စုထဲမှာတော့ တခြားသူတစ်ယောက်ယောက်အတွက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအောက်မှာ အလုပ်လုပ်ပေးနေတာမဟုတ်ပဲ တစ်နိုင်တစ်ပိုင်လုပ်ငန်းအသေးလေးတွေ ကိုယ်တိုင်လုပ်နေတဲ့လူတွေအပြင် အတတ်ပညာ ဒါမှမဟုတ် ကျွမ်းကျင်မှုတစ်ခုခုကို အသုံးချပြီး ငွေရှာသူတွေ (ဥပမာအာဖြင့် ဆရာဝန်နဲ့ ကြေးစားအားကစားသမားတွေ)ပါဝင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ရောင်းချတဲ့ ထမင်းဆိုင်၊ မုန့်ဟင်းခါးဆ်ုင်၊ ကွမ်းယာဆိုင်ဖွင့်ထားတာက Self-employed ပါပဲ။ Self-employed တွေက လခစားဝန်ထမ်းတွေလို အလုပ်ချိန်သတ်မှတ်ချက် လုပ်ခလစာတွေ မရှိပါဘူး။ ဝန်ထမ်းတွေထက် ဝင်ငွေလည်း ပိုကောင်းနိုင်ပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေလိုပဲ ကိုယ်တိုင်လုပ်မှ ဝင်ငွေရမှာပါ။ အကြောင်းတခုခုကြောင့် ဆိုင်မဖွင့်ဖြစ်တဲ့နေ့၊ ဆေးခန်းမထိုင်ဖြစ်တဲ့နေ့၊ မကစားနိုင်တဲ့နေ့တွေမှာ ဝင်ငွေရမှာမဟုတ်ပါဘူး။ 

Business Owner (စီးပွားရေးလုပ်ငန်းရှင်)

စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့အတိုင်း စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ထောင်လုပ်ဆောင်သူတွေကို ဆိုလိုပါတယ်။ သူတို့လက်အောက်မှာ ၀န်ထမ်းတွေ ခန့်ထားပြီး အလုပ်တွေကို ကိုယ်စားလုပ်ခိုင်းတတ်ကြသူတွေပါ။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အတွက် ၀င်ငွေရရှိနိုင်မယ့် ခိုင်မာသေချာတဲ့ လုပ်ငန်းတစ်ခု၊ စနစ်တစ်ခု ရှိပြီးသား ဖြစ်တဲ့အတွက် ကိုယ်တိုင်အလုပ်မလုပ်လည်း အိတ်ထဲကို ၀င်ငွေက အဆက်မပြတ်စီးဆင်းနေမှာပါ။ ဒီလုပ်ငန်း ဆက်လက်ကြီးထွားတိုးတက်လာအောင် ကြံဆလုပ်ဆောင်နေဖို့ပဲ လိုပါတယ်။

Invester (ရင်းနှီးမြုပ်နှံသူ )

ရင်းနှီးမြုပ်နှံသူဆိုတာကတော့ ရှင်းပါတယ်။ ငွေပင်ငွေရင်း အလုံအလောက်ရှိပြီး ခိုင်မာသေချာတဲ့ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဆောင်ထားသူတွေ ဖြစ်ပါတယ်။ ဥပမာပြောရရင် အိမ်ခန်းတွေ ပိုင်ထားပြီး အိမ်ငှားခတွေကတဆင့် ၀င်ငွေရနေတာမျိုးပါ။ အိမ်ခြံမြေလုပ်ငန်းတွေအပြင်၊ စတော့ရှယ်ယာ၊ ရွှေစျေးကွက်၊ ရေနံစျေးကွက်တွေမှာပါ အကျိုးအမြတ်ရအောင် ချိန်ထိုးရင်းနှီးမြုပ်နှံလေ့ရှိပါတယ်။ ရင်းနှီးမြုပ်နှံသူတွေဟာ ကိုယ်တိုင်အလုပ်လုပ်စရာမလိုပဲ သူတို့ပိုင်ဆိုင်တဲ့ ငွေကြေးကို ငွေပြန်ရှာခိုင်းတတ်ကြသူတွေပါ။ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေကတဆင့် ၀င်ငွေတွေက အဆက်မပြတ်စီး၀င်နေပြီး ဘာမှမလုပ်ပဲ အိပ်နေရင်တောင် အချိန်တန် ပိုက်ဆံရနေသူတွေဖြစ်ပါတယ်။

ဒီငွေရှာနည်း (၄)ခုကို ၀င်ငွေစီးဆင်းမှု လေးပိုင်းစိတ် (Cashflow Quadrant) လို့ ခေါ်ပါတယ်။ လေးပိုင်းစိတ် ဘယ်ဖက်ခြမ်းမှာရှိတဲ့ E (Employee) နဲ့ S (Self-Employed) တို့ဟာ ငွေအတွက် အလုပ်လုပ်နေရသူတွေဖြစ်ပါတယ်။ ညာဖက်ခြမ်းက B (Business Owner) နဲ့ I (Investor) ကတော့ ကိုယ်တိုင်လုပ်စရာမလိုပဲ ငွေကို အလုပ်ပြန်လုပ်ခိုင်းတတ်ကြသူတွေဖြစ်ပါတယ်။ 

ဒီလေးပိုင်းစိတ်ထဲက ဘယ်အကွက်မှာ သင်ရှိနေလဲဆိုတာ ဆုံးဖြတ်ပါ။ ဘယ်အကွက်ထဲကို ရောက်ချင်လဲဆိုတာ စဉ်းစားပါ။ 

သင့်ရဲ့ ၀င်ငွေရှာနည်းလမ်းကို ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ အသိပညာ၊ အတတ်ပညာနဲ့ ဗဟုသုတတွေကို ရှာမှီးလေ့လာသင်ယူပါ။

Crd :

Post a Comment

أحدث أقدم

Comments