၀င်္ကဘာဘုရားသိုက် ( အပိုင်း ၁)

၀င်္ကဘာဘုရားသိုက် ( အပိုင်း ၁)


( ဖြစ်ရပ်မှန်အခြေပြု) 
******

     စွန်ပါချောင်းကမ်း၊ လှေဆိပ်ဘေးဆီမှာ တည်ခဲ့တဲ့ ခေတ်ကာလကို အတိအကျမသိနိုင်တဲ့ ၀င်္ကဘာဘွဲ့အမည်ရှိတဲ့ ရှေးဟောင်းဘုရားတစ်ဆူရှိတယ်။ 

     ဘုရားတည်ထားပုံက ၀င်္ကဘာလမ်းတွေကို ဖြတ်သန်းပြီး၀င်မှ ဘုရားဆီကို ရောက်နိုင်တာ။

     ဒီဘုရားနဲ့ ပက်သက်ပြီး သိုက်ရှိတယ်ဆိုတာ ရှေးပဝေသနီကနေစလို့ အခုအချိန်အထိ လူတိုင်းနီးပါးသိကြတယ်။ 

    များသောအားဖြင့် ဘုရားနဲ့ မျက်နှာချင်းဆိုင် တစ်ဖက်ကမ်းမှာ အိပ်ကြတဲ့ လှေသမားတွေက ပိုသိ၊ ပိုကြုံရတယ်။ 

    ဘုရားရှိတဲ့ ကမ်းဘက်မှာကျ လှေသမားတွေ မအိပ်ရဲကြဘူး။ ဒါကြောင့် တစ်ဖက်ကမ်းမှာပဲ အားလုံးအိပ်ကြတာ။

     သူတို့ ကြုံရတာက ညဘက်ညဘက်ဆို ဘုရားရှိတဲ့ တစ်ဖက်ကမ်းကနေ လူစုလူဝေးနဲ့ မီးလှုံနေကြတာမျိုး၊ နောက်...ဘုရားမှာ ဆီမီးတွေ ထိန်နေအောင် ကပ်လှူနေကြတာမျိုး၊ ပြီးတော့...ကလေးကို သီချင်းဆို ချော့သိပ်နေကြတာမျိုးတွေ မကြာခဏလှမ်းမြင်ကြရတယ်။ 

      တကယ်လို့များ သွားကြည့်လိုက်မယ်ဆိုရင်တော့ ကမ်းနားကို မရောက်ခင်မှာပဲ မြင်နေရတဲ့အရာတွေအားလုံးဟာ လျှပ်တပြက် ပျောက်ကွယ်သွားတတ်တယ်။ 

      ဒါကြောင့်လည်း ၀င်္ကဘာဘုရားမှာ သိုက်ရှိတယ်ဆိုပြီး ခြွင်းချက်မရှိ ယုံကြည်ကြတာပေါ့။ 

     ပြီးတော့ ၀င်္ကဘာဘုရားသိုက်နဲ့ ပက်သက်ပြီး မမြစိမ်းတို့လို လူ၀င်စားဇာတ်လမ်းတစ်ပုဒ်လည်း ရှိခဲ့တယ်။ 

      အဲ့ဒီ့အဖြစ်အပျက် စတင်ဖြစ်ခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၆၀ လောက်ကပေါ့...။ 

******

      " မြတင့် မိန်းမ မလှစိန်တော့ ကလေး အမွှာလေးမွေးတယ်တဲ့..."

      လယ်မရွာမှာ ဒီသတင်းက ကြားရသူ အားလုံးအတွက် မင်္ဂလာရှိစေတဲ့ သတင်းတစ်ခုပါပဲ။  

     မြတင့်တို့ဆိုတာက ရွာအပြင် လယ်ကျင်းထဲမှာ နေကြတဲ့ လင်မယား ။ သားသမီးမရှိလို့ အမြဲလိုလို လိုချင်ဆုတောင်းနေကြတဲ့ သားသမီးရူး လင်မယားတွေရယ်။ 

    ဟော...အခု လှစိန်မှာ ကိုယ်၀န်ရှိပြီး မွေးမယ့်မွေးလာတော့ အမွှာပူးတဲ့။ ပြီးတော့ ထိုက်တန်လွန်းစွာနဲ့ပဲ ယောက်ျားလေးတစ်ယောက်၊ မိန်းကလေးတစ်ယောက်။ ယောက်ျားလေးက မိန်းကလေးထက် သုံးမိနစ်ကြီးတယ်။ 

     တစ်ကြိမ်မွေးပြီး သားသမီး စုံရတာဆိုတော့ မြတင့်တို့ လင်မယားနှစ်ယောက်လည်း ပျော်လို့မဆုံး၊ ကြားရသူ မြင်ရသူတို့မှာလည်း မော်လို့မဆုံးပါပဲ။  

     မြတင့်ဆိုရင် ၀မ်းသာလုံးတွေဆို့ပြီး သူ့ကလေးတွေကို  နာမည်တန်းပေးတော့တာ။ 

    အကြီးကလေးကိုက ၀င်းထိန်၊ အငယ်မလေးကိုကျ ညွန့်စိန်တဲ့။ 

******   

      ၀င်းထိန်နဲ့ ညွန့်စိန်တို့ သုံးလေးန်ှအရွယ်ရောက်တော့ ကလေးနှစ်ယောက်ထဲ ကစားနေတဲ့အခါ ထူးထူးဆန်းဆန်းအဖြစ်အပျက်ကလေးတွေ ရှိလာတယ်။

      " သားလေး...အမေ့ကို ဟိုက အရွက်ကလေးခူးပေးပါ..."

      " ဟုတ်ကဲ့ မေမေ"

      ထူးခြားလွန်းစွာနဲ့ပဲ အငယ်မလေးညွန့်စိန်က အကြီးကလေး၀င်းထိန်ကို သူ့ကိုယ်သူ မေမေလို့ သုံးနှုန်းပြီး ပြောနေတာ။ အကြီးကလေးကလည်း အငယ်လေးခိုင်းသမျှကို နာခံပြီး အားလုံးလုပ်ပေးတယ်။  ဒါကို လူကြီးတွေက မသိကြဘူး။ 

      ကလေးတွေ အသက်ငါးနှစ်ပြည်လို့ တစ်ခုသော နေ့မှာတော့။

     လူကြီးတွေ အလုပ်လုပ်နေကြတုန်း သူတိူ့မောင်နှမနှစ်ယောက် သစ်ပင်ရိပ်တစ်ခုမှာ ကစားကြရင်းနဲ့ ရုတ်တရက်ကြီးနှစ်ယောက်စလုံး ငိုလို့ လူကြီးတွေဆီကို ပြေးလာကြတယ်။ 

      " ဟဲ့...ဟဲ့...သားတို့သမီးတို့ ဘာဖြစ်လာကြတာလဲ..." 

      ကိုမြတင့်က လုပ်လက်စ အလုပ်ကိုထားရစ်ပြီး ကလေးတွေဆီကို ပြေးပွေ့လို့မေးတယ်။ 

      " မလိုက်ဘူးနော်...မလိုက်ဘူး။ ဖေဖေ...သမီးမလိုက်ဘူးလို့ပြောပေး အီး...ဟီး...ဟီး..."

      အငယ်မလေး ညွန့်စိန်က အော်ငိုလို့ပြောတယ်။ အကြီးလေး ၀င်းထိန်းကတော့ ဘာမှမပြောဘူး။ ငိုပဲ ငိုနေတယ်။

    အဲ့ဒီ့အခိုက် လှစိန်က အနားကိုရောက်လာပြီး ၀င်းထိန်လေးကို ချီယူလိုက်တယ်။ ကိုမြတင့်ကတော့ ညွန့်စိန်ကို ပွေ့ထားရင်းက

      " သမီးလေးကို ဘယ်သူက လာခေါ်နေလို့လဲ သမီးရယ်။ ဖေဖေ့ကို နားလည်အောင်ပြောပြဦးလေ"

      လို့ နားမလည်စွာနဲ့ မေးလိုက်တယ်။  

      " ဟိုမှာ...သမီးကို လာခေါ်နေတာ..."

      " ဟင်..."

      ညွန့်စိန်လေးပြတဲ့ သစ်ပင်အောက်မှာတော့ ဘာဆိုဘာမှရှိမနေပါဘူး။ 

      " ကလေးက တစ်ခုခုကို မြင်ပြီး လန့်လို့ပြောတာထင်တယ်"

      အခြားသူတွေက ပြောကြတယ်။ ဒီတော့ ကိုမြတင့်က 

      " အင်း...ဖြစ်နိုင်ပါတယ်။ ကလေးတွေ ကစားရင်း တစ်ခုခုမြင်မိတာနေမှာ။ ကဲဗျာ...ဒီနေ့တော့ ကလေးတွေကြောင့် ကျုပ်တို့တတွေ အလုပ်နားပြီး အိမ်ပြန်လိုက်တော့မယ်"

      ကိုမြတင့်တို့ မိသားစု ပစ္စည်းတွေသိမ်းလို့ အိမ်ကို ပြန်ခဲ့ကြတယ်။

      အိမ်ရောက်တော့ ကလေးတွေကို ပရိတ်ရေတိုက်ပြီး ခြံအနှံ့ဆီပရိတ်ရေဖြန်းပြီးတာနဲ့ အံ့အားသင့်ဖွယ်ပဲ ကလေးနှစ်ယောက်စလုံး မငိုတော့ဘူး။

      ပြီးတော့ ကလေးတွေဟာ ထူးဆန်းစွာနဲ့ပဲ နှစ်ယောက်စလုံး အိပ်ချင်တယ်ပြောပြီး အိပ်ယာထဲ၀င်လို့အိပ်ကုန်ကြတော့တယ်။

      ညနေဘက်ရောက်တော့ ညွန့်စိန်ကော ၀င်းထိန်ပါ တငွေ့ငွေ့နဲ့ အဖျားတွေ စ'တက်ကြပါတော့တယ်။

****** 

     ညဉ့်နက်ပိုင်းရောက်တော့ ကလေးနှစ်ယောက်ရဲ့ အဖျားက ပိုကဲလာတယ်။       

     " ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေတော့ဘူး လှစိန်။ ကလေးတွေကို ဆေးဆရာဆီသွားပြမှဖြစ်တော့မယ်" 

     ချက်ချင်းပဲ လင်မယားနှစ်ယောက် ကလေးတွေကို တစ်ယောက်စီ ပွေ့လို့ ရွာထဲကို ပြေးကြပါတော့တယ်။  

      " ဆရာကြီး...ဆရာကြီး"

      ညဉ့်နက်လှပြီဖြစ်တာကြောင့် ဆေးဆရာကြီးကို အတော်ပဲ နှိုးယူကြရတယ်။  

      အတော်ကလေးကြာပါမှ ဆေးဆရာကြီးက နိုးလာခဲ့ပြီး သူတို့ကို အိမ်ပေါဆီခေါ်လို့ ကလေးတွေကိုစမ်းသပ်ပါတော့တယ်။    

      " ဟာ..."

      ဆေးဆရာကြီးဆီက အာမေဋိတ်ပါ။

      " ဆရာကြီး...ဘာဖြစ်တာလဲ။ ပြောပြပါဦးဗျာ၊ ကျုပ်တို့ စိတ်ပူလွန်းလို့ပါ" 

     ကိုမြတင့်တို့ လင်မယားနှစ်ယောက် ပြာပြာသလဲမေးကြတယ်။  

     " ကလေး နှစ်ယောက်စလုံး အသက်မရှိကြတော့ဘူး..."

      " ဗျာ...ဘယ်လိုဖြစ်ရတာလဲ..."

      " အီး...ဟီး...ဟီး...သားတို့သမီးတို့ရေ...မေမေတို့ကို ထားရစ်ပြီလား..."

      ကိုမြတင့်က မယုံနိုင်လောက်အောင်ပဲ အံ့သြရင်းပေါ့။ ယောက်ျားသားဆိုတော့ မျက်ရည်ကိုတော့ ထိန်းထားနိုင်ခဲ့တယ်။

     မလှစိန်ခမျာတော့ မိန်းမသား၊ မိခင်တစ်ယောက်ပေမို့ ဖြေမဆည်နိုင်တော့ဘဲ ရင်ဘတ်စည်တီးလို့ ငိုပါတော့တာပဲ။ 

      သူတို့အသံတွေကြောင့် အခြားသူတွေရောက်လာခဲ့ကြတယ်။ 

      သူတို့မိသားစုလေးရဲ့အဖြစ်အပျက်ကြောင့် စိတ်မခိုင်သူတို့ မျက်ရည်ကျကြတယ်။ အချို့ကတည်း တီးတိုးတီးတိုး သဖန်းပိုးပေါ့။ 
 
      " အင်း...ဟင်း...ဟင်း...မေမေ...မေမေ..."

       ဆန့်ဆန့်လေးတွေရှိနေတဲ့ကြားက အသံနဲ့အတူ လူးလွန့်လာတဲ့ ညွန့်စိန်လေး။ 

      " ဟင်...သ...သမီး..."

      " သမီးလေး မသေဘူးနော်..." 

     ညွန့်စိန်က ခေါင်းကို ခပ်သာသာညိတ်ပြတယ်။ ဒီတော့မှ မလှစိန်ကော ကိုမြတင့်ပါ သမီးကလေးကို အရူးကြီးတွေများလို ပွေ့ဖက်ပြီး ငိုကြွေးကြပါတော့တာ။

      ညွန့်စိန်လေး သတိရပြီဆိုတော့ ၀င်းထိန်ကလေးကိုလည်း သတိရလာနိုးနဲ့ ဝိုင်း၀န်းလို့ ပြုစုလှုပ်နှိုးကြတယ်။ 

      ဒါပေမယ့် အချိန်တွေသာ ကုန်လွန်သွားခဲ့တယ်။ ၀င်းထိန်လေးက နိုးမလာခဲ့တော့ဘဲ ဘ၀တစ်ပါးဆီကို ကူးပြောင်းသွားခဲ့ပါတယ်။ 

******

     အချိန်တွေ ကြာခဲ့ပါပြီ။ 

     ဇရာရဲ့ စကားပြောမှုကြောင့် ကိုမြတင့်တို့ မလှစိန်တို့လည်း အရွယ်အိုခဲ့ကြပြီ။ 

     ညွန့်စိန်လေးဟာလည်း ငယ်စဉ်က သေကံမရောက်ဖြစ်ခဲ့ချိန်ကစလို့ ယနေ့အထိကို ဖျားနာခြင်းမလျဉ်းမရှိ၊ ကျန်းမာရေးကောင်းမွန်လွန်းစွာနဲ့ ပျိုရွယ်သော အရွယ်ဆီကိုပင် ရောက်ခဲ့ရပြီး ချစ်ရသူပင် ရှိခဲ့ရလေတယ်။

     " အညွန့်...အကိုတို့ အကိုတို့ မြန်မကြာကိုပဲ လက်ထပ်ချင်လှပြီကွာ" 

     မိုးဦးကာလ၊ ကောက်စိုက်ချိန်။ 

     လယ်ကျင်းက အပြန် ချစ်ရသူ ကိုထူးနဲ့ ပထမဆုံးအကြိမ် ခဏတွေ့ဆုံနေတဲ့ ညွန့်စိန်။

     တကယ်တော့ ကိုထူးနဲ့ ညွန့်စိန်တို့ ချစ်သူဖြစ်တာရယ်က သိပ်မကြာသေးဘူး။ ထန်ကုန် တစ်လရယ်ပေါ့။ သို့ပေမယ့် ယောက်ျားလေးတို့ ထုံးစံအရ ကိုထူးကတော့ နီးစပ်ချင်လွန်းလှပြီ။

     " အို...ကိုထူးရယ်။ တော်ကလည်း ဘယ်လိုများ ပြောတာလဲတော့်။ ပုဆိုးတန်တင် အကြင်လင်မယားဖြစ်ဖို့ သုံးနှစ်သုံးမိုးတဲ့...ကျုပ်တို့ အခုမှရည်းစားဖြစ်တာ ဘာကြာသေးလို့တုန်း၊ တွေ့တာတောင်မှ ဒါက ပထမဆုံးအကြိမ်ရှိသေးတာကို..."

      ညွန့်စိန်ပြောတော့ ကိုထူး ပြုံးစစဖြစ်သွားတယ်။ ပြီးတော့မှ...

      " အဟီး...ဟုတ်လား။ ငါလည်း ရင်ထဲရှိတာကို ပြောလိုက်တာပါ အညွန့်ရယ်"

      ကိုထူးရဲ့ ခါးဆီကို ညွန့်စိန်ရဲ့ လက်က လိမ်ကျစ်ဖို့ ကျရောက်သွားခဲ့ရတယ်။ 

******

     " ဟေ့ကောင်...မင်း သေဖို့သာ ပြင်ထား"

      မျက်ထောက်နီနဲ့ သူ့ကို ကြိမ်းမောင်းနေတဲ့ လူတစ်ယောက်ကြောင့် ကိုထူး ဘာရယ်ကို ဂဃနဏနားမလည်နိုင်။ 

      " ခင်ဗျားနဲ့ ကျုပ်...အခုမှ ဆုံဖူးတာလေ၊ ဘာလို့များ လာကြိမ်းမောင်းနေရတာလဲ..."

      " ဟေ့ကောင်...မင်းအခု ကြံစည်နေတဲ့သူက ငါ့ရဲ့ မိန်းမကွ၊ သူက ငါ့ကို စိတ်ဆိုးပြီး လူ့ဘ၀ကို ငါ့သားနဲ့ သားအမိနှစ်ယောက် ကူးသွားတာ၊ ငါ့သားကိုတော့ ငါပြန်ခေါ်နိုင်ခဲ့တယ်။ သူကတော့ ငါနဲ့ ရန်ဖြစ်ပြီး လူ့ဘ၀မှာပဲနေမယ်ဆိုလို့ ငါပြန်မခေါ်တော့တာ၊ မင်း...နောက်ဆုတ်ရင် ဆုတ်၊ မဆုတ်ရင် ငါ့အကြောင်းသိရမယ်..."

      ကိုထူး တစ်ဖက်လူ ပြောနေတာကို ဘာမှနားမလည်နိုင်။ 

     တစ်ဖက်ကလူက သူပြောလျင်ရာပြောပြီး လှည့်ထွက်သွားခဲ့တယ်။ 

     " ဟေ့လူ...ဟေ့လူ...နေဦးလေဗျာ..."

      ကိုထူး လှမ်းခေါ်ပေမယ့် တစ်ဖက်သူက မကြားသယောင်ပြုပြီး ဘုရားတစ်ဆူဆီကို ၀င်ရောက်သွားလေတယ်။ 

      ကိုထူး ဘုရားကို မြင်တော့ ဘာရယ်မဟုတ် ရေရွတ်မိလိုက်တယ်။ 

      " ဒါ...၀င်္ကဘာဘုရားပဲ"

     ရေရွတ်ပြီးတာနဲ့ ကိုထူးလန့်နိုးခဲ့ရတယ်။  

     သူ မနက်ပိုင်းလယ်ထဲဆင်းပြိး ထမင်းစားနားပြန်တက်ချိန်။

     နေ့လယ်စာစားပြီး ခဏတာ လယ်တဲလေးထက်မှာ မှေးခနဲအိပ်ပျော်သွားခဲ့တာမှာ အိပ်မက်မက်တာပဲ။ 

     အလုပ်ရှိသေးတာမို့ ကိုထူး လယ်ထပြန်ဆင်းဖို့ ထခဲ့တယ်။ အိပ်မက်ကြောင့် ခေါင်းက ညည်းစီစီနဲ့။

     အရီးတုတ်တို့ လယ်ကျင်းဘက်မှာ ညွန့်စိန်တို့ ကောက်စိုက်နေကြတာကို ကိုထူးတွေ့လိုက်တယ်။ ပြီးတော့ ဆခြလှမ်းတို့က အဲ့ဒီဘက်ဆီကို...။

******      

      " ဟင်...ကိုထူးကလည်း အိပ်မက်ကြီးကို တကယ်များထင်နေတာလား"

       ညွန့်စိန်ကို အိပ်မက်အကြောင်း ပြောပြလိုက်တယ်။ 

      " အိပ်မက်ဆိုပေမယ့် တကယ့်အဖြစ်အပျက်ကြီးလိုပဲ အညွန့်ရ"  

      " အို...ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုတာက စိတ်စွဲထင်ရင်လည်း မက်တာပါပဲ၊ စိတ်ထဲထားမနေပါနဲ့တော့..."

      ညွန့်စိန်ပြောလေတော့ ကိုထူးခေါင်းညိတ်ပါတယ်။ 

     ဒါပေမယ့်လည်း သူ့စိတ်ထဲမှာတော့ ဖြည့်တွေးလို့မရသေး။ စိတ်ကောလူပါ နေရတာတစ်မျိုးကြီး မွန်းကျပ်ကျပ်နဲ့ပဲ။

******   

      " ကိုထူး...ကျွဲခတ်ခံရလို့တဲ့..."

      ညနေပိုင်း အရီးတုတ် လယ်ကျင်းကနေ အလုပ်သိမ်းပြီး ညွန့်စိန်တို့ အိမ်ကို ပြန်ရောက်ရုံရှိသေး၊ ကိုထူးရဲ့ သတင်းကြောင့် ပြာယာခတ်သွားရတယ်။

      ချက်ချင်းဆိုသလိုပဲ ညွန်စိန်ရွာထဲက ကိုထူးအိမ်ဆီကို ပြေးခဲ့တယ်။ 

     အိမ်ရောက်တော့ ကိုထူးခမျာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အိပ်ရာထဲမှာ ပက်လက်ကလေး မှိန်းနေတယ်။

       " ကိုထူး...ဘယ်လိုများဖြစ်ရတာလဲဟယ်..."

     ညွန့်စိန်အသံကြားတော့ ကိုထူးက မျက်လုံးဖွင့်ကြည့်ပြီး ခပ်သဲ့သဲ့ အားယူပြုံးရင်း 

      " ကိုထူး...အညွန့်နဲ့တွေ့ပြီး လယ်ထဲပြန်ဆင်းခဲ့တာ။ လယ်ကို ဒီရက်ပိုင်းမှာပဲစိုက်နိုင်အောင်လို့ သမန်းညက်ချင်တာနဲ့ နည်းနည်းမိုးချုပ်မှ ထွန်ဖြုတ်ပြီး  ရွာထဲပြန်ဖို့ လှည်းကောက်တာမှာ ဘယ်ကဘယ်လိုရောက်လာမှန်းမသိတဲ့ ကျွဲတစ်ကောင်က ၀င်လါပြီး အတင်းခတ်သွားတော့တာ အညွန့်ရယ်..."

     " ဟင်..." 

     ညွန့်စိန် အံ့သြလွန်းရတယ်။

    ကိုထူးပြောတဲ့ အိပ်မက်နဲ့လည်း သက်ဆိုင်မယ်လို့ ယူဆမိနေတယ်။ ဒါပေမယ့် ဒါတွေဘာကြောင့်ဖြစ်လာတာလဲဆိုတဲ့ အဖြေအတိအကျကို သူမသိနိုင်ဘူး။

     " အား...ကျွတ်...ကျွတ်..."

     ကိုထူးရဲ့ ညည်းသံကြားတော့ ညွန့်စိန် စိတ်ပူသွားရတယ်။  

     အဲ့ဒီ့ညက ကိုထူးကို စိတ်ပူလွန်းစွာနဲ့ပဲ ညနည်းနည်းမှောင်ပါမှ ညွတိ့စိန်ပြန်ခဲ့မိလေတယ်။

******

     " ရှင်မရေ...ရှင်မ..."

     " မေမေရေ...မေမေ..."  

      ခေါ်သံတွေကြောင့် ညွန့်စိန် ပတ်၀န်းကျင်ကို ကြည့်မိတယ်။

     သူရောက်နေတာ စွန်ပါချောင်းအလယ်က သဲသောင်ခုံကြီးတစ်ခုပေါ်မှာ။ သူ့ကို ခေါ်နေတဲ့အသံတွေက သောင်ခုံတစ်ဖက်ထိပ်ဆီမှာ ရပ်နေတဲ့ သားအဖနှစ်ယောက်ဆီက။   

     " စိတ်ဆိုးပြေပါတော့ ရှင်မရယ်။ ပြန်ခဲ့ပါတော့နော်။ အခုဆို သားလေးကော ဟော့ဒီ့က အမောင်ပါ မင်းကို လွမ်းလှပြီ...လာခဲ့ပါတော့ကွာ..."   

     သူကို ရည်ညွန်းပြောနေတာမို့ ညွန်စိန် အံ့သြရတယ်။ ပြီးတော့ ခေါင်းကိုလည်း ခါရမ်းမိတယ်။

     " လိုက်ခဲ့ပါကွာ...လာခဲ့နော် ... " 

     " မေမေရယ်...ပြန်လာပါတော့နော်..." 

     အသံတွေက နီးလာလိုက်၊ ဝေးသွားလိုက်။ ပုံရိပ်တွေကလည်း ေ၀၀ါးလှုပ်ရှားလာတယ်။ 

     " အို...မလာပါဘူး။ မလိုက်ဘူး...ဟုတ်တယ်။ မလိုက်ဘူး...လာမခေါ်နဲ့၊ လာမခေါ်နဲ့..."

    ညွန့်စိန် သူတို့ကို ကြည်ရင်း ကြောက်လာတာမို့ အသံကုန် အော်ဟစ်လိုက်မိရင်း အိပ်ရာက လန့်နိုးလာရတယ်။ ဇောချွေးတွေက တစ်ကိုယ်လုံး ရွှဲနစ်လို့။

     "သမီး...သမီး...ဘာဖြစ်တာလဲ..."

     အော်သံကြောင့် လန့်နိုးလာတဲ့ မိခင်ဖြစ်သူက စိုးရိမ်တကြီးမေးရင်း အနားရောက်လာတယ်။ 

     " သ...သမီး...အိပ်မက်မက်တာ အမေ..."

     ဖခင်ဖြစ်သူပါ အနားရောက်လာတယ်။ သောက်ရေတစ်ခွက်ကိုလည်း ကမ်းပေးလာခဲ့တယ်။ ပြီးတော့ အိပ်မက်အကြောင်းကို မေးပြီး အကြောက်လွန်နေတဲ့ ညွန့်စိန်ကို ကြောက်စိတ်ပြေအောင် နေပေးကြတော့တာ။

    အချိန်အတော်ကြာပြီး သန်းခေညင်ယံကြက်တွန်ပါမှ အဖေရော အမေပါ အိပ်ရာပြန်၀င်ကုန်ကြတယ်။

    ညွန့်စိန်မှာတော့ ပြန်လည်အိပ်လို့မပျော်နိုင်ဘဲ အိပ်မက်အကြောင်းကို ပြန်မြင်ယောင်ရင်း မိုးစင်စင်လင်းခဲ့ရပါတယ်။

ဆက်ရန်။    

                                    နောင်ရိုး( ဆေးတပ်)

Post a Comment

Previous Post Next Post

Comments