စဉ်းစားခြင်း
=======
တံတားအောက်မှာ ကားညပ်နေသည့်အခါ (Unicode version)
ခုံးကျော်တံတားတစ်ခုအောက်က ကုန်တင်ကားတစ်စီး ဖြတ်မောင်းသည်။ ကားမောင်းသူက ကားနှင့် တံတား လွတ်မှ လွတ်ပါ့မလား သံသယရှိသည်။ သို့သော် သူက အလျင်လိုနေသည်။ ပြီး စောစော ကလည်း သည်လို တံတားခပ်နိမ့်နိမ့် တစ်ခုအောက်က သူ ဖြတ်မောင်းလာခဲ့ပြီးပြီ။ အလွန်ဆုံး မသိမသာ ပွတ်တိုက်မိရုံ လောက်သာရှိနိုင်သည်။ အဲသလို သူ လိုရာဆွဲတွေးပြီး တံတားအောက်ကို ဝင်သည်။ ဂျိ - ဂျိ - ဂျိ နှင့် အပေါ်မှာ ငြိသံ ပွတ်တိုက်သံ သူ ကြားရသည်။ နောက်ဆုတ်မလား ရှေ့တိုးမလား ခဏရပ်ပြီး သူ စဉ်းစားသည်။ အင်း၊ စောစောကလည်း ငြိသွားပြီပဲ။ မထူးပါဘူး။ သည့်ထက်ပိုပြီး ငြိစရာ ရှိမည် မဟုတ်ဆိုပြီး ရှေ့ဆက်တိုးသည်။ အပေါ်က ငြိသံ ပိုကျယ်လာပြီး ကားကရပ်သွားသည်။
တံတားနှင့် ကားညပ်နေပြီ။
ရှေ့တိုးကြည့်သည်၊ မရ။
နောက်ဆုတ်ကြည့်သည်၊ မရ။
ဘယ်လို လုပ်မည်နည်း။
ကားပေါ်က ဆင်းပြီး ကြည့်သည်။ ကားခေါင်မိုးနှင့် တံတားဝမ်းဗိုက်က တစ်သားတည်း ဖြစ်နေသည်။
တံတားက မြှောက်၍ ချ၍ရသော တံတားအရှင်မျိုး မဟုတ်။ ရိုးရိုး ကွန်ကရစ်တံတား။ သူ့ကို သွားလုပ်၍ မရ။
ဒါဆိုလျှင် ကားခေါင်မိုးကိုပဲ တစ်ခုခုလုပ်ရမည်။ ဒါကို ဖြုတ်ချ၍ ရမလား။ ဖြုတ်လျှင် ဘယ်လိုဖြုတ်မလဲ။ သူ စဉ်းစားမရ။
အကူအညီ လိုက်ရှာတော့ တံတားဟိုဘက် သိပ်မဝေးသော တစ်နေရာမှာ ဝပ်ရှော့တစ်ခု ရှိတာ သိရ၍ သွားခေါ်သည်။
သူပြောတာ နားထောင်ပြီး ဝပ်ရှော့က ပုဂ္ဂိုလ်တစ်ယောက်လိုက်လာသည်။
သည်လူက တစ်ယောက်တည်း ဘာလုပ်လို့ ရနိုင်မလဲဟု ကားမောင်းသူက တွေးသည်။ အင်းလေ၊ ဘာ ဘယ်လိုလုပ်ရမယ် ဆိုတာ သူ ကြည့်ပြီးကာမှ လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ လူအင်အားခေါ်လိမ့်မယ် ထင်ပါတယ်ဟု စဉ်းစာပြီး ကားဆီခေါ်လာသည်။
ဝပ်ရှော့ဆရာက ကားခေါင်မိုးနှင့် တံတားညပ်နေတာ ကြည့်ပြီးနောက်၊ “ကားဘီးတွေ အားလုံး လေလျှော့ဗျာ’’ ဟုဆိုသည်။
ဘီးတွေ အတော်လေး ပြားသွားသည့်အခါ “မောင်းကြည့်ဗျာ” ဟုဆိုသည်။
ကားဆရာ တက်မောင်းသည်။ ခေါင်မိုးက အသံမကြားရ။
တံတားအောက်က လွတ်မြောက်လာပြီးသည့်အခါ ဝပ်ရှော့ဆရာက ကျွန်တော့်ဆီမှာ လေထိုးပေးမယ်ဟု ပြောပြီး၊ ကားပေါ်တက်လိုက်လာသည်။
ပြီးသွားပြီ။
* * *
အဲဒါလည်း ဖောက်ထွက်တွေးနည်းခေါ်ခေါ်၊ သေတ္တာအပြင်ဘက် ထွက်၍ စဉ်းစားနည်းခေါ်ခေါ်၊ အဖြေရစေမည့် တီတွင်ကြံဆ စဉ်းစားနည်းပဲ ဖြစ်သည်။
ပြဿနာအတွက် အဖြေကို ငြိနေသော တံတားဝမ်းဗိုက်နှင့် ကားခေါင်မိုးတစ်ဝိုက်မှာချည်း ရှာဖွေမနေ၊ ကားခေါင်မိုးကို ဖြုတ်မည်လား၊ တံတားဝမ်းဗိုက်ကို ဆောက်နှင့် ထွင်းမည်လား ဟူ၍လည်း တွေးတောမနေဘဲ၊ သည်ကား ခုလောက်မမြင့်အောင် ဘယ်လိုလုပ်နိုင်မလဲ ဟူ၍ ပြောင်းလဲ စဉ်းစားသည့်အခါ အဖြေအတွက် အာရုံစူးစိုက်ရာ နေရာသည် ခေါင်မိုးမှနေ၍ ဘီးသို့ ရောက်လာသည်။
အဖြေတွေ့ပြီဆိုတော့လည်း အလွယ်လေးလိုပင်။
(ဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။)
တံတားအောက်မှာ ကားညပ်နေသည့်အခါ (Zawgyi version)
ခုံးကျော်တံတားတစ်ခုအောက်က ကုန်တင်ကားတစ်စီး ဖြတ်မောင်းသည်။ ကားမောင်းသူက ကားနှင့် တံတား လွတ်မှ လွတ်ပါ့မလား သံသယရှိသည်။ သို့သော် သူက အလျင်လိုနေသည်။ ပြီး စောစောကလည်း သည်လို တံတားခပ်နိမ့်နိမ့် တစ်ခုအောက်က သူ ဖြတ်မောင်းလာခဲ့့ပြီးပြီ။ အလွန်ဆုံး မသိမသာ ပွတ်တိုက်မိရုံ လောက်သာ ရှိနိုင်သည်။ အဲသလို သူ လိုရာ ဆွဲတွေးပြီး တံတားအောက်ကို ဝင်သည်။ ဂျိ - ဂျိ - ဂျိ နှင့် အပေါ်မှာ ငြိသံ ပွတ်တိုက်သံ သူ ကြားရသည်။ နောက်ဆုတ်မလား ရှေ့တိုးမလား ခဏရပ်ပြီး သူ စဉ်းစားသည်။ အင်း၊ စောစောကလည်း ငြိသွားပြီပဲ။ မထူးပါဘူး။ သည့်ထက်ပိုပြီး ငြိစရာ ရှိမည် မဟုတ်ဆိုပြီး ရှေ့ဆက်တိုးသည်။ အပေါ်က ငြိသံ ပိုကျယ်လာပြီး ကားကရပ်သွားသည်။
တံတားနှင့် ကားညပ်နေပြီ။
ရှေ့တိုးကြည့်သည်၊ မရ။
နောက်ဆုတ်ကြည့်သည်၊ မရ။
ဘယ်လို လုပ်မည်နည်း။
ကားပေါ်က ဆင်းပြီး ကြည့်သည်။ ကားခေါင်မိုးနှင့် တံတားဝမ်းဗိုက်က တစ်သားတည်း ဖြစ်နေသည်။
တံတားက မြှောက်၍ ချ၍ရသော တံတားအရှင်မျိုး မဟုတ်။ ရိုးရိုး ကွန်ကရစ် တံတား။ သူ့ကို သွားလုပ်၍ မရ။
ဒါဆိုလျှင် ကားခေါင်မိုးကိုပဲ တစ်ခုခုလုပ်ရမည်။ ဒါကို ဖြုတ်ချ၍ ရမလား။ ဖြုတ်လျှင် ဘယ်လိုဖြုတ်မလဲ။ သူ စဉ်းစားမရ။
အကူအညီ လိုက်ရှာတော့ တံတား ဟိုဘက် သိပ်မဝေးသော တစ်နေရာမှာ ဝပ်ရှော့တစ်ခု ရှိတာ သိရ၍ သွားခေါ်သည်။
သူပြောတာ နားထောင်ပြီး ဝပ်ရှော့က ပုဂ္ဂိုလ်တစ်ယောက်လိုက်လာသည်။
သည်လူက တစ်ယောက်တည်း ဘာလုပ်လို့ ရနိုင်မလဲဟု ကားမောင်းသူက တွေးသည်။ အင်းလေ၊ ဘာ ဘယ်လိုလုပ်ရမယ်ဆိုတာ သူ ကြည့်ပြီးကာမှ လိုအပ်တဲ့ ပစ္စည်းကိရိယာနဲ့ လူအင်အား ခေါ်လိမ့်မယ် ထင်ပါတယ်ဟု စဉ်းစားပြီး ကားဆီခေါ်လာသည်။
ဝပ်ရှော့ဆရာက ကားခေါင်မိုးနှင့် တံတားညပ်နေတာ ကြည့်ပြီးနောက်၊ “ကားဘီးတွေ အားလုံး လေလျှော့ဗျာ’’ ဟုဆိုသည်။
ဘီးတွေ အတော်လေး ပြားသွားသည့်အခါ “မောင်းကြည့်ဗျာ” ဟုဆိုသည်။
ကားဆရာ တက်မောင်းသည်။ ခေါင်မိုးက အသံမကြားရ။
တံတားအောက်က လွတ်မြောက်လာပြီးသည့်အခါ ဝပ်ရှော့ဆရာက ကျွန်တော့်ဆီမှာ လေထိုးပေးမယ်ဟု ပြောပြီး၊ ကားပေါ်တက်လိုက်လာသည်။
ပြီးသွားပြီ။
***
အဲဒါလည်း ဖောက်ထွက်တွေးနည်းခေါ်ခေါ်၊ သေတ္တာအပြင်ဘက် ထွက်၍ စဉ်းစားနည်းခေါ်ခေါ်၊ အဖြေရစေမည့် တီတွင်ကြံဆ စဉ်းစားနည်းပဲ ဖြစ်သည်။
ပြဿနာအတွက် အဖြေကို ငြိနေသော တံတားဝမ်းဗိုက်နှင့် ကားခေါင်မိုးတစ်ဝိုက်မှာချည်း ရှာဖွေမနေ၊ ကားခေါင်မိုးကို ဖြုတ်မည်လား၊ တံတားဝမ်းဗိုက်ကို ဆောက်နှင့် ထွင်းမည်လား ဟူ၍လည်း တွေးတောမနေဘဲ၊ သည်ကား ခုလောက်မမြင့်အောင် ဘယ်လိုလုပ်နိုင်မလဲ ဟူ၍ ပြောင်းလဲ စဉ်းစားသည့်အခါ အဖြေအတွက် အာရုံ စူးစိုက်ရာ နေရာသည် ခေါင်မိုးမှနေ၍ ဘီးသို့ ရောက်လာသည်။
အဖြေတွေ့ပြီ ဆိုတော့လည်း အလွယ်လေးလိုပင်။
(ဆရာဖေမြင့်၏ စဉ်းစားခြင်း စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။)

Post a Comment