ဒီ နှစ်နှစ်တာ အတွင်းမှာလေ .... ကိုယ့်နားကနေ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ သေကွဲကွဲရတာတွေ ၊ ပြန်တွေ့ရင်တောင် အရင်လိုဆက်ဆံရေးမရှိတော့တဲ့ ရှင်ကွဲကွဲရတာတွေက အများကြီးပဲ ။

ဒီ နှစ်နှစ်တာ အတွင်းမှာလေ .... 
ကိုယ့်နားကနေ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ သေကွဲကွဲရတာတွေ ၊ ပြန်တွေ့ရင်တောင် အရင်လိုဆက်ဆံရေးမရှိတော့တဲ့ ရှင်ကွဲကွဲရတာတွေက အများကြီးပဲ ။ 


သေကွဲကတော့ ...
မိသားစုနဲ့ သူငယ်ချင်းတွေပေါ့ ။ 
သူတို့ကြောင့်ဖြစ်တဲ့ စိတ်ဒဏ်ရာက ခုထိကို ကိုယ့်ဆီမှာ ကျန်ခဲ့သေးတယ်။ ကိုယ့်စိတ်ကိုယ်ပြန်ဖြေရင်း တော်တော်လည်း နေသားကျအောင်နေရတယ် ။ ပုံမှန်ဘဝလေးမှာ နေထိုင်ရယ်မောပြနေပေမယ့် တကယ်တော့ ခံစားရတာတွေကို ဇွတ်သိမ်းဆည်းရင်း စိတ်ပြောင်းယူနေရတယ်။ ဒါပေမယ့် အစဖေါ်မိရင် မျက်ရည်က ကျနေမိတုန်း ။ 

အရင်က ငွေရှာနေတုန်း ရုန်းကန်နေတုန်း သူတို့တွေအတွက် ငွေကိုလိုသလောက်မပေးနိုင်ခဲ့ဘူး အချိန်မပေးနိုင်ဘူး လူမမာတွေတွက် လုပ်ပေးချင်တာများတော့ ပိုက်ဆံနောက်ကိုပဲ လိုက်နေရတာ ။ ခုချိန်ကျတော့လည်း ငွေတွေပုံအောပေးပြီး အသက်ဆက်ချင်ရင်တောင် ပြန်ကိုမရနိုင်တော့ဘူးဆိုတဲ့ နောင်တကလည်း တဆစ်ဆစ်နဲ့ ။  ဒီတော့ လက်ရှိကျန်တဲ့သူတွေအပေါ် ပိုဖြည့်ဆည်းနိုင်အောင် ပိုပြီးသည်းခံနေဖို့နဲ့ ပိုစိတ်ရှည်ဖို့ ကြိုးစားရတယ် ။ 

ဒီနှစ်ထဲမှာ ဆုံးသွားတဲ့ သူငယ်ချင်းဆိုလည်း အသက်ရှင်နေတုန်းမှာ ငြင်းကြခုန်ကြရင်း ကိစ္စတစ်ခုနဲ့ အထနကောက်ပြီး စကားတွေမပြောဖြစ်တော့ဘူး။ ရောဂါဆိုးကြီးကပ်တော့မှ ကိုယ့်မှာ အူယားဖါးယားပြေးကူရတယ် ။ ကိုယ့်ဖုန်းဆက်သံတွေကြားတော့ သူတော်တော်ပျော်သွားပြီး အားတက်သွားရှာပေမယ့် ကိုယ်ကူတာနောက်ကျတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုလည်း နောင်တတွေရတယ် ။

ရှင်ကွဲတွေမှာတော့ ကိုယ့်ဘက်ကအမှားတွေရှိလို့ ခွဲခွာကြတာရှိသလို ကိုယ့်ဘ​က်ကမမှားပဲနဲ့ စေတနာစော်ကားလို့ စကားတွေဆက်မပြောတော့ပဲ ပြန်မတွေ့ချင်တော့တဲ့အထိကို ဖြစ်သွားသူတွေလည်းရှိတာပါပဲ ။

တချို့ဆက်ဆံရေးတွေက အဆုံးသတ်သွားတာက ကိုယ့်အတွက်ကောင်းတာရှိသလို တချို့တွေကတော့ နှမြောစရာတော်တော်ကောင်းတယ် ။ ဒီတော့လည်း နောင်တမရစေဖို့အတွက် စကားအပြောအဆိုတွေ အပြုအမူတွေက သူများအတွက် ထိခိုက်အောင် မလုပ်မိဖို့ ပြန်ထိန်းရတယ် ။ ကိုယ့်ကိုစိတ်ထိခိုက်စေ နာကျင်စေတဲ့ ဆက်ဆံရေးတွေကိုလည်း ကိုယ်ကစပြီး ဖြတ်ချဖို့ ဝန်မလေးတော့ဘူး ။

ဒီဘဝခရီးကြမ်းကြီးမှာ  တွေ့ရမှာလူတွေကလည်း ရှိနေဦးမှာ လူဟောင်းတွေကရော ကိုယ်နဲ့ ဘယ်လောက်ထိ ခရီးဖေါ်အဖြစ်ဆက်ရှိနေမလဲ ၊ လူသစ်တွေဘယ်လောက်ထပ်ဆုံရဦးမလဲဆိုတာက မှန်းထားလို့မရဘူးလေ ။

ကိုယ့်ဘက်ကလုပ်ရမယ့်အလုပ်ကတော့ ဆက်ဆံရေးတိုင်းမှာ လိပ်ပြာလုံဖို့နဲ့ သူများအကျိုးစီးပွားထိခိုက်အောင် မလုပ်မိဖို့ပဲ ...

—— မာရင်ရင်

Post a Comment

Previous Post Next Post

Comments