သုံးပန်လှ မင်းသမီး ရာဇဝင်

သုံးပန်လှ မင်းသမီး ရာဇဝင်
==================


နောင်လာနောင်သားများ သိသင့်သိထိုက်တဲ့ ပြည်မြို့ရဲ့ ရာဇဝင်သမိုင်းတခု


သရေခေတ္တရာ ပျူမြို့ဟောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ သုံးပန်လှ မင်းသမီးလေးရဲ့ ဇာတ်လမ်းက ကြေကွဲစရာပါ။ ရာဇဝင် စကားများအရ သုံးပန်လှမင်းသမီးလေးကို ရှင်စောဖြူ ထိပ်ထားလို့လည်း ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီမင်းသမီးလေးဟာ နေထွက်စမှာ ရွှေအဆင်းလို ဝင်းဝင်းပပအလှ မွန်းတည့်ချိန်မှာ ပွင့်လန်းနေတဲ့ ပန်းကလေးရဲ့အလှ၊ ဆည်းဆာချိန်မှာတော့ ကိုယ်ယောင်ကိုယ်ဝါထွန်းလင်းနေသယောင် ထင်မှတ်မှားရတဲ့အလှဆိုပြီး ပုံစံသုံးမျိုးနဲ့ လှတာမို့ပါတဲ့။


သူက သရေခေတ္တရာအနီး တိုင်းပြည်ငယ်ဖြစ်ခဲ့တဲ့ တောင်ညိုဘုရင်ရဲ့ နှမတော်ပါ။ သရေခေတ္တရာနဲ့ နှစ်ပြည်ထောင် ချစ်ကြည်ရေးအတွက် တောင်ညိုဘုရင်ဟာ သူ့ရဲ့နှမတော် ရှင်စောဖြူထိပ်ထားလေးကို ဒွတ္တပေါင်မင်းကြီးထံ ဆက်သခဲ့ပါသတဲ့။ (နောက်တစ်မျိုးရှိပါသေးတယ်။ သရေခေတ္တရာပြည့်ရှင်နဲ့ တောင်ညိုဘုရင်တို့က အခွင့်သင့်ရင် ကြက်တိုက်နေကျတဲ့။ တစ်နေ့မှာတော့ လောင်းကစားတစ်ခု ပြုလုပ်တယ်။ ပြည်ဘုရင် ဒွတ္တဘောင်က သူရှုံးရင် ပြည့်စည်းစိမ် တစ်ဝက်ပေးမယ်ပေါ့။ တောင်ညိုမင်းကလည်း သူရှုံးရင် အလွန်လှပတဲ့ သူ့နှမတော်ကို ပေးမယ်ဆိုပြီး လောင်းကြတာ တောင်ညိုမင်းကြက်ရှုံးသွားပါတော့တယ်။ ကတိအတိုင်း မင်းသမီးကို အဆောင်အယောင်တွေနဲ့ သရေခေတ္တရာ( ပြည်)ကို ပို့လွှတ်ဆက်သတယ်လို့ ဆိုပြန်ပါတယ်။ ဒါသာ အမှန်ဆိုရင်တော့ တောင်ညိုဘုရင် အတော်ဆိုးတာပဲ။ ကိုယ့်နှမလေးကိုရင်းပြီးများ လောင်းကစား လုပ်ရတယ်လို့။ မင်းသမီးလေးကလည်း ဒွတ္တပေါင်မင်းကို နာမည်ကြားစဉ်ကတည်းက တိတ်တခိုးမြတ်နိုးနေပြီးသားဆိုတော့ အကိုတော် တောင်ညိုဘုရင် စကားစလိုက်တာနဲ့ သရေခေတ္တရာကို သတို့သမီး မိဖုရားလောင်း အဆောင်အယောင်နဲ့ လှမ်းကြွခဲ့သတဲ့။


ဒွတ္တပေါင်မင်းဆီ မင်းသမီးလေးလာနေပြီဆိုကတည်းက သရေခေတ္တရာ နန်းတော်တွင်းမှာလည်း ဂယက်တွေထနေတော့တာပေါ့။ သုံးပန်လှမင်းသမီးလေးရဲ့ အလှကို ကြိုတင်ကြားထားပြီးဖြစ်တာကြောင့် မနာလိုမရှုစိမ့််ဖြစ်ကြတဲ့ မိဖုရားတွေက မင်းမှုထမ်းတွေကို လာဘ်ထိုးပြီး မင်းကြီးဆီ မဟုတ်မမှန်တာတွေ လျှောက်တင်ခိုင်းသတဲ့။ လာဘ်စားထားတဲ့ မင်းမှုထမ်းတွေကလည်း သုံးပန်လှမင်းသမီးဟာ စုန်းအတတ်နဲ့ လှပအောင် ဖန်ဆင်းစီရင်ထားတာဖြစ်ပြီး ကြောက်စရာ ရုပ်သဏ္ဍာန်ဟာ တစ်နေ့ ၃ ကြိမ်ပေါ်လာတတ်ကြောင်း မမှန်မကန် လျှောက်တင်ကြသတဲ့။ (လာဘ်ပေးလာဘ်ယူက ပျူခေတ်ကတည်းကပါလား။)


မင်းသမီးလေး နန်းတော်ကိုရောက်ချိန် သူစီးလာတဲ့ ဆင်တော်ကို အလယ်မှာညှပ်၊ ဘေးနှစ်ဘက်က ဆင်တစ်စီးစီကာပြီး ဆင်သုံးစီးပြူးကြီး တပြိုင်နက်ဝင်ခိုင်းပါသတဲ့။ ပြီးလည်းပြီးရော ဒွတ္တပေါင်မင်းကြီးကို မှူးမတ်တွေက "သုံးပန်လှဟာ တံခါးနှင့်မဆန့်သော ကိုယ်လုံးနှင့် အမျိုးသမီးပါ"လို့ လိမ်လည်လျှောက်ထားတော့တယ်။ ဒီလိုနဲ့ မင်းသမီးလေးဟာ မိဖုရားဖြစ်ခွင့် ဆုံးရှုံးခဲ့ရပါတော့သတဲ့။ (ဘုရင်ကလည်းနော်၊ တကယ်ဆို ကိုယ်တိုင်ကြည့် ကြည့်ပါဦးလား၊ သူများပြောတိုင်း ယုံရတယ်လို့) ဘုရင်က နန်းတွင်းကိုတောင် အဝင်မခံဘဲ မောင်းထုတ်ခဲ့တဲ့အတွက် မင်းသမီးလေးဟာ ထိတ်လန့်တုန်လှုပ် ရှက်ရွံ့ဝမ်းနည်းစွာနဲ့ ပြန်လာခဲ့ရပါတော့တယ်။ မြို့နဲ့ ဝေးကွာလှတဲ့ မှော်ဇာမြို့အနားမှာ မျှော်လင့်ချက်တွေမဲ့ အင်အားတွေ ဆုတ်ယုတ်လာပြီး ရင်ကွဲနာကျ ဆုံးသွားရှာတော့သတဲ့။ မင်းသမီးလေးကို မြှုပ်နှံခဲ့တဲ့ ကိုယ်ကြီးမြှုပ်ရွာဟာ ဆင်မြီးဆွဲကနေ တစ်မိုင် အကွာမှာ ရှိနေပါတယ်။

မင်းသမီးကို မြှုပ်နှံခဲ့တဲ့ ကိုယ်ကြီးမြှုပ်ရွာက ရွာသူရွာသားတွေဟာ သုံးပန်လှမင်းသမီးအကြောင်းကို လက်လွတ်စပယ်မပြောမဆိုရဲကြပါဘူးတဲ့။ မင်းသမီးကို အမှားပြုမိရင် နူတတ်တယ်လို့ အယုံအကြည်ရှိကြပါတယ်။ သုံးပန်လှမင်းသမီးဟာ သူနဲ့ ဒွတ္တပေါင်မင်းကြီးနဲ့ ကွဲကွာကြရတာက ကုန်းချောကုန်းတိုက်တဲ့စကားတွေကြောင့်လို့ ယုံကြည်တဲ့အတွက် ကုန်းချောပြောဆိုခြင်းကို အင်မတန်မုန်းတီးပါတယ်တဲ့။ အဲဒီအရပ်က လူတွေဟာ ကုန်းချောစကားပြောရင် ဘေးဥပါဒ်ရောက်တယ်လို့ လက်ခံထားကြပါတယ်တဲ့။ 
နှစ်စဉ်နှစ်တိုင်း ဝါဆိုလပြည့်နေ့မတိုင်ခင်မှာလည်း သုံးပန်လှမင်းသမီးကို ရည်စူးကာ သခင်မပွဲဆိုပြီး တင်မြှောက်ပူဇော်ပသကြတဲ့ ရိုးရာယုံကြည်မှုဓလေ့လည်း ယနေ့တိုင်ရှိနေသေးတယ်လို့ မှတ်သားရပါတယ်။ မင်းသမီးက နယ်ခံတွေအတွက် မိုးလေဝသကောင်းအောင် သီးနှံအထွက်ကောင်းအောင် မစပေးတယ်လို့  အယူရှိကြပါတယ်။     


သူ မကွယ်လွန်ခင်မှာ ဒွတ္တပေါင် မင်းကြီးကို စိတ်နာ စိတ်ဆိုးလို့ ပြေးလာရင်း လဲကျတဲ့နေရာမှာ လက်သည်းနဲ့ ကုတ်ခြစ်ခဲ့ရာက လက်သည်းကန်ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ (နောက်တစ်မျိုးပြောကြတာက မင်းသမီးလေးဟာ နန်းတော်အပြင်ကနေ ရှက်ရှက်နဲ့ ပြန်ပြေးလာရင်း သူ့ရုပ်ရည်ကို တကယ်ရုပ်ဆိုးနေပြီလားလို့ မသင်္ကာစိတ်နဲ့ မြေကြီးကို လက်နဲ့တူးပြီး ရေထွက်အောင်ပြုလုပ်လို့ သူ့ရုပ်သွင်ကို ပြန်ကြည့်ခဲ့တာမို့ လက်သည်းကန်ဖြစ်လာတယ်တဲ့)။ (ကျွန်မတို့သွားတဲ့အချိန် လက်သည်းကန်အနီးကျောင်းတိုက်က ဘုန်းဘုန်းမိန့်တာတော့ လက်သည်းနဲ့ခြစ်ရုံနဲ့ ကန်ဖြစ်လာတာမဟုတ်ဘဲ မင်းသမီးကလက်သည်းနဲ့ကုတ်ခြစ် အမှတ်အသားပြုတဲ့နေရာတွေမှာ ဒွတ္တပေါင်မင်းက ကန်တူးပေးခဲ့တာတဲ့။) ဇာတ်လမ်းကတော့ မြန်မာဗီဒီယိုကားလိုပါပဲ။ သူ သေပြီးမှ မင်းကြီးက အကြောင်းစုံသိ၊ စိတ်မကောင်းဖြစ်လိုက်လာပေါ့လေ။


ဒွတ္တပေါင်မင်းကြီးဟာ သုံးပန်လှမင်းသမီးရဲ့ကိုယ်အတိုင်းယူပြီး အလေးချိန်နဲ့ညီမျှတဲ့ ရွှေရုပ်ထု ထုလုပ်ကာ ရွှေတလားနဲ့ ထည့်မြှုပ်နှံခဲ့တယ်လို့လည်း ဆိုကြပြန်ပါတယ်။ ပြီးတော့ သက်ဦးဆံပိုင်ဘုရင်တို့ ထုံးစံအတိုင်း ကုန်းချောတဲ့ အမတ်ကြီး လေးဦးကိုပါ ကျိန်စာတိုက် တစ်ခါတည်းစတေးမြှုပ်နှံခဲ့တယ်တဲ့။ မင်းသမီး ကွယ်လွန်ပြီး နှစ်ထောင်ကျော်ကြာမှ တူးဖော်တဲ့အခါ ထန်းလုံးလောက်ရေတွေ ထွက်လာတယ်ဆိုပဲ။ ခုချိန်ထိ အဲ့ဒီနေရာတူးဖော်ရင် နွေခေါင်ခေါင်မှာ မိုးကြီးရွာ မိုးကြိုးများပစ်သတဲ့လေ။ မတူးရဲကြတော့ဘူးတဲ့။

သုံးပန်လှ နတ်နန်းမှာ စံမြန်းနေတဲ့ မင်းသမီးလေးဟာ သူ့ကိုမယ်တော်လို့ခေါ်ရင်မကြိုက်ဘဲ အစ်မတော်လို့ ခေါ်မှနှစ်သက်ပါသတဲ့။ သုံးပန်လှ မင်းသမီးထက် လက်သည်းကန်အနီးက ဟောင်းနွမ်းယိုယွင်းနေပေမဲ့ လှပနေဆဲ ရှေးဟောင်း သုံးပန်လှကျောင်းတိုက်ကြီးက ပိုပြီး စိတ်ဝင်စာစရာပါ။

ဟိုးတစ်ချိန်က ငေးယူရလောက်အောင် ခန့်ငြားထည်ဝါခဲ့မှာ သေချာလှတဲ့ ကျောင်းတော်ကြီးဟာ ခုတော့ သင်္ခါရရဲ့ ဝါးမြိုခြင်းကို ခံနေရရှာပါပြီ။ ရေမှော်ရေညှိတွေနဲ့ နွယ်တွေလိမ်ယှက်နေတဲ့ အပြင်ဘက် ရုပ်လုံး ဟန်ပန်လေးတွေသာ ကျန်ခဲ့ပြီး အတွင်းပိုင်းတွေကတော့ ပြိုကျ ပျက်စီးနေခဲ့ပါပြီ။ တချို့က ပြောတာတော့ သုံးပန်လှ မင်းသမီးနဲ့ အခု လူတွေစိတ်ဝင်တစားသွားကြည့်ကြတဲ့ ကျောင်းတိုက် အဟောင်းကြီးနဲ့သက်ဆိုင်မှု မရှိပါဘူးတဲ့။ ဘုန်းကြီးကျောင်းနဲ့ နတ်ကွန်းနဲ့ မအပ်စပ်လှပေမဲ့မင်းသမီးလေးရဲ့ ဝိညာဉ် ခိုအောင်းတဲ့ နေရာမှာ အိပ်မက်အရ တည်ပေးခဲ့ရတဲ့နတ်ကွန်းလေးပါတဲ့။ မင်းသမီးရဲ့ လက်သည်းရေကန်ကို အစွဲပြုလို့ လက်သည်းရေကန်ကျောင်းတိုက်ဆရာတော်က ဘုန်းကြီးကျောင်းတည် သာသနာပြုတော့ အဲဒီကျောင်းတိုက်အဟောင်းကြီးကို သုံးပန်လှ မင်းသမီးအုတ်ကျောင်းလို့ ထင်ခဲ့ကြတာပါတဲ့။

အမှန်ကအဲဒီကျောင်းတိုက်အိုကြီးက ရှင်မဟာရဌသာရ သီတင်းသုံးခဲ့တဲ့ ကျောင်းပါတဲ့။ (ဒါပေမဲ့ လူတွေရဲ့စိတ်မှာ မင်းသမီးရဲ့ ဝမ်းနည်းဖွယ်ဒဏ္ဍာရီက အရှိန်ကြီးနေတာကြောင့် ရှင်မဟာရဋ္ဌသာရ သီတင်းသုံးခဲ့တဲ့ကျောင်းဆိုတာ မှေးမှိန်နေပါတယ်။)

ချစ်မိတ်ဆွေတို့အနေနဲ့ သရေခေတ္တရာဆိုတဲ့ ပျူမြို့ဟောင်းကို ရောက်ခဲ့ရင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် မှော်ဇာရွာအနီးက ရှေးဟောင်းဘုန်းကြီးကျောင်းတိုက်
အဟောင်းကြီးနဲ့ သုံးပန်လှမင်းသမီးလေးရဲ့
လက်သည်းရေကန်၊ မင်းသမီးလေးရဲ့ ဝိညာဉ်ရှိနေတယ်လို့ ယုံကြည်ယူဆဆဲ နတ်ကွန်းဗိမာန်တို့ကို သွားရောက်လေ့လာနိုင်ကြပါကြောင်း သတင်းစကားပါးလိုက်ပါရစေ။

ဗဟုသုတ ရနိုင်ပါစေရန် မျှဝေပါသည်
#mmmyatthu 
မူရင်းရေးသားသူ-အေးမြတ်မြတ်ဖြိုး(ကံမ)
#𝐶𝑟𝑒𝑑𝑖𝑡_𝑡𝑜_𝑜𝑤𝑛𝑒𝑟
#ကိုဖြိုး

Post a Comment

Previous Post Next Post

Comments