ဝင်ငွေတွေ မပြတ်စီးဝင်နေစေဖို့
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ပြီးခဲ့တဲ့နှစ် မိုးတွင်းတုန်းက အသိမိတ်ဆွေတစ်ယောက်ကို သရက်စေ့လေး လက်ဆောင်ပေးဖြစ်တယ်။ ချိုလည်းချိုပြီး မျိုးလည်းကောင်းတာမလို့ စေတနာနဲ့ စိုက်ထားဖို့ သွားပေးတာ။
ဒါပေမဲ့ သူက ငြင်းတယ်။ ခါးခါးသီးသီးငြင်းတာ မဟုတ်ပေမယ့် အိမ်မှာ စိုက်စရာနေရာ မရှိတာကြောင့် ဘာကြောင့် ညာကြောင့်ဆိုပြီး အကြောင်းပြတယ်။ ဒါပေမဲ့ အဲ့ဒါက အကြောင်းပြချက် မခိုင်လုံဘူးလို့ ကျွန်တော်ယူဆတယ်။
ဒါနဲ့ပဲ သူ့အိမ်ထဲကို ဘေးဘီဝယ်ယာ ကြည့်လိုက်တော့ သရက်သီးတွေ ကြိမ်ခြင်းနဲ့ အပြည့်ထည့်ထားတာ တွေ့လိုက်ရတယ်။
အဲ့ဒီတော့မှ သဘောပေါက်တော့တယ်။ လောလောဆယ်တော့ ငါပေးတဲ့သရက်စေ့က သူ့အတွက် အသုံးဝင်မှာ မဟုတ်သေးဘူး။ အဲ့ဒီသရက်သီးတွေကုန်သွားတဲ့အခါကျမှပဲ ဒီသရက်စေ့လေးရဲ့ အသုံးဝင်ပုံကို သိလာလိမ့်မယ်လို့ တွေးပြီး ပြန်ယူလာခဲ့လိုက်တယ်။
ကျွန်တော့်အတွေးမမှားပါဘူး။ အဲ့ဒီမိတ်ဆွေ ဒီနှစ်မိုးတွင်းရောက်တော့ အိမ်ကိုရောက်ချလာတယ်။ အရင်နှစ်က သရက်စေ့တွေ ရှိသေးလားတဲ့။ ကျွန်တော်ကလည်း ပြန်မေးလိုက်တယ်။ အရင်နှစ်က သရက်သီးတွေ ကုန်သွားပြီလားလို့။
ကျွန်တော်ဘာကို ပြောချင်တာလဲဆိုတော့...
ငွေရှာဖွေနေကြတဲ့ မိတ်ဆွေတွေအနေနဲ့ ကိုယ့်မှာ ငွေတွေ အများကြီးရှိတယ်ဆိုပြီးတော့ ဒီတိုင်းအေးဆေး မနေဖို့ပါ။ အဲ့ဒီငွေတွေဟာ သရက်သီးနဲ့ အလားသဏ္ဌာန်တူပါတယ်။ တစ်ချိန်ကျ ကုန်သွားမှာပါ။
အဲ့တော့ သရက်သီးတွေ အမြဲမပြတ်ရချင်ရင် သရက်ပင် စိုက်ရသလိုပဲ ငွေတွေလည်း မပြတ်ရနေချင်တယ်ဆိုရင် ကျွန်တော်တို့ဟာ ငွေပင် (သို့) ဝင်ငွေစီးကြောင်းတွေ များစွာ ဖန်တီးထားဖို့လိုပါတယ်။
အားလုံးလည်း ဘေးပတ်ဝန်းကျင်မှာ မြင်ဖူးနေကြဖြစ်မှာပါ။ တချို့တွေ ချမ်းသာနေရင်းကနေ ရုတ်တရက် ဆင်းရဲသွားတယ်၊ အထည်ကြီးပျက် ဖြစ်သွားတယ်ဆိုတာဟာ တနည်းအားဖြင့် ကိုယ့်ဆီ အမြဲမပြတ် စီးဝင်နေစေမယ့် ဝင်ငွေစီးကြောင်းတွေ မရှိတာကြောင့် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် သရက်သီးတွေ များများစုဆောင်းတာထက် သရက်ပင်တွေ များများစိုက်တာကို ပိုပြီးပြုလုပ်ပါ။ ကိုယ့်အိမ်မှာ သရက်သီးရှိလို့ဆိုပြီး သရက်ပင်စိုက်ဖို့ကို ဘယ်တော့မှ မငြင်းပယ်လိုက်ပါနဲ့လို့ မိတ်ဆွေတို့ကို မှာချင်ပါတယ်။
Dr Thet Htar Aung
#အ_လီ_ဘာ_ဘာ

Post a Comment