အစမှသည် အဆုံးတိုင်သို့
---------------------------
တောအုပ်အစွန်တွင် ရွာငယ်လေးတစ်ရွာရှိသည်။ ထိုရွာလေးသည် ပတ်လည်၌ တောများဝန်းရံလျက်ရှိပြီး၊ တောထဲတွင်လည်း သားရိုင်းတိရစ္ဆာန်ပေါင်းစုံတို့ ကျက်စားနေကြလေသည်။
ထိုရွာနေ ရွာသားများအနေဖြင့် အရိုင်းအစိုင်း တိရစ္ဆာန်များကို တိုက်မလား၊ ရှောင်မလား နှစ်မျိုးသာ ရွေးချယ်ခွင့်ရှိသည်။ ကိုယ့်ထက်အင်အားကြီးသော အရိုင်းအစိုင်းဖြစ်နေပါက ရှောင်သည့်နည်းမှာ အကောင်းဆုံးဖြစ်သည်။ သို့ဖြစ်ရာ ထိုရွာသား လူငယ်အများစုမှာ သစ်ပင်ကိုတက်ရန်အတွက် ကျွမ်းကျင်ရန် လိုသည်။ သစ်ပင်ပေါ်တက်ရှောင်လိုက်လျှင် သူတို့အသက်ရှင်ရန်များသည်။
ထိုရွာတွင် သစ်ပင်တက် အလွန်ကျွမ်းကျင်သော အဘိုးအိုတစ်ယောက်ရှိသည်။ ထိုအဘိုးအိုသည် ရွာရှိ လူငယ်များကို သစ်ပင်တက်ကျွမ်းကျင်ရန်အတွက် သင်ပြပေးနေသည့် ဆရာကြီးလည်းဖြစ်သည်။
တစ်နေ့တွင် ဆရာကြီးသင်ကြားပေးနေသော လူငယ်တစ်စုသည် သင်တန်းပြီးဆုံးမည့် နောက်ဆုံးနေ့ကို ရောက်လာသည်။ နောက်ဆုံး သင်တန်းဆင်းသည့်နေ့တွင် ဆရာသည် အမြင့်ဆုံးနှင့် ပြောင်ချောနေသည့် သစ်ပင်ကြီးတစ်ပင်ကို ရွေးချယ်ထားပြီး သင်တန်းသား လူငယ်အားလုံးသည် ထိုသစ်ပင်ကြီးကို တက်ပြကြရမည်ဖြစ်သည်။
ဆရာက
“တပည့်တို့ ဒီနေ့ဟာ မင်းတို့အတွက် နောက်ဆုံးနေ့ပဲဖြစ်တယ်။ တပည့်တို့အားလုံး ဆရာရွေးချယ်ထားတဲ့ ဟောဒီအပင်ကြီးကို တက်ပြကြရမယ်။ ဒီအပင်ကြီးကို တက်နိုင်တဲ့သူဟာ ဟောဒီလောကမှာ အတော်ဆုံး သစ်ပင်တက်ကျွမ်းကျင်သူလို့ သတ်မှတ်ရမှာဖြစ်တယ်” ဟု ပြောလိုက်သည်။
တပည့်အပေါင်းသည် ဆရာသတ်မှတ်ပေးထားသည့် သစ်ပင်ကြီးကိုတက်ရန်အတွက် တန်းစီလိုက်ကြသည်။
ပထမတစ်ယောက် သစ်ပင်ပေါ်ကို တက်သွားသည်။ ထိုလူငယ်သည် အလွယ်တကူပင် သစ်ပင်ပေါ်ကို တက်သွားနိုင်ခဲ့သည်။ သတ်မှတ်ထားသည့် အမြင့်ဆုံးနေရာကိုရောက်သည့်အခါတွင် ထိုတပည့်က ပြန်ဆင်း လာသည်။
သူဆင်းလာသည့် သစ်ပင်တစ်ဝက်အရောက်တွင် ဆရာက အောက်မှအော်သည်
“ငါ့တပည့် ဖြည်းဖြည်းကွယ် ... ဖြည်းဖြည်း ... မလောနဲ့ ... သတိထား” ဟု အော်ပြောလိုက်သည်။
ထိုလူငယ်သည် ဆရာပြောသည့်အတိုင်း သတိဖြင့် ဖြည်းဖြည်းချင်း ဆင်းလာသည်။
ထိုတစ်ယောက်ပြီးသည့် အခါတွင် နောက်ထပ် တစ်ယောက်ပြီးတစ်ယောက် သစ်ပင်ပေါ်တက်နိုင်သည့် အစွမ်းကို ပြကြသည်။ သစ်ပင်တက်သော တပည့်တစ်ယောက် သစ်ပင်ပေါ်က ပြန်ဆင်းလာတိုင်း လမ်းတစ်ဝက်အရောက်တွင် ဆရာဖြစ်သူသည်
“အလျင်မလိုနဲ့ကွ ... ဖြည်းဖြည်းဆင်း ... သတိထား” ဟု အော်ပြောတတ်သည်။
နောက်ဆုံး သင်တန်းသားလူငယ်အားလုံး သစ်ပင်တက်ခြင်းကို အောင်မြင်စွာ အစွမ်းပြနိုင်ခဲ့ကြသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ကြသည်။
ထိုအချိန်တွင် တပည့်တစ်ဦးက အဘိုးအိုထံသွားပြီး
“ဆရာကြီးခင်ဗျား တစ်ခုလောက်မေးပါရစေ”
“ဘာများလဲကွယ်”
“ကျွန်တော်တို့ သစ်ပင်တက်နေစဉ် ဆရာကြီးက သတိထားဟု တစ်ခွန်းမျှ မပြောဘဲ ... အဘယ်ကြောင့် သစ်ပင် ပေါ်ကအဆင်း လမ်းတစ်ဝက်လောက်ရောက်မှ လူတိုင်းကို အဘယ်ကြောင့် သတိပေးစကား လိုက်ပြောရပါ သနည်း”
“တပည့် သစ်ပင်ပေါ်တက်ရတာ အလွန်ခက်ခဲမှန်း သင်လည်းသိသည် ... ငါလည်း သိသည်။ အတက်ခက်သော ကြောင့် သတိကြီးစွာထားကာ တက်ရသဖြင့် အထွေအထူးပြောနေရန်မလို။ တပည့်တိုင်း အခက်အခဲကို ကြိုးစားပြီး ဇွဲနှင့်လုပ်ဆောင်ကြမည်သာဖြစ်သည်။ သတိမပေးလည်း လူတိုင်း သတ်မှတ်ထားသည့် ပန်းတိုင် နေရာကို မရောက်၊ ရောက်အောင်တက်ကြမည်သာဖြစ်သည်။ တပည့် ... လူ့သဘာဝဖြစ်တတ်သည့်သဘောမှာ ပန်းတိုင်ကို ရောက်ပြီဆိုလျှင် ပေါ့ဆသွားတတ်သည်။ အောင်ပြီဆိုကာ စိတ်လွတ်ကိုယ်လွတ် ဖြစ်တတ်သည်။ စိတ်လွတ်လျှင် လက်လွှတ် ကိုယ်လွှတ်ဖြစ်တတ်သည်။ ထို့ကြောင့် အဆင်းကို ငါကသတိပေးခြင်းဖြစ်သည်။ ပန်းတိုင်ကို လှမ်းကိုင်နိုင်ရုံမျှဖြင့် ပြီးဆုံးပြီဟု မဆိုနိုင်ပေ။ သင်တို့ခရီးသည် သစ်ပင်ပေါ်တွင် နိဂုံးမဟုတ်။ သစ်ပင်အပေါ်မှ အောက်ကို ပြန်ရောက်မှသာ နိဂုံးဖြစ်သည်။ ထို့ကြောင့် သတိထားကြရန် ငါနှိုးဆော်နေရခြင်း ဖြစ်သည်”
ဆရာကြီး၏ နောက်ဆုံးစကားကို တပည့်အပေါင်း နားလည်ကာ ရှိခိုးဦးချကြသည်။
ဘဝတွင် ပန်းတိုင်ရောက်ခါနီးမှ မြင်းကောင်းခွာလိပ်သကဲ့သို့ ဖြစ်ရသည့် အဖြစ်အပျက်ပေါင်း များစွာရှိသည်။ ပန်းတိုင်ကို လှမ်းကိုင်နိုင်ရုံမျှသာမက လဲမကျသွားအောင် ဂရုစိုက်ကြရမည်။ သတိကင်းလွတ်လိုက်သည်နှင့် အမှားသေးသေးလေးက အမှားကြီးတစ်ခုဖြစ်သွားနိုင်သည်။
ထို့ကြောင့်
ကိုယ်စခဲ့သည့်နေရာကို ပြန်ရောက်နိုင်မှ အဆုံးအထိ လုပ်နိုင်ခဲ့ပြီး
“အောင်ပြီ” ဟု ရဲဝံ့စွာ ကြွေးကြော်နိုင်မည်။
(Ref: Be as careful as you were at the beginning)
တင်ညွန့်
၈.၁.၂၀၂၃

Post a Comment