'သားအမိနှစ်ယောက်နှင့် သဘက်ကြီး' (စ/ဆုံး)

'သားအမိနှစ်ယောက်နှင့် သဘက်ကြီး' (စ/ဆုံး)


စာရေးသူ ။ ။ ဇော်မင်းအောင်

* - * - * - * - * - *

တစ်ခါက ရွာတစ်ရွာ၌ ဘိုးဘကြည်နှင့် ဘွားလှသီဟူသည့် တောင်သူလယ်သမား ဇနီးမောင်နှံနှစ်ဦး ရှိပြီး၊ သူတို့ထံတွင် အသက်အရွယ် လွန်မှ ရသည့် မောင်လှမြိုင်ဟူသည့် သားတစ်ဦး ရှိလေသည်။ အသက်ကြီးမှ ရသည့် ကလေး ဖြစ်သည်နှင့်အညီ တစ်ဦးတည်းသော သားလည်း ဖြစ်သောကြောင့် မောင်လှမြိုင်မှာ မိဘများ၏ အလိုလိုက် အကြိုက်ဆောင်ခြင်းအား များစွာ ခံစားရသဖြင့် ကြာသော် လူ့ငဖျင်းကြီး ဖြစ်ကာ တစ်စတစ်စ အရွယ်ရောက်လာခဲ့ချေ၏။ လုပျိုပေါက်အရွယ် ရောက်သော်လည်း မည်သို့သော အလုပ်အကိုင်မျှ ခိုင်းစားမရသည့် အဆိုပါ မောင်လှမြိုင်၏ အပျင်းထူပုံ ထူနည်းမှာ လူတကာ ပြောစမှတ် ပြုရလောက်အောင်ပင် ထိုကျေးရွာ၌ နာမည်ကြီးလေသည်။ အကြောင်းမှာကား မောင်လှမြိုင်သည် အိမ်တွင်းက အိမ်ပြင်ဆီ ထွက်သည်ဟူ၍ မရှိဘဲ ကျောရိုးမရှိသည့် သတ္တဝါပမာ အမြဲလိုလို သူ့အခန်းတွင်သာ လှဲလျောင်းအိပ်စက် နားနေတတ်ပြီး၊ စားချိန် သောက်ချိန် အပေါ့အပါး သွားချိန်များ ရောက်မှသာလျှင် အခန်းအပြင်ဘက် ထွက်တတ်ခြင်းကြောင့်ပင်။

ဤကဲ့သို့ နေအထိ လေမထိ နေထိုင်လာရင်းက ငပျင်းလေးမှတဆင့် လူ့ငပျင်းကြီးအဖြစ် ကူးလူး ပြောင်းလဲလာစဉ် အခါတစ်ပါးတွင် မောင်လှမြိုင်၏ ဖခင် ဘိုးဘကြည်သည် တောင်ယာသမား ဖြစ်သည်နှင့်အမျှ လယ်ယာ ထွန်ယက် ပျိုးနှံရင်းဖြင့်ပင် ကြာသော် ဇရာက စကားပြောလာသောကြောင့် မနိုင်အလုပ်ဝန်ပိကာ (၉၆) ပါး ရောဂါဖြင့် ကွယ်လွန်အနိစ္စ ရောက်ရရှာလေသည်။ အိမ်ဦးနတ်ကြီး ဘိုးဘကြည် ကွယ်လွန် တိမ်းပါးပြီးနောက် ဘွားလှသီတစ်ယောက် ဆန်ကုန်မြေလေးသား မောင်လှမြိုင်နှင့်အတူ အမေတစ်ခု သားတစ်ခုအဖြစ် ကျန်ရစ်ခဲ့သောကြောင့် ဤတွင် စကာ အတိဒုက္ခ ရောက်ရချေတော့၏။ မိဘအစုံအညီ ရှိစဉ်ကတည်းက အပျင်းကြီးကာ ကူဖော်လောင်ဖက် မရခဲ့သော မောင်လှမြိုင်မှာ ယခုအခါ ပြောဆို ဆုံးမမည့်သူ ဖခင်တစ်ဦး လျော့ပါးသွားပြီ ဖြစ်သောကြောင့် နဂိုထက်ပိုမို အပျင်းကြီးလာပြီးနောက် အပျင်းတကာ့ထိပ်ခေါင်ဘွဲ့အား ဆွတ်ခူးခဲ့လေလျှင် ဘွားလှသီခမျာ ဘာမျှ မတတ်နိုင်ရှာတော့ဘဲ တမှိုင်မှိုင်တတွေတွေဖြင့် ယူကြုံးမရ အပူလုံးကြွ ဖြစ်ရင်း အိုစာမင်းစာ ကျန်ရှိသမျှအား ထုခွဲ ပေါင်နှံ ရောင်းချ စားသောက်ရပေသည်။

လက်ကြောမတင်း သားငပျင်းနှင့် ထိုသို့ ရှင်သန် နေထိုင်လာခဲ့ရသဖြင့် အချိန်ကာလ အတန်ကြာသောအခါ ဘွားလှသီခမျာ အိုမင်းမစွမ်းခဲ့ပြီ ဖြစ်ရှာသည်နှင့်အညီ ကြွေးပင်လယ်ပါ နစ်မွန်းခဲ့ပြီ ဖြစ်သောကြောင့် မြီစားမြီရှင်များထံ ရှိရှိသမျှ လယ်ယာ အကွင်းအကွက်များ ဝကွက်ထိုးအပ်ရတော့၏။ ထို့နောက်တွင်တော့ ဘွားလှသီသည် မိမိတို့ နောင်ရေး ရတက်မအေးရလျှင် သူ၏ ဆွေမျိုးရင်းချာ ပေါများရာ မွေးရပ်ဇာတိ ကျေးရွာဆီသို့ ပြောင်းရွှေ့ အခြေချရန် ကြံဖန်ရလေသည်။ ယင်းအတွက်ကြောင့် လက်ငုတ်ရင်းကျန် နေအိမ်ခြံအား ရသမျှစျေးဖြင့် ရောင်းချလိုက်ပြီးနောက် နွားလှည်းတစ်စီးကို ငှားလျက် ပစ္စည်းပစ္စယ အနည်းငယ် သယ်ကာ ရွာမှ ထွက်ခွာလာခဲ့ကြချေပြီတည်း။

မနက် ဝေလီဝေလင်းကတည်းက ထွက်ခွာလာခဲ့သော နွားလှည်းမှာ ပူပင်သောက ဗျာများလျက် ရှိသော ဘွားလှသီ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ပျော်နေသော မောင်လှမြိုင်နှင့် လေတစ်ချွန်ချွန်ဖြင့် တေးသီကျူးရင်း ထိန်းနှင်နေသော လှည်းမောင်းသမားတို့ကို တင်ဆောင်ကာ ရွာပေါင်းများစွာအား ဖြတ်သန်းလျက် ရှိလေသည်။ လှည်းကလေးမှာ ထိုသို့ ဖြတ်သန်းလာခဲ့ရင်းဖြင့် အချိန်နာရီများမှာ တစ်စတစ်စ ကုန်ဆုံးလာခဲ့ပြီး နေဝင်လုနီးအချိန်သို့ပင် ဆိုက်ရောက်လာခဲ့၏။ ထိုအခိုက် သူတို့၏ လှည်းသည် လွန်လေပြီးသော နှစ်ပေါင်းများစွာအခါက ကာလဝမ်းရောဂါဖြင့် ရွာလုံးကျွတ်နီးပါး သေကြေ ပျက်စီးဖူးသည်ဆိုသော ရွာကြီးတစ်ရွာအနား ရောက်ရှိလာခဲ့ကြလေသည်။ အဆိုပါ ကျေးရွာကြီး၌ ကူးစက်ရောဂါ ဘေးကပ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အခြောက်အလှန့် ကြမ်းလာသောကြောင့် ရှင်သန် ကြွင်းကျန်ရစ်သူ အနည်းငယ်မှာ ဆက်လက် မနေဝံ့ကြတော့ဘဲ အလျင်အမြန် ပြောင်းရွှေ့ကုန်ကြသဖြင့် ကာလအတန် ကြာလာသောအခါ ရွာပျက်ကြီးတစ်ရွာအဖြစ် ကျန်ရှိခဲ့ချေတော့၏။

"ဟဲ့ နွား... တယ်၊ ဒီညိုထွားက ဘာဖြစ်တာတုန်းကွာ။ ဟေ့ကောင်၊ သွားစမ်း..."

"ရွှမ်း... ရွှမ်း... ဖြန်း..."

"ဝမ်းဘဲ... ဝမ်းဘဲ... ဘွတ်အဲ..."

"တယ်... ပမာမခန့်နဲ့ပါလား၊ ဒီဘက်က ငနီနွားကပါ။ ကိုင်း... ရော့ကွာ၊ ရော့ ရော့..."

"ဖြန်း... ဖြန်း... ရွှမ်း..."

"ဘွတ်အဲ... ဘွတ်အဲ... ဝမ်းဘဲ..."

"ဟာကွာ... ဒီနွားနှစ်ကောင်ကတော့။ ဘယ့်နှယ့် ပေကပ်ရပ်နေကြသတုန်း..."

ရုတ်တရက် ဘာထဖြစ်သည် မသိ၊ မောင်းနှင်လာသော လှည်းယာဉ်မှာ ရွာပျက်ကြီးကို ဖြတ်ကျော်ခါနီးအချိန်တွင် မထင်မှတ်ဘဲ ရပ်တန့်သွားသည့်အတွက်ကြောင့် လှည်းသမားက နားမလည်နိုင် ဖြစ်ကာ သူ၏ နွားနှစ်ကောင်အား နှင်တံဖြင့် လွှဲရမ်း ရိုက်နှက်လျက် ကြိမ်းမောင်း မာန်မဲနေခြင်း ဖြစ်၏။ သို့သော် နွားများမှာ အနာသာ ခံပြီး နေရာတွင်ပင် ပေတေ ရစ်သီလျက် ရှိကြသည်။

လှည်းသမားသည် သူ၏ စိတ်ထဲ ပြန်တွေးကြည့်လိုက်လျှင် ယခုမနက် ခရီးမထွက်ခင်ကပင် ဤနွားနှစ်ကောင်အား အစာနှင့် ရေများ အဝအလင် တိုက်ကျွေးခဲ့ပြီး ဖြစ်သည့်အပြင် ယခု လှည်းပေါ် တင်ဆောင်လာသည့် ဝန်စည်စလယ်များမှာ သူအပါအဝင် ဘွားလှသီတို့ သားအမိနှင့် သူတို့၏ အဝတ်အထည်အထုပ်၊ လိုရမယ်ရ ထည့်ယူလာကြသည့် အိုးခွက်,ပန်းကန်အထုပ် စသည်ဖြင့်သာ ပါဝင်သောကြောင့် ဤမျှသာ တင်ရှိသော အလေးချိန်မျိုးအား မိမိ၏ အားကောင်းမောင်းသန် နွားပျိုကြီးများအနေဖြင့် မရုန်းကန်နိုင်စရာအကြောင်း မရှိပေ။ ထို့ကြောင့် နဝေတိမ်တောင် ဖြစ်သွားသူ လှည်းသမားလည်း နွားများကို ကြည့်ရှု စစ်ဆေးရန်အလို့ငှာ မြေပြင်ထက်သို့ နွားလှည်းပေါ်မှ ခုန်ဆင်းချသွားခဲ့၏။

လက်ကျန် နေခြည်များပင် ကုန်ခမ်းစပြုလာပြီ ဖြစ်သဖြင့် များမကြာမီတွင် မှောင်ရီပျိုးလာတော့မည့် လက္ခဏာ အထင်အရှား ပြသလာနေသည်။ လေပြင်းအချို့သည်လည်း မဆီမဆိုင် တိုက်ခတ်လာပြန်သေးလျှင် ပတ်ဝန်းကျင် အနှံ့အပြားက သစ်ပန်ပန်းမန်နှင့် ချုံနွယ်ပိတ်ပေါင်းများစွာတို့သည် မလှုပ်မယှက် ငြိမ်သက်နေခဲ့ကြရာက ယိမ်းထိုး လူးလွန့်လာကြ၏။ အဘယ်အကြောင်းကြောင့်မှန်း အတပ်မသိ၊ ယင်းအခြင်းအရာကို ကြည့်ကာ ဘွားလှသီခမျာ စိတ်အတွင်း မသိုးမသန့် ရှိစဉ်သကာလတွင် မောင်လှမြိုင်မှာတော့ သူ့မူအတိုင်း အိပ်မောကျလျက် ရှိနေချေသည်။ ထိုအချိန်...

"အား... သေပါပြီဗျ..." ဟူသည့် ငယ်သံပါပါ အော်ဟစ်သံကြီးကား နွားများအား ကြည့်ရှု စစ်ဆေးနေသူ လှည်းသမားထံမှ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

ထွက်ပေါ်လာသည့် ယင်းအော်သံကြီးကြောင့် ဘွားလှသီတစ်ယောက် ဖြတ်ခနဲ လှမ်းကြည့်လိုက်စဉ် မြေပြင်ထက်သို့ ပစ်လဲကျသွားသော လှည်းသမားကို တွေ့မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုနေရာမှ အလွန်တရာ ကြီးမားလှသည့် မြွေဟောက်ကြီးတစ်ကောင် လမ်းဘေး မြက်ဖုတ်များဆီသို့ တိုးဝင် ပျောက်ကွယ်သွားသည်အားလည်း ထိတ်လန့်ဖွယ်ရာ တွေ့မြင်လိုက်ရပါတော့သည်။

"အမယ်လေးတော်... လှည်းသမား ပိုးထိသွားပြီ။ ဟဲ့... သား၊ ထစမ်း ထစမ်း မြန်မြန်..."

တစ်သက်နှင့်တစ်ကိုယ် ထိုသို့ ဖြစ်ရပ်မျိုး ကြုံကြိုက်ဖူးခြင်း အလျဉ်းမရှိခဲ့သူ ဘွားလှသီခမျာ တုန်လှုပ် ကြောက်ရွံ့စွာဖြင့် အလန့်တကြား အော်ဟစ်လိုက်ရင်း သားဖြစ်သူကို နှိုးယူလိုက်ခြင်း ဖြစ်၏။

"ဟာဗျာ... အမေတို့ကလည်း၊ ကောင်းကောင်း မအိပ်ရဘူး။ နားကို ညည်းနေတာပဲ..."

ဆူညံပွက်လောရိုက်စွာ လှုပ်ခတ် နှိုးယူလိုက်မှုကြောင့် မောင်လှမြိုင်တစ်ယောက် အိပ်ချင်မူးတူးဖြင့် ညည်းညူ ဆောင့်အောင့် ထလာရင်း မိခင်ဖြစ်သူ ညွှန်ပြသည့်အတိုင်း အောက်ဆင်းကြည့်လိုက်လျှင် ပါးစပ်တွင် အမြှုပ်တစီစီ ထွက်လျက် ခန္ဓာကိုယ်အနှံ့ ပြာနှမ်းကာ အသားတဆတ်ဆတ် တုန်ခါနေသူ လှည်းသမားအား တွေ့ရှိလိုက်ရလေသည်။

ဤတွင် ကလေးဘဝမှ စ၍ ယခုအသက်အရွယ်အထိ ပျင်းရိခြင်းဖြင့်သာ အချိန်နှစ်ပါးသွားရင်း ကြီးပြင်းလာခဲ့သူ မောင်လှမြိုင်အဖို့ အရေးပေါ် ရှေးဦးသူနာပြုနည်းများကို တတ်ကျွမ်း နားလည်ခြင်း အလျဉ်းမရှိလျှင် ယခုအခါ အခက်တွေ့ရချေပြီ။

ယင်းကြောင့် သေသည်၊ ရှင်သည် မပြောနိုင်သည့် လှည်းသမားကို ကြည့်ကာ သားအမိနှစ်ဦးမှာ ဝေခွဲမရစွာ ရှိနေကြစဉ်တွင် လှည်းလမ်း၏ အရှေ့စူးစူးဆီမှ မိမိတို့ဆီ လှုပ်တုပ်လှုပ်တဲ့ ဦးတည်လာနေသော ခပ်ဝေးဝေးက လူရိပ်တစ်ခုအား တွေ့ရှိလိုက်ကြရ၏။ တစ်ဖြည်းဖြည်းချင်း နီးကပ်လာနေသော အဆိုပါလူရိပ်မှာ ခေါင်းတုံးပြောင်ပြောင်နှင့် သင်္ကန်းစည်းခြုံထားသည့် ဘုန်းကြီးတစ်ပါးအဖြစ် စက္ကန့်ပိုင်းအတွင်း ပီပြင်လာခဲ့သည်။

များမကြာမီတွင် မိမိတို့အနား ရောက်ရှိလာခဲ့ပြီ ဖြစ်သော ၎င်းဘုန်းကြီးမှာ စိုပြေဝင်းဝါ အသားအရေ၊ တုတ်ခိုင်ကြီးထွား ခန္ဓာအချိုးအစား၊ မြင့်မားသော အရပ်အမောင်းများ ရှိ၏။ ဘွားလှသီတို့ သားအမိက မြေပြင်အထက် ငြိမ်သက်ပက်လက် ရှိသော လှည်းသမားအား ငုံ့ကြည့်နေသူ အဆိုပါဘုန်းကြီးကို ဖြစ်ပျက်ခဲ့သမျှ အလုံးစုံ ရှင်းပြလိုက်လျှင် ခေါင်းတညိမ့်ညိမ့် နားထောင်ပြီးနောက် ဘုန်းကြီးက လှည်းသမား၏ ညာဘက်ရင်အုံသို့ ခေါင်းကပ်ကာ နှလုံးခုန်သံ နားစွင့်ကြည့်သည်။ ပြီးလျှင် ဘုန်းကြီးမှာ ချက်ချင်း ခေါင်းတခါခါ ပြုလုပ်၍ လှည်းသမား အသက်မရှိတော့ကြောင်း ဆိုလာခဲ့သဖြင့် ဘွားလှသီတို့ သားအမိနှစ်ယောက် ခြေမကိုင်,လက်မကိုင်မိ ဖြစ်သွားကြတော့၏။

"အိမ်း... ဒကာမကြီးတို့ အဖြစ်က တယ်လည်း ခက်သကိုး။ ဒီတစ်ဝိုက်မှာ ဒီရွာပျက်တစ်ရွာက လွဲလို့ အခြားရွာလည်း မရှိတော့ကာ ဒီအလောင်းနဲ့ ညကြီးမင်းကြီး ခရီးဆက်ကြဖို့ မသင့်တော်၊ ဒီမှာတင် ဖြတ်သွားဖြတ်လာတွေကို စောင့်ပြီး အကူအညီ ရယူဖို့ကျပြန်လည်း လူတွေ မသတီလို့ ရှောင်ကွင်းသွားလေ့ ရှိတဲ့ ရွာပျက်ကြီးလမ်းက ဖြစ်နေပြန်တော့..."

လှည်းသမားအလောင်းကို မမှိတ်မသုန် စိုက်ကြည့်လိုက်ရင်း တွေးတွေးဆဆ ဘုန်းကြီးက ပြောသည်။

"အို... မဖြစ်သေးပါဘူးလေ၊ ဟိုးရှေ့က တောအုပ်ကလေးထဲ ရှိတဲ့ ဘုန်းဘုန်းရဲ့ တောရကျောင်းသင်္ခမ်းကလေးမှာ တစ်ည လိုက်တည်းကြချေ။ ကွယ်လွန်သူ လှည်းသမားအတွက် သက်ပျောက်ပရိတ် သရဇ္စျယ်ပေးဖို့ကလည်း လိုအပ်သေးရဲ့ မဟုတ်လား။ သြော်... ပြောနေ ကြာပါတယ်။ ဟေ့ ဒကာ... တစ်ချိန်လုံး ဘာရပ်ကြည့်နေတာတုန်း။ အလောင်းကို လှည်းပေါ် လာကူတင်လှည့်ပါတော့လား..."

ပြောရင်းဆိုကာ ရုတ်တရက်မှာ လှည်းသမားအလောင်းကို ကောက်ကာငင်ကာ ဆွဲပင့်လိုက်ရင်း နံဘေးနားရှိ မအူမလည် ရပ်ကြည့်နေသူ မောင်လှမြိုင်အား ဘုန်းကြီးက လှမ်းခေါ်၏။

ထိုအခါမှ မောင်လှမြိုင်လည်း လူသေအလောင်းအား မြေပြင်မှတစ်ဆင့် လှည်းပေါ်သို့ ဘုန်းကြီးနှင့်အတူတကွ ပွေ့ချီ တင်ယူလေသည်။ ထိုသို့ တင်ယူရာတွင် အလောင်းမှာ လေးပင်မှု ရှိမနေဘဲ ပေါ့ရွှတ်လျက် ရှိလျှင် မောင်လှမြိုင်က "ဘုန်းကြီးသန်တော့ ငါသက်သာတာပေါ့" ဟု ငပျင်းတို့၏ ထုံးစံအတိုင်း ဖြည့်တွေးလိုက်၏။

ရုပ်အလောင်းကို တင်ဆောင်ပြီးသောအခါတွင် မောင်လှမြိုင်နှင့် ဘုန်းကြီးတို့လည်း ရှေ့ဆင့်,နောက်ဆင့် လှည်းပေါ် တက်ကြသည်။ ဤတွင် မောင်လှမြိုင် အလျင်တက်ပြီးနောက် ဘုန်းကြီး လိုက်တက်သောအခါတွင် လှည်းယာဉ်မှာ လွန်စွာ ညွတ်ကျသွားသည့်အတွက်ကြောင့် ဘွားလှသီစိတ်တွင် တစ်မျိုး ဖြစ်မိ၏။ သို့သော် ရှိရင်းစွဲ လူသုံးယောက်အပြင် ဘုန်းကြီးတစ်ပါးပါ ထပ်တိုးလာသော အလေးချိန်ကြောင့် ထိုနှယ် ဖြစ်ရခြင်းသာဟု မိမိကိုယ်ကိုယ် ဆင်ခြေပေးလျက် မသိကျိုးကျွံ ပြုလိုက်လေသည်။

လှည်းပေါ်သို့ ရောက်လတ်ကြပြီးနောက် ဘုန်းကြီးက မောင်လှမြိုင်အား သူ၏ လမ်းညွှန်မှုဖြင့် လှည်းမောင်းဖို့ရန် စေခိုင်းလျှင် ငပျင်း မောင်လှမြိုင်မှာ လှည်းမမောင်းတတ်ဟု ဆိုသဖြင့် ဘုန်းကြီးကိုယ်တိုင် မောင်းနှင်ရတော့၏။

နွားလှည်းသည် ရွာပျက်ကြီးကို ကျော်လွန်လာခဲ့ပြီးနောက် လှည်းဘီးစွပ်ကြောင်းများ ထင်းလျက် ရှိသော လမ်းမထက်မှ သွေဖည်ကာ မြက်ရိုင်း ချုံနွယ်ပင်များဖြင့် ပြည့်နှက်နေသည့် တောတန်း လမ်းဟောင်းတစ်ခုသို့ ဘုန်းကြီးက ရုတ်တရက် ချိုးကွေ့ချလိုက်သည်။ ထိုအခါ ဘွားလှသီမှာ နားမလည်နိုင် ဖြစ်သွား၍...

"ဘယ်သွားမလို့တုန်း ဘုန်းဘုန်းဘုရား။ ဒီနေရာက လမ်းရယ်တောင်မှ ဟုတ်ပါလေစ..." ဟု စူးစမ်း မေးမြန်းကြည့်၏။

ဘုန်းကြီးကလည်း လှည်းမောင်းနေရင်းမှ...

"လူသူလေးပါး အရောက်အပေါက် နည်းတဲ့ နေရာတွေ ရှာပြီး တစ်ကိုယ်ရေတစ်ကာယ တရားအားထုတ်တတ်ကြတဲ့ ရဟန်း သံဃာ ဘုန်းကြီး ရသေ့တွေ ရှိတာ မကြားဖူးဘူးလား ဒကာမကြီး။ ကျုပ်လည်း အဲဒီနှယ်ပဲ နားအေးပါးအေးနဲ့ တစ်ပါးတည်း သီတင်းသုံးရအောင်လို့ အခုလို ရွာပျက်ကြီးရဲ့ အနီးအနားက တောအုပ်ထဲ ကျောင်းသင်္ခန်းတဲတစ်ဆောင် ကိုယ်တိုင်ဆောက်လုပ်ထားတာပေါ့။ အခု သွားတဲ့ လမ်းဟာ အဲဒီဆီကို ဦးတည်တယ် ဒကာမကြီး။ အိမ်း... မရှင်းတာများ ရှိသလား..." ဟု ပြန်လည် ခွန်းတုံ့ပြန်သည်။

"မရှိပါဘုရား..."

ဘုန်းကြီး၏ ဖြေရှင်းချက်မှာ အကျိုးအကြောင်း သင့်သဖြင့် ဘွားလှသီတစ်ယောက် မည်သည့်စကားမျှ မဆိုတော့ဘဲ ထိုင်လျက် အိပ်ငိုက်နေသူ မောင်လှမြိုင်နှင့် လှည်းသမားအလောင်းတို့ကို ကြည့်ကာ သက်ပြင်းတသွင်သွင် ချမိချေ၏။

ညနေမှသည် ညဦးယံဆီ ကူးပြောင်းကာစ ပြုလာချေပြီ။ ဝေဟင်တစ်ခွင်နှင့် ဝန်းကျင်အနှံ့တွင် အမှောင်ထုကား မင်းမူ ကြီးစိုးလာတော့မည်။ တောဟောင်းလမ်းတစ်လျှောက် ထွက်ပေါ်နေသော နွားခလောက်ခြူသံ၊ လှည်းဘီးလှိမ့်သံ၊ နှင်တံဝှေ့ရိုက်သံများမှအပ အရာအားလုံးကား ပကတိ တိတ်ဆိတ် ငြိမ်သက်လျက်သား ရှိနေကြသည်။

ဘုန်းကြီးသည် တောအုပ်အတွင်း ဝင်ရောက်သွားသော လမ်းကြောင်းတစ်ခုသို့ လှည်းကို ထပ်မံ ချိုးကွေ့ချလိုက်ပြန်၏။ ယင်းလမ်းကြောင်းအတိုင်း အတန်ငယ်မျှ ဆက်လက် ဦးတည်မောင်းနှင်လာပြီးနောက် တစ်နေရာအရောက်တွင် ဘုန်းကြီးက လှည်းကို တုံ့ခနဲ ရပ်တန့်စေသည်။

ကောင်းကင်ပြင်၏ မပီပြင်ဝိုးတဝါး လက်ကျန်အလင်းရောင်များအောက်ဝယ် ဘွားလှသီက သူ၏ မျက်လုံးများဖြင့် ဘေးအနီးတစ်ဝိုက် ဝေ့ဝဲ ကြည့်ရှု အကဲခတ်လိုက်၏။ ထိုအခါ ဝါးထရံနှင့် ဓနိသက်ကယ် သစ်အနည်းငယ်တို့ဖြင့် ပေါင်းစပ်၍ ဆောက်လုပ်ထားသော တဲပုတ်ငယ်တစ်လုံးအား ညောင်အိုတစ်ပင်အောက်၌ တွေ့ရှိရလေသည်။ 

ဤတွင် ဘုန်းကြီး လှည်းပေါ်မှ လွှားခနဲ ခုန်ဆင်းသွားသဖြင့် ဘွားလှသီတစ်ယောက် အံ့အားသင့်သွားခဲ့၏။ တုပ်ခိုင်လွန်းသော ခန္ဓာကိုယ်ကြီးမှ အားမနာ ကြောင်တစ်ကောင်ပမာ ထိုအပြုအမှုကြောင့် ဘွားလှသီက သားဖြစ်သူအား အသိပေးရန် လက်တို့ လှုပ်နှိုးလိုက်သော်လည်း သကောင့်သား ငပျင်းကား ၎င်း၏ မူအတိုင်းသာ ငိုက်မြည်းလျက်သား ရှိနေသည်။

"ကိုင်း... ဒကာလေးရေ။ အလောင်းကို ဟိုပေါ် ရွှေ့လိုက်ကြရအောင်..."

အောက်ရောက်သွားသော ဘုန်းကြီးက သူ၏ တဲပုတ်ရှေ့ရှိ ကွပ်ပျစ်ဆီသို့ လက်ညိုး ထိုးညွှန်ပြရင်း နောက်လှည့်ကြည့်၍ ပြော၏။ သို့သော် အိပ်ငိုက်လျက်သား ရှိသူ မောင်လှမြိုင် အဖြစ်အား တွေ့ရှိရခြင်းကြောင့် ဘုန်းကြီးက တစ်ချက် ပြုံးလိုက်သည်။ ထို့နောက် သားဖြစ်သူကို မျက်စိမျက်နှာ မကောင်းစွာ အချဉ်းနှီး နှိုးနေရှာသော ဘွားလှသီကို ကြည့်ပြီး ဘုန်းကြီးက...

"နေပါစေ... ဒကာမကြီး။ ကျုပ်ဟာကျုပ်ပဲ ရွှေ့လိုက်ပါ့မယ်..." ဟု ပြောဆိုကာ လှည်းပေါ်မှ အလောင်းကောင်ကို သူ၏ လက်တစ်ဖက်တည်းဖြင့် ဆွေ့ခနဲ လှမ်းချီ ပွေ့ယူလိုက်ချေ၏။

မယုံကြည်နိုင်ဖွယ်ရာ ဘုန်းကြီး အပြုအမှုအား ထပ်မံ မြင်တွေ့လိုက်ရခြင်းကြောင့် ဘွားလှသီ၏ မျက်နှာ သွေးဆုတ်သည့်နှယ် ဖြူလျော့သွားသည်။ သို့နှင့် အိတ်တစ်အိတ်အတွင်းမှ ဖယောင်းတိုင်နှင့် ယမ်းမီးခြစ် ထုတ်ယူကာ မီးအမြန်ထွန်းညှိလိုက်ပြီး အကဲခတ်ရလေ၏။

ဖယောင်းတိုင်မီးရောင်အောက်တွင် ဘုန်းကြီးက လှည်းသမားအလောင်းအား စာခြောက်ရုပ်တစ်ရုပ်နှယ် ကွပ်ပျစ်ထက်သို့ လှမ်းပစ်တင်လိုက်သည်။ ပြီးလျှင် ကွပ်ပျစ်ပေါ်သို့ လှစ်ခနဲ ခုန်တက်လိုက်သောအခါ အလောင်း ခေါင်းရင်းဆီ တမဟုတ်ချင်း ထိုင်လျက်အနေအထား ရောက်သွားခဲ့သည်နှင့် တစ်ပြိုင်နက် သက်ပျောက်ပရိတ်ကို စရွတ်တော့၏။

ကျယ်လောင်စွာ ထွက်ပေါ်လာသော သက်ပျောက်ပရိတ်ရွတ်သံ သြသြကြီးကြောင့် မောင်လှမြိုင်တစ်ယောက် နိုးထလာခဲ့၍ ဟိုဟိုသည်သည် ကြည့်ရှုပြီးနောက်...

"ဝါး... ဘုန်းဘုန်းရဲ့ တဲဆီတောင် ရောက်လို့ပါလား အမေရ။ ဟန်ကျတာပဲဗျို့။ ကျုပ်လည်း ကျောဆန့် အိပ်ချင်နေတာနဲ့ အတော်ပဲ။ ကဲ... ဘုန်းဘုန်း ပရိတ်ရွတ်တာ အမေ သွားတရားနာပေး။ ကျုပ်တော့ ဘုန်းဘုန်းတဲထဲ ဝင်အိပ်နှင့်တော့မယ်..." ဟု တစ်ချက်သန်းဝေ ပြောဆိုရင်း ချက်ချင်း အောင်ဆင်းသွားလျှင် ဘွားလှသီမှာ သားငပျင်းကို မူပျက်လာသော ဘုန်းကြီးကိစ္စ သတိမပေးလိုက်နိုင်ရှာချေ။

တဲသင်္ခမ်းအတွင်း အဆင်အခြင်မရှိ ဝင်ရောက်သွားသော သားဖြစ်သူကို ကြည့်ကာ ဘွားလှသီမှာ သက်ပြင်းတစ်ချက် ချလိုက်ပြီး လှည်းပေါ်မှ ဆင်းလာခဲ့ရသည်။ ထို့နောက် ဘွားလှသီသည် ပုံမှန်မဟုတ်သော ဘုန်းကြီး၏ သက်ပျောက်ပရိတ်ရွတ်သံ သြသြကြီးကို မဝံ့မရဲ နာယူရင်းဖြင့် တဲအပြင်တွင်သာ အခြေအနေ စောင့်ကြည့်ဖို့ရန် စိတ်ပိုင်းဖြတ်လိုက်ပြီး လက်စုံမိုး၍ တင်ပျဉ်ခွေကာ ကွပ်ပျစ်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

ညမိုးချုပ်ပြီ ဖြစ်သဖြင့် ကွပ်ပျစ်ပေါ်တွင် တင်ထွန်းထားသော ဘွားလှသီ၏ ဖယောင်းတိုင် မီးအလင်းရောင်သည်သာ တဲသင်္ခမ်းရှေ့ ကွက်တိကွက်ကြား ထွန်းတောက်လျက် ရှိ၏။ အလောင်းကောင် ခေါင်းရင်း ခြေရင်း အသီးသီးရှိ ဘုန်းကြီး၊ ဘွားလှသီတို့သည် သက်ပျောက်ပရိတ်ရွတ်ခြင်းအမှုအား ရှေ့,နောက် တိုင်ကာ သရဇ္စျယ်လျက် ရှိကြသည်။

ဤသို့ဖြင့် အတန်ကြာလတ်သော် ဘုန်းကြီးသည် ဘယ်နှစ်ခေါက် မြောက်ပြီမှန်း မသိသော သူ၏ အကြိမ်ကြိမ်အလီလီ သက်ပျောက်ပရိတ်ရွတ်သံအား တုံ့ခနဲ ရပ်စဲပစ်လိုက်၏။

"အဟမ်း... သက်ပျောက်ပရိတ်တရား ရွတ်ပွားလို့ ပြီးချေပြီ ဒကာမကြီး။ ကိုင်း... တဲသင်္ခန်းအတွင်း သားဖြစ်သူနဲ့အတူတူ သွားအိပ်ပေတော့၊ ဟုတ်ပလား..."

"တင်ပါ့ဘုရား... ဒီလိုဆိုရင် ဘုန်းဘုန်းကျတော့ ဘယ်နေရာ ကျိန်းစက်မှာတုန်း..."

"ဘုန်းဘုန်းကတော့ ဟောဒီ ဝါးကွပ်ပျစ်အထက်မှာပဲ ညလုံးပေါက် တရားအားထုတ်ရမကွဲ့ ဒကာမကြီးရဲ့..."

"အလို... တစ်ညစလုံး မကျိန်းစက်တော့ဘူးလားဘုရား..."

"မှန်တယ် ဒကာမကြီး။ ဆိုရရင်... ဒီအလောင်းကောင်ကို အကြောင်းပြုပြီး တရားရှုစရာ ရှိပေသေးသကိုး..."

"တင်ပါ့... အဲဒါဆို တပည့်တော်မကို ခွင့်ပြုပါဦးဘုရား..."

အမေးအဖြေကဏ္ဍ ပြီးဆုံးသွားကြသောအခါ ဘွားလှသီခမျာ စိတ်အတွင်း ဘဝင်မလှ မတင်မကျများစွာ ရှိပါသော်လည်း မိမိဘာသာ သံသယလွန်ကဲခြင်းသာ ဖြစ်ရမည်ဟု ဖြည့်တင်း တွေးတောလိုက်ပြီး ဘုန်းကြီးအား ဦးချ ကန်တော့ပြီးနောက် တဲသင်္ခမ်းအတွင်း အိပ်စက်ရန် ဝင်ရောက်ခဲ့လေတော့သည်။

တဲထဲ ရောက်သောအခါ ခြေပစ်လက်ပစ် အိပ်စက်လျက် ရှိသည့် သားဖြစ်သူနံဘေးတွင် လှဲလျောင်းလိုက်ပြီး နဖူးပေါ် လက်တင်၍ ကံဆိုးမိုးမှောင်ကျခဲ့ရှာသူ မိမိတို့ လှည်းသမားအကြောင်း၊ တွေးရင်းတောကာ ပူပင်သောက ရောက်နေမိ၏။ ထို့အပြင် လူ့လောကတွင် မိမိမရှိတော့ပါက ရေရှည် မည်သို့ စခန်းသွားမည် မသိသော သားငပျင်း၏ အကြောင်းကလည်း ရတက်အေးနိုင်စရာ မရှိသဖြင့် ဘွားလှသီခမျာ မအိပ်ပျော်နိုင် ဖြစ်နေရသည်။ သို့သော် တစ်နေ့တာလုံး စိတ်ရော လူပါ ပင်ပန်း နွမ်းနယ်ထားသဖြင့် ကွမ်းတစ်ရာညှပ်ခန့် ကြာသော် ဘွားလှသီလည်း တဖြည်းဖြည်းချင်း အိပ်ပျော်သွားချေတော့၏။

"... ... ..."

"... ... ..."

"... ... ..."

တဲအပြင်ဘက်က လာသော အသံတချို့ကြောင့် ဘွားလှသီမှာ နိုးထလာခဲ့သည်။ မည်မျှ ကြာအောင် အိပ်ပျော်သွားသည် သူ မသိသော်လည်း တဲအပြင်ပိုင်းတွင် လရောင်စမ်းနေကြောင်း ကျိုးတိုးကျဲတဲ ထရံပေါက်များကတစ်ဆင့် တွေ့မြင်ရ၏။

"... ... ..."

"... ... ..."

"... ... ..."

သို့နှင့် မသည်းမကွဲ ထွက်ပေါ်လျက် ရှိသည့် အမျိုးအမည်မသိ အသံအား စိတ်က သိလိုဇောဖြင့် ထရံပေါက်တစ်ခုမှတစ်ဆင့် ချောင်းမြောင်း ကြည့်ရှုလိုက်သော အခါတွင် ဘွားလှသီ၏ မျက်လုံးအစုံ ပြူးကျယ် ဝိုင်းစက်သွားတော့သည်။

အကြောင်းမှာ ကြားနေရသံများ၏ ရင်းမြစ်ကား တဲရှေ့တွင် ရှိသော ကွပ်ပျစ်မှ လာခြင်း ဖြစ်ပြီး၊ ၎င်းကွပ်ပျစ်သည်လည်း ကျိုးကြေ ပျက်စီးနေကာ ထိုအပေါ်၌ တလှုပ်လှုပ်ဖြင့် ကုန်းကုန်းကွကွ ထိုင်နေသော အကောင်ကြီးတစ်ကောင်ကို တွေ့မြင်လိုက်ရခြင်းကြောင့်ပင်။ တကုပ်ကုပ်ဖြင့် အလုပ်ရှုပ်လျက် ရှိသော အဆိုပါ သတ္တဝါကြီးသည် အမွှေးအမျှင် ကင်းစင်၍ ပြောင်ချောမွတ်သော အရေပြား ရှိပြီး၊ ပြန့်ကား တွဲကျနေသည့် နားရွက်ရှည်ကြီးများနှင့်တကွရေမြင်းနှစ်ကောင်စာမျှ ဧရာမခန္ဓာကိုယ်မျိုးအား ပိုင်ဆိုင်ထားလျှင် အစပိုင်းတွင် ဘွားလှသီက "ဆင်ငယ် တစ်ကောင်ပေလော" ဟုပင် မှတ်ထင်မိလေ၏။

သို့သော် တိမ်ဆိုင်ကွယ်များအောက်မှ အပြည့်အဝ ထွက်ပေါ် ထွန်းတောက်လာသော လစန္ဒာရောင်အောက်ဝယ် တဲရှေ့ အနီးတစ်ဝိုက်မှာ ပြတ်သား ထင်းဟင်းသွားစဉ်သကာလတွင် အနှီသတ္တဝါကြီးမှာ သွေးသံရဲရဲ တစ်စုံတစ်ရာကို လက်များဖြင့် ဆုပ်ကိုင်လျက် ပလုပ်ပလောင်းဖြင့် ကိုက်ဖြတ် စားသုံးရင်း ခေါင်းမော့လာသောအခါ ဆင်တစ်ကောင် မဟုတ်ဘဲ မြန်မာ့ရိုးရာ ရာဇဝင်များ၌ ကြားဖူးနားဝရှိဖူးသည့် သဘက်သရဲကြီး ဖြစ်ကြောင်း သိလိုက်ရတော့သည်။ အဘယ်ကြောင့်ဆိုသော် သဘက်သရဲများဟူသည်ကား ဆင်တစ်ကောင်ပမာ နားရွက်ကြီးများ၊ တုပ်ခိုင် ကြီးမားသော ခန္ဓာအချိုးအစားများအား ပိုင်ဆိုင်ထားတတ်ကြသည် မဟုတ်လော။ 

အာသာငမ်းငမ်း စားသောက်လျက် ရှိသော သဘက်ကြီး၏ လက်အတွင်းမှ အရာကား လူတစ်ယောက်၏ ခန္ဓာကိုယ် ဖြစ်ကြောင်း ကပ်ငြိလျက် ရှိသော အဝတ်အထည်စများကြောင့် တစ်ခဏချင်းတွင်း တွေ့မြင်လိုက်ရလျှင် အကြောက်လွန်နေခဲ့ပြီး ဖြစ်သည့် ဘွားလှသီလည်း မအော်မိအောင် ပါးစပ်ပေါ် လက်အုပ်လိုက်ရသည်။

သဘက်ကြီး စားနေသည်မှာ လှည်းသမားအလောင်းပင် ဖြစ်တော့၏။ သို့နှင့် ကွပ်ပျစ်ရှေ့ မလှမ်းမကမ်းရှိ နွားလှည်းအား သတိရ၍ တစ်ဆက်တည်း ပြောင်းကြည့်လိုက်သော် မိမိတို့ နွားနှစ်ကောင်ကား အရိုးတခြား အသားတခြား ဖြစ်လျက် ရှိနေကြချေပြီ။

"ဘုရားရေ... သဘက်ကြီးပါလားတော်။ လှည်းသမားအလောင်းနဲ့ နွားနှစ်ကောင်တော့ ကိစ္စချောရှာပါကော။ ဘုန်းကြီးကရော ဘယ်ပျောက်သွားတာတုန်း။ သဘက်ကြီး အစားများ ခံလိုက်ပြီလား..."

ကွပ်ပျစ်ထက်တွင် အလောင်းရှုကာ တရားမှတ်ရန် ကျန်ရစ်ခဲ့သော ဤတဲသင်္ခမ်းကျောင်းပိုင်ရှင် ဘုန်းကြီးအား အရိပ်အယောင်မျှ မတွေ့ရှိရသဖြင့် ဘွားလှသီ စိတ်အတွင်း ရေရွတ်လိုက်မိ၏။

ထိုအခါ လှည်းသမားအလောင်းကို ကိုက်ဖြတ်နေသော သဘက်ကြီးသည် တစ်စုံတစ်ရာအား သတိပြုမိသွားဟန်ဖြင့် တဲပုတ်တည့်တည့် ဆတ်ခနဲ လှည့်ကြည့်လာသောကြောင့် ရင်တထိတ်ထိတ်ဖြင့် ချောင်းမြောင်းနေမိသူ ဘွားလှသီခမျာ ထရံမှ ခွာကာ အိပ်ရာထက်တွင် လှဲလျောင်းလိုက်လေသည်။

"ဒကာမကြီး... မအိပ်သေးဘူးလား..."

ထင်မှတ်မထားဘဲ ရုတ်တရက် ထွက်ပေါ်လာသော ဘုန်းကြီးအသံကြောင့် ဘွားလှသီ ဝမ်းသာအားရ ဖြစ်သွားမိသော်လည်း တဒင်္ဂအတွင်းမှာတင် ယခုဖြစ်အင်းကြောင်းရင်းဟူသမျှကား ယုတ္တိမတန်သည်ဖြစ်ကြောင်း ဆင်ခြင်မိသောအခါ ဘုန်းကြီးအမေးအား ပြန်မထူးသေးဘဲ ငြိမ်နေလိုက်၏။ ဘုန်းကြီးအသံ ဤကဲ့သို့ ထွက်ပေါ်လာပါမူ သဘက်ကြီးသည် ဘယ်ပျောက်သွားသနည်း။ 

"မေးနေတယ်လေ၊ ဟေ့ ဒကာမကြီး... မကြားဘူးလား..."

ထပ်မံ ထွက်ပေါ်လာသော ဘုန်းကြီးအသံက ဤတစ်ကြိမ်တွင် ပြောင်းလဲ ခက်ထန်နေလျှင် ဘွားလှသီက ကြောက်လန့်တကြားဖြင့်...

"တ တင်ပါ့ဘုရား။ တ တပည့်တော်မ အခုပဲ တစ်ရေးနိုးတာပါ။ အ အိပ်ရေးမဝသေးလို့ ပြန်အိပ်ပါဦးမယ်။ ခ ခွင့်ပြုပါဦးဘုရား..." ဟု ပြန်ထူးလိုက်၏။

"သြော်... ဒီလိုဆိုတော့လည်း ပြန်အိပ်တော့ချေ ဒကာမကြီး။ ပြန်အိပ်၊ ပြန်အိပ်..."

"တင်ပါ့..."

စိတ်တည်ငြိမ်အောင် ထားကာ အပြင်မှ ဘုန်းကြီးစကားကို ပြန်လည် ဖြေဆိုလိုက်ပြီးနောက် ဘွားလှသီသည် ထရံပေါက်သို့ ပြန်လည်တိုးကပ် ချောင်းကြည့်လေသည်။ ဤတွင် အပြင်၌ လှည်းသမားအလောင်းအား အားပါးတရ ကိုက်ဖြတ်နေသော သဘက်ကြီးအား ယခင်နည်းတူ ထပ်မံတွေ့ရှိရ၏။

ဤသို့ဆိုလျှင် ဘုန်းကြီးသည်သာ ဧကန်သဘက်ကြီး ဖြစ်ရချေမည်။ အယူတိမ်းသည့် ဘုန်းတော်ကြီးများ ပျံလွန်မူသော် မကျွတ်မလွတ်ဘဲ သဘက်သရဲကြီးများ ဖြစ်ရတတ်သည်ဟူသော ကြားဖူးနားဝ ရှိသည်များက ဘွားလှသီ အတွေးများထဲ အလုအယှက် ပြေးဝင်လာခဲ့ကြသည်။ ဆိုရလျှင် ညနေတုန်းက တွေ့မြင် ဖြတ်သန်းခဲ့ရသော ရွာပျက်ကြီး၌ ရွာလုံးကျွတ်နီးပါး သေကြေ ပျက်စီးခဲ့ကြရသည့် အချိန်တွင် ရွာအပြင် တောအုပ်အတွင်းရှိ ဤတဲသင်္ခမ်းကျောင်းရှိ ဘုန်းကြီးသည်လည်း ကာလဝမ်းရောဂါ ကူးစက်ခံရခြင်းဖြင့် လူမသိ,သူမသိ ပျံလွန်သွားရင်း အလျဉ်းမသင့်ခဲ့သောအခါတွင် သဘက်သရဲ ဘဝသို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။

ဘွားလှသီသည် အဆက်မပြတ် တုန်ခါလျက် ရှိသော လက်များဖြင့် သားဖြစ်သူ မောင်လှမြိုင်အား ဆွဲလှုပ်နှိုးရင်း လေသံတိုးတိုး သုံးကာ...

"သားရေ... သား၊ သား။ သား အမြန်ထမှ ဖြစ်မယ်။ ဟိုဘုန်းကြီးဟာ လူမဟုတ်ဘူး သားရေ။ သဘက်ကြီးကွယ့် သဘက်ကြီး။ အမေတို့ ဒုက္ခလှလှတွေ့ပြီ လူကလေး..." ဟု ဆိုလိုက်၏။

သို့သော် သားငပျင်းကား တုပ်တုပ်မျှပင် မလှုပ်ဘဲ ခလူးခလော ဟောက်သံများပင် သူ၏ ပါးစပ်ပေါက်မှ ထွက်ပေါ်လာတော့ချေရာ ဘွားလှသီခမျာ စိတ်ပျက်လက်ပျက် ဖြစ်ရရှာသည်။ ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းတွင် တဲအပြင်ဘက်ရှိ သဘက်ကြီးကလည်း ဘွားလှသီ ပြန်လည် အိပ်ပျော်သွားပြီအထင်နှင့် အလောင်းကောင်အား တဂျိုးဂျိုးတဂျွတ်ဂျွတ် မြည်အောင် ကိုက်ဖြတ်တော့လေရာ သဘက်ကြီး၏ ၎င်းအသံ၊ မောင်လှမြိုင်၏ ဟောက်သံတို့မှာ ဆိတ်ငြိမ်လှသော ညယံအလယ်တွင် အတိုင်းသား ထွက်ပေါ်နေကြတော့၏။

ဘွားလှသီလည်း အဆိုပါသမယတွင် သဘက်ကြီးလက်က လွတ်မြောက်ဖို့ရာ အပြေးအလွှား စဉ်းစားကြည့်သောအခါ တဲနောက်ဘက် ဝါးထရံချပ်အား တစ်ချောင်းချင်းစီ ချိုးဖဲ့ ဖျက်ဆီးကာ ထွက်ပေါက်ငယ်တစ်ခု ပြုလုပ်ဖို့ရန် အကြံရလေသည်။ တဲရှေ့ပေါက်မှ ထွက်ပြေးကြပါမူ သဘက်အစား ခံရလိမ့်မည် မဟုတ်လော။

"ငါ့သားရေ... အမြန်ထမှ ဖြစ်မယ်ကွယ်။ အခုအချိန်မှ မင်းမထရင် အမေတို့ သဘက်အစား ခံရလိမ့်မယ်။ ထကွယ် သားရယ်... အနောက်ထရံချောင်းတွေ ချိုးပြီး အပေါက်လုပ် ပြေးဖို့ ထကူလှည့်ပါ ကလေးရယ်..."

ဘွားလှသီက မောင်လှမြိုင်အား ဤနှယ် တိုးတိုးသက်သာ လှုပ်ခတ် နှိုးယူကြည့်သော်လည်းပဲ သားငပျင်းမှာ အိပ်မောကျလျက်သာပင်။ ဤတွင် ဆံပင်များ ဆောင့်ဆွဲ၍ တစ်ဖုံ၊ နားရွက်များ လိမ်ဆွဲ၍ တစ်နည်း ပြုမူ နှိုးယူပြန်လည်း သကောင့်သားကား အချည်းနှီးသာတည်း။

ထိုအခါ ဘွားလှသီလည်း စိတ်ပျက်လက်ပျက် တစ်ချက် မှိုင်တွေသွားပြီးနောက် သားဟောက်သံနှင့် သဘက်၏ ပလုပ်ပလောင်းသံများအကြားမှ ထရံချောင်းများအား အလျင်အမြန် ချိုးဖျက်ပါလျှင် ဘုန်းကြီးသရဲ မရိပ်မိစေဘဲ ခရီးတွင်နိုင်လောက်၏ဟု တွေးမိပြန်သောအခါ တဲနောက်ဘက်သို့ ကုတ်ကုတ် ကပ်ကာ ထရံချိုးဖျက်ခြင်းအား စတင်ကြည့်ပါတော့သည်။

ကံအားလျော်စွာပင် ထရံချောင်း ကျိုးပြတ်သံသည် သားငပျင်းနှင့် သဘက်ကြီးတို့ အသံအား ကျော်လွန်နိုင်ခြင်း မရှိကြောင်း သိရှိရသဖြင့် ဝမ်းသာ အားရ ဖြစ်သွားမိပါလျှင် ဘွားလှသီလည်း တုံ့ဆိုင်းမနေတော့ဘဲ ထရံချောင်းများကို တစ်ချောင်းပြီးသော် တစ်ချောင်း သတိထား ချိုးဖျက်ချေပြီ။ ဤသို့ဖြင့် အသံများ လုံးထွေး ရောချလျက် လွတ်လမ်းဖန်နေစဉ် အခါတစ်ပါးတွင် အပြင်မှ သဘက်ကြီးအသံများ ရုတ်ချည်း ပျောက်ကွယ်သွားလေ၏။

"ဒကာမကြီး... မအိပ်သေးဘူးလား။ ကျုပ်နားထဲ တချိုးချိုး တချွတ်ချွတ်အသံတွေ ကြားနေရသလိုပဲ..."

မထင်မှတ်ဘဲ ရုတ်တရက် ထွက်ပေါ်လာသော သဘက်ကြီး အမေးစကားသံကြောင့် ထိတ်လန့်သွားရှာသူ ဘွားလှသီတစ်ယောက် သူ၏ လှုပ်ရှားမှုဟူသမျှ ရပ်တန့်ပစ်လိုက်ပြီး ခြေမကိုင်,လက်မကိုင်မိ ဖြစ်ကာ ဘာလုပ်ရမည် မသိတော့။

"ဟေ့ ဒကာမကြီး... မေးနေတယ်လေ၊ မကြားဘူးလား..."

"ကြ ကြားပါ့ဘုရား... အိပ်ကောင်းနေတော့ ခုမှ နိုးလို့ပါ..."

"သြော်... စောနတုန်းက ကျုပ် တဂျွတ်ဂျွတ် ကြားနေရတာ ဘာအသံတွေတဲ့တုန်း..."

"ဝါးပိုးထိုးသံတွေ နေမှာပေါ့ဘုရား..."

"လက်စသတ်တော့ အဲဒီလိုကိုး... ပြန်အိပ်ချေ ဒကာမကြီး။ ပြန်အိပ်၊ ပြန်အိပ်..."

"တင်ပါ့ဘုရား..."

အန္တရာယ်ရှိသော သဘက်ကြီး၏ သံသယမေးခွန်းစကားကို အလိုက်အထိုက် ကြိုးစား ဖြေဆိုလိုက်ပြီးနောက် ဘွားလှသီလည်း ထရံချပ် ဆက်မချိုးရဲသေးဘဲ အတန်ကြာအောင် စောင့်ဆိုင်းနေကြည့်သည်။ သို့နှင့် တအောင့်အကြာ သဘက်ကြီးထံမှ မိမိအိပ်ပျော်သွားပြီအမှတ်နှင့် ပလုပ်ပလောင်းဖြင့် မာန်ဖီ စားသောက်သံကြီးများ ပြန်လည် ထွက်ပေါ်လာသောအခါ အမယ်အိုကြီး၏ ထရံချိုးခြင်းအမှုလည်း ဆက်လက် စတင်ပါတော့၏။

ယင်းသို့ မောင်လှမြိုင် ဟောက်သံ၊ သဘက်ကြီး စားမြိုသံနှင့် ဝါးပိုးထိုးဟန် ဆောင်ထားသော ဘွားလှသီ၏ ထရံချိုးဖဲ့သံတို့မှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်နေကြလျှင် အချိန်များစွာ ကြာလွန်သောအခါ ဘွားလှသီမှာ ခရီးအတော် ပေါက်ခဲ့လေသည်။

ချောင်ချောင်ချိချိ ထွက်နိုင်လောက်မည့် လူတစ်ယောက်စာ အပေါက် ယခုအခါ အထမြောက်ခဲ့ချေပြီ။ ဘွားလှသီ၏ ဝါးရှထားသော သွေးသံရဲရဲ လက်ချောင်းများမှာ မျှော်လင့်ချက်များနှင့်အတူ အဆက်မပြတ် တုန်ခါလျက်ပင် ရှိသည်။ ထိုအချိန်တွင်...

"အဟမ်း အဟမ်း အဟမ်း... ဝါးပိုးထိုးလို့မှ ပြီးရှာပါပကော ဒကာမကြီး..." ဟူသော သဘက်ကြီးအသံက ဗြုန်းစား ထွက်ပေါ်လာလေလျှင် ဘွားလှသီသည် ဒီတစ်ကြိမ်မှာဖြင့် ငါတော့ သွားရှာပြီဟု အတပ်တွေးလိုက်ချေ၏။

ဤအသံ အနေအထားအရ သဘက်ကြီးသည် မိမိအဖြစ်ကို ရိပ်စားမိသွားပြီ ဖြစ်ကြောင်း ဘွားလှသီ တွေးမိသည်။ ထို့ကြောင့် မည်သည့်အသံကိုမျှ ပြန်မပြုအားတော့ဘဲနှင့် ဆင်အော်လျှင်တောင် နိုးပုံမရမည့် သားငပျင်းအား အမယ်အိုက အသည်းအသန် လှုပ်ခတ် နှိုးယူရတော့၏။

"အဟင့်၊ လူကလေးရယ်... ထပါတော့ကွယ်။ အီး ဟီး ရွှတ်... သားမထရင် သဘက်ကြီးက စားတော့မယ်..."

ထိတ်လန့်ဖွယ်ရာ အခိုက်အတန့်များပင် ဖြစ်သည်။ မောင်လှမြိုင် ဟောက်သံများမှ လွဲ၍ ပတ်ဝန်းကျင်တစ်ခွင် တိတ်ဆိတ် ငြိမ်သက်လျက် ရှိ၏။ ဘွားလှသီသည် ငပျင်းအား ဗိုက်ခေါက်များ လိမ်ဆွဲ၍ တစ်ဖုံ၊ ပါးနားများ ဆွဲစိတ်၍ တစ်နည်း အမျိုးမျိုး နှိုးယူကြည့်ပါသော်လည်း ထူးမခြားနားပေတည်း။ မောင်လှမြိုင်ကား ယခုညတွင် လုံးလုံးနိုးမည့်ဟန် မရှိချေ။

နှိုးမရသည့် သားဖြစ်သူထံမှ ခွာကာ တဲရှေ့ထရံပေါက်နားဆီ ဘွားလှသီ တိုးကပ် ချောင်းကြည့်လိုက်သည်။ ထိုစဉ် မြင်တွေ့လိုက်ရသော မြင်ကွင်းတစ်ခုကြောင့် ဘွားလှသီ၏ မျက်လုံးများမှာ အဆများစွာ ပြူးဟသွားကြ၏။ အကြောင်းမှာ သဘက်ကြီးသည် လှည်းသမားအလောင်းကို တစ်စမကျန် စားသုံးပြီးပြီ ဖြစ်သဖြင့် ကျိုးပျက်ကျနေသော ကွပ်ပျစ်ထက်တွင် သူ၏ နားရွက်ကြီးတစ်ဖက်ကို ဖျာအဖြစ် ခင်းကာ ကျန်နားရွက်ကြီးတစ်ဖက်အား စောင်အဖြစ် ခြုံလျက် ဘေးတစ်စောင်း လှဲလျောင်းရင်း ဤတဲပုတ်တည့်တည့်သို့ အေးအေးလူလူ စိုက်ကြည့်နေခြင်းကြောင့်ပင်။

ဘွားလှသီ ရှေ့ထရံမှ အလန့်တကြား ခွာကာ နောက်ထရံဆီ အမြန်လှမ်းကြည့်လိုက်မိသည်။ ကြိုးစားပမ်းစား သူပြုလုပ်ထားသော လွတ်လမ်း ထရံပေါက်ဟူသည် သူ့တစ်ယောက်တည်းကိုသာ စောင့်ကြိုလျက်သား ရှိလေ၏။ ၎င်းအပေါက်မှ ယခုအခါ ထွက်ပြေးပါမူ သဘက်ကြီး၏ လက်မှ လွတ်မြောက်နိုင်ပေလိမ့်မည်။ သို့ပါသော်လည်း မိမိကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားကာ ရင်နှစ်သည်းချာ ချစ်ခဲ့ရသည့် သား၊ ရတနာနှင့် မတူဘဲ ရတာ နာနှင့် အလျဉ်းတူကာ အပျင်း ထူလွန်းအားကြီး၍ အဘက်ဘက်က သုံးစားမရတော့သည့် သား... ဤကဲ့သို့သော သားဆိုးမျိုးကို သဘက်ကြီးလက်အတွင်း သေသေကြေကြေ စွန့်ပစ်ရစ်ဖို့ရာမှာ ဘွားလှသီအဖို့ မဖြစ်နိုင်သလို၊ သင်းကို ကလေးငယ်တစ်ယောက်လို ချီပိုး ထွက်ပြေးသွားဖို့ရာမှာလည်း အမယ်အိုတစ်ယောက်အဖို့ လုံးလုံးမဖြစ်နိုင်ပြန်ချေတကား။

ဘွားလှသီသည် ဆုံးဖြတ်ချက်တစ်ခု အလျင်အမြန် ချလိုက်လေသည်။ ဤသည်ကား "ငါ့သားအား သဘက်ကြီး အထိမခံ၊ ငါအသေခံ ကာကွယ်တော့မည်" ဟူသော ဆုံးဖြတ်ချက်ပေ။

အထက်ပါ ဆုံးဖြတ်ချက်နှင့်အတူ တိတ်တဆိတ် ရှိုက်ငင်လျက် ရှိသူ အမယ်အိုသည် ခြေပစ်လက်ပစ် ထိုင်ပြီး လွတ်မြောက်ရာ အပေါက်ကို ကျောခိုင်းလိုက်ချေသည်။ မိခင်ကောင်းပီပီ သားငပျင်းကြီးရှေ့မှ မားမားရပ် ကာကွယ်ပေးရလိမ့်ဦးမည်။ သဘက်ကြီးပင် မကလို့ မည်သို့သော အကောင်ကြီးများ ဖြစ်နေပါစေ "သားထိ ဓါးကြည့်" ဟူသည့်သဘော သူသေ ကိုယ်သေ ကြဲတော့မည်။

"ဒကာမကြီး... မအိပ်သေးဘူးလား..."

သဘက်ကြီးအသံသည် အေးစက်စက်ဖြင့် ထွက်ပေါ်လာ၏။

"ဒီတစ်ညလုံး ဒါချည်း မေးနေတော့မှာလား..."

ဘွားလှသီအသံသည် တုန်ရီ ထစ်အ,မနေတော့ဘဲ မိခင်တစ်ယောက်၏ မာန်ဖြင့် မာရေကြောရေ ပီပြင် ကြည်လင်လျက် ရှိပြီး တဲ့တိုးပြောချလိုက်ခြင်း ဖြစ်သည်။

"သြော်... အဲ... အင်း..."

အပြင်ဘက်မှ သဘက်ကြီး၏ အာမေဋိတ်သံအချို့က ပျံ့လွင့် ထွက်ပေါ်လာ၏။ ထို့နောက် ခဏအကြာတွင်...

"အို အမယ်အို... အမယ်အိုတို့ သားအမိအဖြစ်ကို ကျွန်ုပ်ရဲ့ အစွမ်းနဲ့ တဲအပြင်ဘက်ကနေ တစ်ချိန်လုံး သိမြင် ကြားသိနေရတယ်ဆို အမယ်အို ဘာပြောမှာပါလိမ့်..."

ထင်မှတ်ထားသလို မဟုတ်ဘဲ ဤနှယ် ပြောကြားလာသည့် သဘက်ကြီးစကားကြောင့် ဘွားလှသီတစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"တကယ်တော့ အမယ်အို ရိပ်စား သိရှိပြီးတဲ့အတိုင်းပဲ ကျွန်ုပ်ဟာ အမယ်အိုတို့ သားအမိကို သတ်ဖြတ် စားသုံးဖို့ရာအတွက် ဒီနေရာကို ပြုစား မျှားခေါ်လာခဲ့ခြင်းပဲ ဖြစ်တယ်။ ဒါပေမယ့် ကျွန်ုပ်ရဲ့ အတောမသတ်နိုင်တဲ့ အစားကြူးချင်စိတ်များက အမယ်အိုရဲ့ မိခင်မေတ္တာတရားများကို ကျော်လွှားနိုင်စွမ်း အလျဉ်းမရှိတော့တဲ့အတွက်ကြောင့် အမယ်အိုတို့ သားအမိကို ရှင်သန် လွတ်မြောက်ခွင့် ပေးလိုက်ပါပြီ..."

ထူးဆန်း အံ့ဖွယ် သဘက်ကြီး စကားကြောင့် ဘွားလှသီလည်း မျက်ရည်လည်ရွှဲဖြင့် ဘာပြန်ပြောရမည်ကို မသိတော့။

"ကိုင်း... တစ်ညစလုံး စိတ်ရော လူပါ ပင်ပန်း ဆင်းရဲခဲ့ရရှာတဲ့ အမယ်အို အခုက စပြီး မနက်မိုးလင်းအထိ သားဖြစ်သူနဲ့အတူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေ။ ဒီ့အပြင် အမယ်အို့သား ငဖျင်းလည်း ယခုဖြစ်စဉ် အလုံးစုံကို ဒင်းရဲ့ အိပ်မက်အတွင်း ကွက်ကွက်ကွင်းကွင်း သိမြင် နားလည်ကာ အသိတရား ရရှိစေ..."

ဤသို့ ပြောဆိုလိုက်သော သဘက်ကြီး၏ စကားသံအဆုံး၌ ဘွားလှသီ၏ မျက်ခွံများ လေးလံကျလာပြီး လောကကြီးနှင့် အဆက်အသွယ် ပြတ်တောက်သွားပါတော့သည်။

မနက်မိုးသောက် အလင်းရောက်သော် မိမိ၏ ခြေဖမိုးနှစ်ဖက်အား လက်များဖြင့် တယုတယ ဖျစ်ညှစ် ဆုပ်ကိုင်လျက် မျက်နှာအပ်ရင်း ရှိုက်ကြီးတငင် ငိုဟစ်ကြွေးနေသည့်သူ သားဖြစ်သူ မောင်လှမြိုင်ကြောင့် ဘွားလှသီတစ်ယောက် အိပ်စက်ရာက နိုးထလာခဲ့၏။ ယင်းအခါ မောင်လှမြိုင်သည် မိခင်ဖြစ်သူ ဘွားလှသီအား အကြိမ်ကြိမ် အလီလီ ရှိခိုးဦးချ ကန်တော့ရင်းက ယနေ့မှ စ၍ အပျင်းကြီးတော့မည် မဟုတ်ဘဲ မိခင်ကျေးဇူးအား အသက်ထက်ဆုံးတိုင်အောင် ပေးဆပ်တော့မည် ဖြစ်ကြောင်း ကတိသစ္စာ ပြုလိုက်ပေသည်။ ထို့နောက်တွင်တော့ သားအမိနှစ်ဦးသည် ချုံနွယ်မြက်ပင်များက လွဲ၍ ပြောင်းတလင်းခါကာ ဘာမျှ မရှိလေသော ညောင်အိုပင်ကြီးအောက်မှ တောအုပ်အပြင်သို့ ထွက်ခွာလာခဲ့ကြတော့၏။

ဇော်မင်းအောင်
14.June.2020at 10:40AM

#Photo_from_Internet
မူရင်းရေးသားသူ အား crdပေးပါသည်ခဗျာ
copy

Post a Comment

Previous Post Next Post

Comments