ဆရာဖေမြင့်၏ “မည်သို့ပင်ဖြစ်စေ” စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။

စာရေးသူ၌ ထူးခြားသော မိတ်ဆွေတစ်ဦး ရှိသည်။ ၎င်းပုဂ္ဂိုလ်သည် မွေးရာပါ ရောဂါတစ်ခုကြောင့် လုံးဝ နားလေးနေပြီး၊ မျက်စိကလည်း မကွယ်ရုံ အနေအထားတွင် ရှိသည်။ သူသည် ဓမ္မဆရာတစ်ဦးဖြစ်ရာ အမြင် အကြား အာရုံများ ထိုမျှ ချို့ယွင်းနေသည့်ကြားကပင် တရားဟောသည့် အလုပ်၊ ဂီလာနများထံ သွားရောက် အားပေးသည့် အလုပ်များကို အခြေမပျက် လုပ်ကိုင်လျက်ရှိ၏။ နားကြားကိရိယာကို အသုံးပြုကာ သူတစ်ပါး စကားကို နားထောင်သည်။ ရယ်စရာ ကြားရလျှင် တဟားဟား ရယ်သည်။ သူသည် သူတစ်ပါးတို့ထံ မိမိကိုယ်ကို ဖြန့်ချိပေးဝေလျက် ရှိသကဲ့သို့၊ တစ်ချိန်တည်းမှာပင် ထိုပေးဝေသည့် အလုပ်မှ ချမ်းသာသုခကို ပြည့်ပြည့်ဝဝ ခံစားရလျက်ရှိသည်။ 
တစ်ခုသော ခရစ္စမတ်၌ ကျွန်တော်သည် သူနှင့်အတူ အလွန် လူစည်ကားနေသည့် ကုန်စုံဆိုင်တစ်ခုသို့ တိုလီမိုလီ တချို့ ဝယ်ရန် ရောက်ရှိခဲ့၏။ ဆိုင်အဝင်အထွက် တံခါးတွင် အတွင်းဘက်၌ ကြည့်မှန်ကြီးတစ်ချပ် တပ်ထားရာ ကျွန်တော်တို့ ဆိုင်မှ ပြန်ထွက်သည့်အခါ၌ မိတ်ဆွေသည် မှန်ထဲတွင် ဘွားခနဲ ပေါ်လာသည့် သူ့အရိပ်နှင့် ပက်ပင်းတိုးမိ၏။ သို့သော် သူက သူ့ပုံရိပ်မှန်း မသိ၊ လူတစ်ယောက် ဆိုင်ထဲ ဝင်လာတာပဲဟု ယူဆကာ ဘေးသို့ ဖျတ်ခနဲ ရှောင်ပေး၏။ ထိုအခါ ပုံရိပ်ကလည်း သူ့ဘက်ဘေးသို့ လိုက်ရှောင်၏။ သူရှေ့ဘက်သို့ ထွက်ပြန်၏။ သူ့ပုံရိပ်နှင့်သူ တည့်တည့်တိုးပြန်၏။ နောက်သို့တစ်ဖန် သူ ဆုတ်၏။ 
သည်အချိန်လောက်တွင်မူ သူ့ကို အံ့အားသင့်စွာ ငေးကြည့်နေသူတွေ ရှိနေကြပြီ ဖြစ်၏။ သို့သော် မည်သူမျှလည်း ဘာလုပ်ရမှန်း ဘာပြောရမှန်း မသိကြ။ 
တတိယအကြိမ်‌မြောက် ရှေ့သို့ တိုးမိသည့်အခါ၌မူ ကြည့်မှန်တစ်ချပ်ရှေ့သို့ သူရောက်နေခြင်း ဖြစ်ကြောင်း ကျွန်တော့်မိတ်ဆွေ သိရှိသွားလေသည်။ ‘ဟား၊ လက်စသတ်တော့ ကျုပ်ကိုယ်တိုင်ပဲကိုး’ ဟုဆိုလိုက်ပြီး၊ သူ့ကိုယ်သူ ဦးညွှတ် အရိုအသေပြုသည်။ ‘တွေ့ရတာ ဝမ်းသာပါတယ် သူငယ်ချင်း၊ ခရစ္စမတ်မှာ ပျော်ရွှင်ပါစေကွာ၊’ ဟု သူနှုတ်ခွန်းဆက်သည့်အခါ ဆိုင်ထဲရှိ လူတွေအားလုံး ဝမ်း‌မြောက်အားရစွာ ရယ်မောလိုက်မိကြလေသည်။ 
ရယ်သံများကြားမှာ တီးတိုးမှတ်ချက်ချသံတစ်ခု ကျွန်တော် ကြားလိုက်ရသည်။ ‘တကယ် တော်တဲ့ ပုဂ္ဂိုလ်ဗျာ’ တဲ့။
ဘာကို ‘တော်’သည်ဟု ထိုသူ ဆိုခဲ့ပါသနည်း။ အရှိပကတိ အခြေအနေကို တုန်လှုပ်ခြင်း ကင်းစွာ ခံယူတတ်သော အစွမ်းသတ္တိ ရှိသည်ကို မြင်၍ ‘တော်’ သည်ဟု ချီးကျူးခဲ့ခြင်းပင်။ ကိုယ့်ချို့ယွင်းအားနည်းမှုကို ကိုယ် သိမှတ် လက်ခံတတ်သော စိတ်ကြောင့်ပင် အဲသည် အားနည်းချက်တွေ၏ နှိပ်ကွပ်မှု၊ အဲသည် အားနည်းချက်တွေ၏ ပိတ်ဆို့တားဆီးမှုကို ကျော်လွှားသွားနိုင်သော အစွမ်းသတ္တိများ သူ့မှာ ရလာသည်။
ကောင်းပြီ။ အဲသည်လို ခံယူတတ်သော အလေ့အထ မည်သို့ ရရှိလာနိုင်ပါသနည်း။ မိမိနှလုံးသား သို့မဟုတ် မိမိအတ္တကို ထိခိုက် နာကျင်စေခဲ့သည့် ဒဏ်ရာဒဏ်ချက်တွေ ကွယ်ပျောက်ကာ နဂိုပုံမှန် ပြန်ဖြစ်လာအောင် မည်သို့ ဖန်တီးနိုင်ပါမည်နည်း။
သည်အတွက် နည်းလမ်းက၊ မိမိ ကြုံတွေ့ရသည့် ပြဿနာ အခက်အခဲ သို့မဟုတ် ထိခိုက်ဆုံးရှုံးမှုကို ရဲရဲရင်ဆိုင်ဖို့၊ တွန့်ဆုတ်ခြင်း ကင်းစွာ သုံးသပ်ရှုမြင်ဖို့ ဖြစ်သည်။ သို့သော်၊ သည်မျှနှင့်လည်း မပြီးသေးပါ။ တစ်ခု ကျန်ပါသေးသည်။ ယင်းက၊ ‘မည်သို့ပင်ဖြစ်စေ ....’ ဟူသော လက်ကိုင်စကားတစ်ခုဖြင့် နောက်တစ်ဆင့် တက်လှမ်းဖို့ ဖြစ်သည်။
-------------
(Zawgyi version)

Post a Comment

Previous Post Next Post

Comments