၀င်္ကဘာဘုရားသိုက် ( အပိုင်း ၇ သိမ်း )

၀င်္ကဘာဘုရားသိုက် ( အပိုင်း ၇ သိမ်း )
( ဖြစ်ရပ်မှန်အခြေပြု)
******


     " ဝေါ့...အဟွတ်...အဟွတ်..."

     ရေအန်ထုတ်သံ၊ ချောင်းဆိုးသံများနဲ့ အတူ ညွန့်စိန် သတိရလာတယ်။

     " ညွန့်စိန်...ညွန့်စိန် သ သတိရလာပြီလား..."

     ရေတွေစိုရွှဲနေတဲ့ ကိုထူးရဲ့ အမေး။ စိုးရိမ်တကြီး ကြည့်နေကြတဲ့ လူအုပ်ကြီးက နံဘေးမှာ ၀န်းရံလို့။

      အခုနက ညွန့်စိန် ခုန်ချသွားတတဲ့ ချောင်းနေရာက နွေကာလပေမယ့့် ရေက အတော်နက်သေးတာ။

     ညွန့်စိန်က ရေကူးတတ်ပေမယ့် ကမ်းပါးက မြင့်ပြီး သွေးရူးသွေးတန်းဖြစ်နေချိန်ဆိုတော့ ရေမကူးနိုင်ဘဲ နစ်နေတော့တာပဲ။

     အကုန်လုံး ဝိုင်း၀န်းဆယ်ကြလို့သာ အသက်မီတယ်ဆိုရမယ်။ မဟုတ်ရင်တော့ အလှူကိစ္စနောက်ထားပြီး ဆန့်ကျင်ဘက် မတွေးဝံ့စရာတွေ ဖြစ်ကုန်တော့မှာ။

     ဆယ်တဲ့အထဲ ကိုထူးလည်းပါခဲ့တာပေါ့။ သူ့ခမျာ အများနည်းတူ သန်သန်စွမ်းစမ်းမဟုတ်ပေမယ့် မိန်းမဖြစ်သူအပေါ် စိုးရိမ်စိတ်ကြောင့် ရေထဲကို လိုက်ပါခုန်ဆင်းပြီး ကြိုးစားဆယ်ယူခဲ့တာရယ်။ ကုန်းပေါ်ရောက်တော့လည်း မေ့မျောနေတဲ့ ညွန့်စိန်ကို အသက်ကယ်နိုင်ဖို့ တစ်လှည့်ဆီ ထမ်းပြေးတဲ့အထဲ ပါခဲ့သေးတာကော။

     " အဟွတ်...ဟွတ်..."

     ရေတွေ အန်ထုတ်ပြီးတော့ ရေသီးသလိုဖြစ်နေတဲ့ ညွန့်စိန်ဆီက အဆက်မပြတ် ချောင်းဆိုးသံတွေ။  

      " ဟေ့...ဒီအတိုင်းမထားနဲ့လေ။ ဝိုင်းသယ်ပြီး အ၀တ်အစားတွေလဲပေးကြဦး။ တော်ကြာ အအေးပတ်နေဦးမယ်..."

      တစ်ယောက်ရဲ့ ဆော်သြမှုကြောင့် ကောင်းကောင်း လှုပ်ရှားမရသေးတဲ့ ညွန့်စိန်ကို အိမ်ဘက်ဆီ ဝိုင်းသယ်ကြတယ်။ ပြီးတော့ အ၀တ်အစားတွေလဲပေးပြီး နွေးထွေးအောင်ထားကြလို့။ 

      " အစ်မ...သက်သာရဲ့လား။ ရေနွေးပူပူလေး သောက်လိုက်ပါဦး..."

      ရေနွေးတစ်ခွက်ကိုင်ရင်း အနားရောက်လာတဲ့ လှခင်။ သူ့မှာလည်း စိုးရိမ်စိတ်တချို့ ရှိနေတယ်ထင့်၊ မျက်နှာလေးကို အိုစာလို့ရယ်။

      " တောင်းပန်ပါတယ် လှခင်ရယ်။ အစ်မကြောင့် ညီမတို့တတွေ စိတ်ပင်ပန်းသွားကြရတယ်..."

      ညွန့်စိန်ရဲ့ စကားကို လှခင်က ခပ်သာသာပြုံးပြီး တုန့်ပြန်လိုက်ရင်း...။

      " ရပါတယ် အစ်မရယ်။ အစ်မ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဂဃနဏမသိခဲ့ပေမယ့် အခုတော့ အားလုံးပြီးသွားခဲ့ပြီပဲ။ လှခင်တို့ အဆင်ပြေပါတယ်..."

     " ကျေးဇူးတင်ပါတယ် ညီမရယ်..." 

      လှခင်စိတ်ထဲက ပူပန်မှုတွေကို ညွန့်စိန် ကိုယ်ချင်းစာမိပါတယ်။

     တကယ်တော့ သူလည်း ရှိလို့လာလှူတာထက် မြို့မှာ ၀န်ထမ်းတွေအတွက် အစိုးရက ခြံတွေ ခွဲတမ်းပေးတော့ ရထားတဲ့ခြံကို အသုံးကြီးတဲ့ ခင်ပွန်းဖြစ်သူလက်ဆီမှာ ပျောက်သွားမှာစိုးတာကြောင့် အရရောင်းခဲ့ပြီး စုဆောင်းထားတဲ့ ငွေနဲ့ပေါင်းလို့ သားသုံးယောက်နဲ့ သမီးဖြစ်သူကို သာသနာလာပြုချေတာ။ 

     အခုတော့ သူကြောင့် လှခင်ရဲ့အလှူက ပျက်စီးလုနီးပါးဖြစ်ခဲ့ရတယ်လေ။ ဒီအတွက်ကြောင့်ပဲ သူ စိတ်အရင်းခံနဲ့ တောင်းပန်မိတာရယ်။

    " သားလေး ထွန်းဦးကောဟင်..."

     စိတ်နဲ့ ခန္ဓာဆောက်တည် စုစည်းလို့ရချိန်မှာတော့ ညွန့်စိန်တစ်ယောက် သားဖြစ်သူကို သတိရမိလေပြီ။   

     " သားက...သံဃာစင်ထက်မှာ အိပ်နေတယ်..."

     ကိုထူးရဲ့ အဖြေစကားအဆုံး ညွန့်စိန် စောင်တွေကို ဖယ်ချပြီး သားဆီကို ခြေလှမ်းမိခဲ့တယ်။ 

     " သား...အမေ့သားလေး..."

     သံဃာစင်ဆီမှာ လှခင်ရဲ့ ကလေးတွေနဲ့အတူ ရောနှောပြီး ကွေးကွေးကလေးအိပ်မောကျနေတဲ့ သားဖြစ်သူကို ညွန့်စိန် အပြေးဆွဲထူပြီး ပွေ့ဖက်မိတော့တာ။

      " အင်း...ဟင်း...ဟင်း..."

      မောင်ထွန်းဦးရဲ့ အိပ်ချင်မူးတူး ညည်းသံ။  

      " သား...အမေ၊ အမေ သားကို ပွေ့ထားတာပါ..."

      လူးလွန့်နေတဲ့ မောင်ထွန်းဦး ငြိမ်ပြီး ပြန်လည်အိပ်မောကျသွားပါတယ်။ 

     ညွန့်စိန်ကတော့ သားကို ဖက်ထားရင်း မကြာခင်ခွဲခွာရတော့မယ့် အရေးကိုတွေးလို့ ရင်ထဲဆို့နင့်လာရရဲ့။   

      " သားရယ်...အမေ သားတို့ကို ခွဲရတော့မယ်ကွယ်...အဟင့်...အဟင့်...ဟီး..."     

      " ဟင်..."

     ညွန့်စိန် တီးတိုးပြောနေတဲ့ စကားက ကြားရသူတိုိ့ုကို အံ့အားသင့်စေခဲ့တယ်။

      " ဘယ်...ဘယ်လို ညွန့်စိန်..." 

      ကိုထူးက ထိတ်ပြာပြာနဲ့ မေးတော့တာ။ ညွန့်စိန်က ရှိုက်ကြီးတငင်ငိုကြွေးမိလေပြီး...။

      " ကိုထူး ကျုပ်...ကျုပ်လေ...အလှူပြီးရင် ရှင်ညိုတို့ဆီကို အပြီး ပြန်ရတော့မှာ..."

      " ဟင်..."

      ကိုထူးတစ်ယောက် မျက်လုံးအဝိုင်သားနဲ့ တုန့်ပြန် စကားကိုတောင် ချက်ချင်းပြန်မပြောနိုင်တော့တဲ့အထိ။

      " ဒါ...ဒါဆို သူတို့က မင်းကို ပြန် ခေါ်...ခေါ်တော့မှာပေါ့..."

      " သူတို့ခေါ်တာထက် ကျုပ်ကြောင့် ပြန်ရမှာပါ ကိုထူးရယ်၊ ကျုပ်ကြောင့် ပြန်ရမှာရယ်...အီး...ဟီး...ဟီး..."

      " နင် နင် ဘာတွေပြောနေတာလဲ ညွန့်စိန်။ ငါ့ကိုလည်း နားလည်အောင် ပြောပါဦး..." 

     " သားသင်္ကန်းစည်းပြီးတဲ့အခါ ပြန်ခဲ့မယ်လို့ သူတို့ကို ကျုပ်ကိုယ်တိုင် ကတိပေးခဲ့တာ..."

     " ဟာ..."

     ကိုထူးရင်ထဲ ယူကြုံးမရဖြစ်ပြီး ဖင်ထိုင်လဲကျသွားတော့မတတ်ပဲ။ 

     "လုပ်ရက်လိုက်တာ ညွန့်စိန်ရာ..."

      ရင်ထဲက ဆို့အစ်နေတဲ့ အသံကြီးနဲ့ ပြောလာတာ။ ကြည့်နေတဲ့သူတွေမှာလည်း တစ်ယောက်တစ်ပေါက်၊ တီးတိုးစကားသံတွေနဲ့။   

      " ညွန့်စိန်ရယ် ဘာလို့များ အဲ့ဒီ့လို ကတိပေးခဲ့ရတာလဲဟယ်..."

      " ဒီကတိက အခုမှ ပေးခဲ့တာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ငါးနှစ် ကျုပ် ဒုက္ခနွံထဲနစ်နေတော့ လာပြီးအကူအညီပေးတဲ့ ရှင်ညိုကို ကျုပ် ပေးခဲ့တာ။ အဲ့ဒီ့တုန်းက ကျုပ်အရမ်းကိုပဲ စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်နေခဲ့တာ..."   

     ကိုထူးရဲ့ အာရုံဆီမှာ လွန်ခဲ့တဲ့ ငါးနှစ်တာကာလက ပုံရိပ်တွေ ရစ်ဝဲသွားရတယ်။  

     အဲ့ဒီ့တုန်းက သူ သောက်စားမိုက်မဲခဲ့ချိန်၊ ပြီးတော့ ကျန်းမာရေးထိခိုက်ခဲ့ရတာတွေ။ ဒီတုန်းက ညွန့်စိန်ခမျာ မိန်းမသားတန်မဲ့ အတော်ရုန်းကန်ခဲ့ရရှာတာ။

      " ဒါ...ဒါဆို ငါ့ရဲ့ မိုက်မဲမှုတွေကြောင့်လည်း ပါတာပေါ့...ဖြစ်မှဖြစ်ရလေဟာ...ငါ...အသုံးမကျတာ ငါတကယ်ကို အသုံးမကျခဲ့တာ..."

      ကိုထူးက ပြောပြီး ငိုရင်း လက်တွေနဲ့ သူ့ကိုယ်သူ ထုရိုက်တယ်။ ညွန့်စိန်က သားကို အသာချထားပြီး ကိုထူးကို ပြေးဖက်လို့...။

      " မဟုတ်ပါဘူး ကိုထူးရယ်။ ကျုပ်မှားတာပါ။ အစကတည်းက ကျုပ်ထွက်မလာခဲ့ရင် အခုလို ကြုံရမှာမဟုတ်ဘူး။ အခုတော့ မိသားစုနှစ်ခုကြားမှာ ကျုပ်ရွေးချယ်ရခက်နေရပြီ။ ကျုပ်ကြောင့် အားလုံးနာကျင်နေကြရပြီ..."

     လင်မယားနှစ်ယောက် သူပြောကိုယ်ပြောနဲ့ အတူငိုကြပြန်လေတယ်။

      ကြည့်နေတဲ့သူတွေမှာလည်း သူတို့အတွက် စိတ်မကောင်းဖြစ်ရုံ ၀မ်းနည်းပေးရုံကလွဲလို့ ဘာမှမလုပ်ပေးတတ်ကြဘူး။   

      လင်မယားနှစ်ယောက် အတူငိုလို့ အချိန်အတော်ကြာတော့ ကိုထူးက ဆုံးဖြတ်ချက် ချလိုက်ဟန်နဲ့ အံကိုတင်းတင်းကြိတ်လိုက်တယ်။ ပြီးတော့ မျက်ရည်တွေကို သုတ်လို့ ညွန့်စိန်ရဲ့ ပခုံးနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး...။

     " ငါ မငိုတော့ဘူး ညွန့်စိန်။ ပြီးခဲ့တာတွေက ပြီးခဲ့ပြီ။ အခုမှတော့ ဘာမှလုပ်လို့ရမယ်မထင်တော့ဘူး။ ပြီးတော့ ဒါက ငါတို့အခက်အခဲ၊ ငါတို့ အခုလိုတွေ ဆက်လုပ်နေရင် အခက်အခဲတွေကြားကနေ ဆွေမျိုးတွေဆီမှာ တကူးတက လာလှူတဲ့ ငါ့ညီမ လှခင်ရဲ့ အလှူပျက်စီးသွားလိမ့်မယ်။ ငါတို့ သူတို့ကို အားနာသင့်တယ် ညွန့်စိန်။ မင်းလည်းစိတ်ထိန်း၊ ငါလည်းစိတ်ထိန်းမယ်။ လှခင်နဲ့ မောင်ကြီးတို့ကိုလည်း အလှူမှာ ဒီလိုတွေဖြစ်ခဲ့စေလို့ အကို မင်းတို့ကို တောင်းပန်ပါတယ်..."

     စိုးရွံမှုတွေ၊ ၀မ်းနည်းမှုတွေ၊ ကိုယ်ချင်းစာမှုတွေ စတဲ့ခံစားချက်တွေနဲ့ လှခင်မှာလည်း မျက်ရည်အဝိုင်းသားကို ဖြစ်လို့...။

     " ရပါတယ် အကိုရယ်။ ဒီလိုအဖြစ်မျိုးကို ဘယ်သူက ကြုံချင်ပါ့မလဲ။  ကြုံနေရတဲ့သူတွေရဲ့ အခက်အခဲကို လှခင်တို့ နားလည်ပေးနိုင်ပါတယ်..." 

     " အစ်မတို့ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် ညီမလေးရယ်..."

      မျက်ရည်တွေ သုတ်လို့ ညွန့်စိန်က ၀င်ပြောလာတာ။ 

     လှခင်လည်း အစ်မဖြစ်သူ ညွန့်စိန်ကို နှစ်သိမ့်ပေးနိုင်ဖို့ ပွေ့ဖက်လိုက်မိတော့တယ်။ 

* * * * * *

     မနက်လင်းအာရုံဦး အချိန်။

     အိုးစည်၊ ဒိုးပတ်သံတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ လယ်မရွာဆီက ထွက်လာတဲ့ ရှင်လောင်းလှည့်လူတန်းကြီး။ 

    မြင်းပေါ်က မောင်ရင်လောင်းတွေကို မိုးပေးထားတဲ့ ရွှေထီးရောင်တို့က ထွန်းသစ်စ'နေရောင်အောက်မှာ တဖျပ်ဖျပ်လက်လို့...။ 

     မောင်ရင်လောင်းတွေအကြား အရှေ့ဆုံးမှာ ဦးဆောင်လာသူက အလှူ့ဒါယိကာမ လှခင်ရဲ့သားအကြီးဆုံး။ 

     အဲ့ဒီ့ကနေ ဒုတိယရှင်လောင်းက အဖြူရောင်မြင်းကို စီးထားတဲ့ မောင်ထွန်းဦးရယ်။ 

      မိသားစုရဲ့ ကြုံနေရတဲ့ အဖြစ်အပျက်တွေကို ဘာမှမသိရှာဘဲ သူဖြစ်ချင်တာဖြစ်နေရလို့ ပျော်နေတဲ့ မောင်ထွန်းဦးရဲ့ မျက်နှာက ပီဘိအပြစ်ကင်းစင်လွန်းနေတယ်။

      အိုးစည်ဒိုးပတ်သံတွေကြောင့် ပျော်တဲ့သူတွေကလည်း ပျော်လို့။ အဲ့ဒီ့အပျော်တွေက အလှူ့ရှင်တို့ကိုသာမက ရှင်လောင်းလှည့်လိုက်ပါသူတိုင်းကိုပါ ကူးစက်ပြုံးပျော်စေခဲ့တယ်။

     ဒါဖြင့် ကိုထူးနဲ့ ညွန့်စိန်တို့ကကော...။

     သူတို့လည်း ရင်ထဲက အပူတွေကို အတတ်နိုင်ဆုံး ဖယ်ခွာလို့ ကိုထူးက သပိတ်ကိုလွယ်ပြီး ညွန့်စိန်က သင်္ကန်းကို ရွက်ကာ ပြုံးပျော်နေခဲ့ပါတယ်။

    အဲ့ဒီ့နေ့က မနက်ပိုင်းကို ရှင်လောင်းတွေကို နတ်ပြ၊ ကန်တော့ထိုက်သူတွေကို ကန်တော့ကြပြီး ညနေစောင်းကျတော့ ရှင်လောင်းတို့ ဆံချချိန်ကို ရောက်ခဲ့ပါတယ်။

     သားရှင်လောင်းရဲ့ ဦးခေါင်းထက်ဆီက တစ်စတစ်စ ကျဆင်းလာတဲ့ ဆံစတို့ကို ပိတ်ဖြူစနဲ့ခံယူကြရတဲ့ ဒီအိုက်အတန့်က မိဘတွေရဲ့ ရင်ထဲက မေတ္တာစမ်းရေတွေကို ပီတိမျက်ရည်အဖြစ် စိမ့်ကျလာစေခဲ့ရဲ့။

     လှခင်တို့လင်မယားတွေ မျက်ရည်ရစ်ဝိုင်းရသလို ဒီဘက်က  ညွန့်စိန်တို့ လင်မယားမှာလည်း မျက်ရည်စတွေနဲ့...။

      ဆံချပြီးချိန်မှာတော့ ရှင်လောင်းတို့ဟာ မကြာခင်မှာ ဘုရားသားတော်ဖြစ်မယ့် သာမဏေလောင်းလျာတွေဖြစ်ကုန်ပါပြီ။

      အထက်ဖြူ အောက်ဖြူ၀တ်ဆင်ထားတဲ့ သာမဏေလောင်းလျာလေးတွေကို တွေ့ရတာ ရှုမြင်သူတို့အဖို့ မိဘတွေနဲ့ ထပ်တူပီတိအဟုန်ကူးစက်မိကြရဲ့။

      ညဦးပိုင်းကျတော့ သံဃာစင်ထက်မှာ သာမဏေလောင်းတွေ သင်္ကန်းတောင်းကြတယ်။ ပြီးတော့ သင်္ကန်းစည်းပြီး ဆရာတော်က ဆယ်ပါးသီလပေးအပ်လို့ သာမဏေအဖြစ်သွတ်သွင်းပေးခဲ့တယ်။

     ဒီအခိုက်အတန့်ဆီမှာ သင်္ကန်းတော်ကို ဆင်မြန်းလို့ ကိုရင်လေးဖြစ်သွားတဲ့ သားမောင်ထွန်းဦးကို ကြည့်ရင်း  ညွန့်စိန် စိတ်ထဲ ဘဝြခားဆီက သားဖြစ်သူကိုတောင် သတိရမိလိုက်သေးရဲ့...။ 

     နို့ပေမယ့်လည်း ပြန်တွေးမိပြန်တော့ လက်ရှိဒီသားနဲ့လည်း မကြာတော့တဲ့ အချိန်မှာ ခွဲရပေဦးမယ်။

     " ဟင်း... 

     အတွေးကြောင့် ၀င်ရောက်လာတဲ့ ၀မ်းနည်းစိတ်ကို ညွန့်စိန် သက်ပြင်းချလို့ အတတ်နိုင်ဆုံး ထိန်းထားခဲ့ရတယ်။

* * * * * * 

 အလှူကြီးနေ့...။

      လာရောက်ကြတဲ့ ဧည့်ပရိတ်သတ်တို့က မဏ္ဍာပ်ကြီးတစ်ခုလုံး အပြည့်။  

     ဧည့်ခံကျွေးမွေးမှုက ကျေးလက်ဓလေ့အရ ၀က်သားဟင်းအလျံအပယ်နဲ့ အခြားဖွယ်ဖွယ်လျာလျာဟင်းလျာများ။ 

     ဧည့်သည်များအကြားမှာ အကျွေးအမွေး ဧည့်ခံရေးအဖွဲ့တွေကလည်း ခေါက်တုန့်ခေါက်ပြန်။  

     ကိုရင်ငယ်တို့က မဏ္ဍာပ်အတွင်းမှာ ပျော်ရွှင်ပြီး ဆော့ကစားနေကြတယ်။ 

     အလှူ့ရှင်ဖြစ်တဲ့ လှခင်တို့လင်မယားဆိုလည်း ဧည့်သည်များအကြား အပြုံးတွေတန်ဆာဆင်ရင်း နှုတ်ဆက်ဧည့်ခံလို့...။    

     " ကိုထူး...ဧည့်သည်တွေကို လိုက်ဧည့်ခံချေဦးနော် ကျုပ်သားနဲ့ နေဦးမယ်..."    

      ညွန့်စိန်စိတ်ထဲ လှခင်တို့နည်းတူ ဧည့်သည်တွေကို လိုက်လံနှုတ်ဆက်လိုပေမယ့် သူ့အတွက် အချိန်ရယ်က သိပ်မကျန်တော့။ ဒီနေ့အပြီး မနက်ဖြန်ဆိုတာက သူ့အတွက် ရေရာသေချာမှုမရှိပြီရယ်။

     ဒါကြောင့် ပိုင်ဆိုင်ခွင့်ရနေသေးတဲ့ ဒီအခိုက်အတန့်လေးကို သားကိုရင်လေးအနားမှာသာ ကုန်ဆုံးလိုတော့တာရယ်။

      " တကာမကြီး..."

      " ဟင်..."

      သားကိုရင်ရဲ့ ခေါ်သံကြောင့် ညွန့်စိန်ရဲ့ အတွေးတွေ ပြတ်တောက်သွားရတယ်။

     " ကိုရင် သွားဆော့ချင်လို့..."

     သားကိုရင်ရဲ့စကားကြောင့် ညွန့်စိန်ရင်ထဲ လှိုက်ခနဲ။ သို့ပေမယ့် မိခင်ရဲ့အပူကို သူမှမသိရှာကိုးရယ်လို့ ပြန်တွေးမိပြန်ရဲ့။

      " မသွားပါနဲ့ဦးလား ကိုရင်ရယ်။ တကာမကြီး ကိုရင့်အနားမှာ ခဏလေးနေချင်လို့ပါ..."

     " အို...တကာမကြီးကလည်း။ ကိုရင့်အနားမှာ နေချင်တာများ။ ကိုရင်ဆော့တဲ့ဆီ လိုက်ခဲ့လည်း နေလို့ရတာပဲကို..."

     ညွန့်စိန် ဘာပြန်ပြောရမယ်တောင် မသိ။ စကားတတ်လွန်းတဲ့ သားကိုရင်ကို အပြုံးတစ်ဖက်၊ မျက်ရည်တစ်၀က်နဲ့ ကြည့်မိလို့...။

      " ကဲပါ...ကိုရင်တအားဆော့ချင်နေပြီ။ တကာမကြီး အနောက်က လိုက်ခဲ့တော့..."

      သားကိုရင်က အခြားကလေးတွေ ကစားရာဆီကို ပြေးထွက်သွားတာမို့ ညွန့်စိန်လည်း အနောက်က ထလိုက်ခဲ့ရတော့တယ်။

* * * * * *

     နေ့လည်ပိုင်းအချိန်။

     အလှူမဏ္ဍာပ်အတွင်းက တရားတော်အသံက အသံချဲ့စက်ကတဆင့် လယ်မရွာတစ်ရွာလုံးကို ဖုံးလွှမ်းလို့...။    

      တရားဟောပုလ္လင်ထက်က ဆရာတော်ရဲ့  အသံက ကြည်လင်ချိုမြလွန်းနေရဲ့။ 

     လှခင်တို့လင်မယားက အရှေ့ဆုံးရဲ့ အလယ်မှာထိုင်ပြီး ညွန့်စိန်တို့လင်မယားက သူတို့နံဘေးမှာ။

     ညွန့်စိန်စိတ်ထဲမှာတော့ ဒီတရားပွဲဟာ သူ့အတွက် နောက်ဆုံးနာရခြင်းလို့ပဲ မှတ်ယူမိနေတာ။ ဒါကြောင့် အတတ်နိုင်ဆုံး အာရုံကို စူးစိုက်ရင်း နာယူမိနေတာ။

      တရားဟော ဆရာတော်က မြတ်စွာဘုရားရှင်သောကြားတော်မူအပ်တဲ့ ဘ၀သံသရာလည်ပတ်ပုံအကြောင်းကို သူ့ဘာသာ ဇာတ်လမ်းပြန်ဆင်ပြီး ဟောကြားတော်မူနေတာ။

      တရားတော်ဆီက တချို့တ၀က် အကြောင်းအရာတွေက ညွန့်စိန်ရဲ့ဘ၀နဲ့တောင်တိုက်ဆိုင်နေသလိုပါပဲ။

     ဘာပဲဖြစ်ဖြစ် တရားတော်မှာပါတဲ့ သံဝေဂယူစရာတွေက်ိုတော့ ညွန့်စိန်ရင်ထဲအထိရောက်အောင် သိမ်းဆည်းမှတ်ယူထားမိနေတယ်။

      တရားပြီးဆုံးပြီး အမျှအတန်းဝေချိန်မှာတော့...။     

      ညွန့်စိန်လည်း အများနဲ့အတူ သံပြိုင်ပေးဝေခဲ့လေပြီးနောက် ချောင်းကမ်းနံဘေးဆီကို တစ်ဖန်ပြန်ထွက်ကာ သူပြုခဲ့ဖူးတဲ့ ကောင်းမှုကုသိုလ်အဖြာဖြာတို့ကို အတိတ်ဘ၀ကမိသားစုဖြစ်တဲ့ ရှင်ညိုတို့ဆီ ရည်မှန်းလို့ အမျှပေးဝြေဖစ်ခဲ့တယ်။

    တရားနာပြီးနောက်မှာတော့ ညွန့်စိန် အလှူမဏ္ဍာပ်ကနေ သူ့အိမ်ဆီကို တစ်ယောက်ထဲ ပြန်ခဲ့လိုက်တယ်။ ကိုထူးနဲ့ ကျန်သူတွေက မဏ္ဍာပ်မှာ သိမ်းဖို့ဆည်းဖို့ စိုင်းပြင်းနေကြတာဆို ညွန့်စိန်ထွက်လာတာကို ဘယ်သူမှမသိဘူးရယ်။

      ညွန့်စိန်အတွက်တော့ မကြာခင်မှာ ရင်ဆိုင်လာရတော့မယ့်အရာကို တည်တည်ငြိမ်ငြိမ်နဲ့ပဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားမိတာ။

     အဲ့ဒီ့အချိန် ကြုံလာရတော့မယ့်အရာတို့အတွက် သူ့အနေနဲ့ ဘယ်သူ့ကိုမှ မျက်မြင် မခံစားစေချင်တော့ဘူး။

     လက်ရှိခံစားချက်တွေ အရတော့  သူ့ရဲ့ စိတ်တွေက တည်ငြိမ်နေတဲ့ ရေပြင်တစ်ခုလိုပါပဲ။

     တရားတော်ကို နာယူခဲ့တာမို့ ဒီလိုခံစားရတယ်လို့ပဲ ယုံကြည်မိနေပါတယ်။ တရားတော်ကြောင့်ပဲ သူ့အတွက် ခွန်အားတွေရခဲ့ရပြီး ဖြစ်လာတော့မယ့် အရာရာအတွက်ကို အကောင်းဆုံး ရင်ဆိုင်ဖို့ သူပြင်ဆင်ထားနိုင်ခဲ့ပါပြီ။

      မကြာခင်မှာ သူလှမ်းရတော့မယ့် ဘဝဟောင်းဆီကို ပြန်ရမယ့် ခရီးအတွက် သူတွန့်ဆုတ်လို့ မနေတော့ပြီ။  

      ညွန့်စိန် အိမ်ဆီ ပြန်ရောက်တာနဲ့  အိပ်ရာဆီကို တန်းသွားလိုက်ပြီး အသာအယာလှဲလိုက်မိတယ်။ အာရုံကိုတော့ သူပြုခဲ့ဖူးသမျှ ကုသိုလ်ကောင်းမှုတို့ရဲ့ အဟုန်ဆီမှာပဲ ထားရှိခံစားရင်းပေါ့။

     တဖြေးဖြေးနဲ့ သူ့ မျက်၀န်းတွေက လေးလံလာသလိုပါပဲ။ နောက်တော့...စိတ်ဝိဥာဉ်က ခန္ဓာဆီကပဲ လွင့်ပါးသွားတော့မလို ၀င်ချည်ထွက်ချည်နဲ့ ဖြစ်လာတယ်။

     တစ်ချက်တစ်ချက် သူ့နားထဲမှာ ခေါ်သံလိုလို၊ လေတိုးသံလိုလို အသံတချို့ ကြားလာရပြန်ရဲ့...။  

      " မယ်ရှင်...ရှင်မ..."

      " အမေ...အမေ...သားတို့ဆီပြန်လာနော်..."

      တဖြေးဖြေးနဲ့ အသံတွေက ပီသလာပြီး နီးသွားလိုက် ဝေးသွားလိုက်ဖြစ်နေတော့တာ။

       အဲ့ဒီ့ အသံတွေဆီ အားစိုက်နားထောင်မိရင်း သူ့ရဲ့ စိတ်ဝိဥာဉ်က ခန္ဓာဆီကနေ အတင်းရုန်းထွက် ဖယ်ခွာနေသလိုပဲ ခံစားလာရပြန်တယ်။ 

     တဖြေးဖြေးနဲ့ အသက်ရှုရတာလည်း မွန်းကျပ်ကျပ်နဲ့ နေရတာ မကောင်းတော့ဘူး။

      " သားက ချစ်လှစီးသလို မြင်းအညိုကြီးမစီးချင်ပေါင်၊ အောင်မှတ်စီးသလို မြင်းအဖြူကိုပဲ စီးမှာ..."

       အာရုံဆီမှာ ထပ်ပြီး ထင်ဟပ်လာခဲ့တဲ့ သားကိုရင်လေးရဲ့ အသံနဲ့ ရုပ်ပုံလွှာရယ်။

      " တကာမကြီးကလည်း ကိုရင်နားမှာ နေချင်တာများ ကိုရင်ကစားတဲ့ အနောက်ကို လိုက်ခဲ့ပြီးနေပေါ့..."

      ညွန့်စိန်ရဲ့ နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု။ အာရုံမှာ ထင်ဟပ်လာတဲ့ သားကိုရင်ကို သူပြုံးပြနေမိတော့တာ။
  
     ပြီးတော့ မျက်၀န်းဆီက တမျက်ရည်စ'တချို့ စီးကျလာသလိုလို ခံစားရပြန်ရော။   

     အဲ့ဒီ့ကနေ နောက်ပိုင်းမှာတော့...။

     သူ့ရဲ့ အမြင်အာရုံတို့က တဖြေးဖြေး ေ၀၀ါးမှောင်မိုက်လာရပြီး နောက်ဆုံးမှာ ပိန်းပိတ်အောင် မှောင်နေတဲ့ အမှောင်တိုက်ကြီးတစ်ခုရဲ့ အထဲဆီကို တငြိမ့်ငြိမ့်သက်ဆင်းရင်းနဲ့...။

* * * * * * 

     တစ်နှစ်ခန့်အကြာ...။

     တပေါင်းလပြည့်နေ့ နံနက်ခင်းပိုင်းအချိန်...။  

     ၀င်္ကဘာဘုရားဆီမှာ ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်နေတဲ့ အမျိုးသမီးတစ်ယောက်။ 

    သူနဲ့ ခပ်လှမ်းလှမ်းဆီမှာတော့ ဘုရားရှိ ၀င်္ကဘာအရံအတားတွေအပေါ်မှာ ထိုင်ရင်း စွန်ပါချောင်းရေပြင်ကို ကြည့်နေကြတဲ့ သားအဖနှစ်ယောက်။

      သားအဖနှစ်ယောက်ဆီက စကားသံက ပတ်၀န်းကျင်တစ်ခွင်ကို ပြန့်နှံ့နေသေးရဲ့...။

      " အဖေပြောသလိုဆိုရင် အမေ့ရဲ့ အရင်ဘ၀က မိသားစုက ဒီ၀င်္ကဘာဘုရားရဲ့ သိုက်ဆီမှာ ရှိနေတာပေါ့..."

     " အေးပေါ့ သားရဲ့..."

     " ဒါဆို အမေက သူတို့ဆီကို ဘယ်တော့မှ ပြန်သွားရမှာလဲ..."

     သားရဲ့ အမေးကို အဖေဖြစ်သူက ပြုံးလိုက်ပြီး ဘုရားရှိခိုးနေပြီဖြစ်တဲ့ သူ့ရဲ့ ဇနီးသည်ထံကို တစ်ချက်လှမ်းကြည့်လိုက်လေကာ...။

     " ဘယ်တော့ ပြန်သွားမလဲဆိုတော့ ဒီသိုက်က သားအဖတွေက မင်းအမေကို အသက်ကြီးပြီး ကံကုန်တော့မှ ပြန်လာတော့လို့ ပြောတယ်တဲ့..."

     သားဖြစ်သူက တွေးတောနေတယ်။ သူ့အကြည့်တို့ကတော့ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ စွန်ပါချောင်းရေပြင်ဆီမှာ။

      " အသက်ကြီးလို့ ကံကုန်မှဆိုတော့ ဒါဆို အမေက သားတို့နဲ့ အဖွားကြီးဖြစ်တဲ့ အထိနေရမှာပေါ့နော်..."

     " အေးပေါ့ ငါ့သားရ..."

     " ဒါနဲ့...အမေက သူတို့နဲ့ တွေ့ရင် ဘယ်လိုတွေ့တာလဲ..."

     " အင်း...သူတို့က မင်းအမေကို တွေ့ချင်ရင် အိပ်မက်ထဲကို လာတယ်။ နောက်ပြီး တစ်ခါတစ်လေကျရင် မင်းအမေကလည်း မေ့မျောသွားပြီး သူတို့ဆီရောက်သွားတတ်သေးတာတဲ့ကွ။ ဒါပေမယ့် အလှူနေ့က ဖြစ်ပြီးနောက်ပိုင်း အခုထိတော့ အဲ့ဒီ့လိုမျိုး မဖြစ်တော့ဘူး..."

     " ဪ..."

     အဖေဖြစ်သူပြောတဲ့ စကားတွေကို သားဖြစ်သူအနေနဲ့ အပြည့်အ၀နားလည်မယ်မထင်။ သို့သော်...မေးခွန်းတွေတော့ ထပ်မမေးတော့။ အဝေးဆီငေးကြည့်ရင်း ငြိမ်သက်နေတော့တာရယ်။ 

     သူ့စိတ်ထဲမှာတော့ ၀င်္ကဘာဘုရားသိုက်နဲ့ သူ့အမေရဲ့ ဆက်နွယ်မှုကို ဆက်စပ်တွေးတောနေတယ်ဆိုတာကတော့ အသေအချာ။ အဲ့ဒီ့အခိုက်...

      " ဒီနေ့ပြုပြုသမျှ ကုသိုလ်ကောင်းမှု အစုစုတို့ကို ဤ၀င်္ကဘာဘုရားသိုက်ဆီက အစောင့်အရှောက်ပုဂ္ဂိုလ်များနဲ့အတူ တပည့်တော်မ၏ ယခင်ဘ၀ခင်ပွန်းဖြစ်လေသော သိုက်စောင့်ရှင်ညို၊ သားမောင်ဖုန်းတို့အား ရည်မှန်း၍ အမျှကုသိုလ်ပေးဝေပါတယ်။ ယူတော်မူကြပါကုန်လော့..."

      အမျိုးသမီးဆီက အမျှပေးဝေသံက ၀င်္ကဘာဘုရားအတွင်းဆီတွင်မက ခပ်လှမ်းလှမ်းက စွန်ပါချောင်းရဲ့ ရေပြင်ထက်ဆီကိုပါ လှိုင်းခတ်ဖြတ်သန်းသွားရတယ်။

     တအောင့်အကြာမှာတော့...။

    အမျိုးသမီးက သားအဖနှစ်ယောက်ဆီကို လှမ်းလျှောက်လာခဲ့ပြီး...။

    " ကဲ...ကိုထူး ကုသိုလ်ကောင်းမှုလည်း လုပ်ပြီးပြီ။ ရှင်ညိုတို့အတွက် အမျှ အတန်းလည်း ဝြေပီးပြီ။ အိမ်ပြန်ကြစို့ရဲ့..."

      သားအဖနှစ်ယောက် ထိုင်ရာက ထလိုက်တယ်။ 

      ပြီးတော့ သားဖြစ်သူက အမေဖြစ်သူဆီပြေးလို့ လက်ဆွဲပြီး အဖေဖြစ်သူက နောက်ကလိုက်လို့ ဘုရားပုရဝုန်အတွင်းဆီက ထွက်ခွာသွားကြလေရဲ့...။

     အတော်လှမ်းလှမ်းရောက်တဲ့အခါမှာတော့ အမျိုးသမီးဖြစ်သူက ဘုရားရှိရာဆီကို လည်ပြန်လှည့်ကြည့်ရင်း စိတ်ထဲက...။

     " ရှင်ညိုတို့သားအဖအတွက် ညွန်စိန်ပြုပေးတဲ့ ကောင်းမှုကုသိုလ်တွေ ပြည့်ပြည့်၀၀ ရရှိပါစေနော်..."

      လို့ ရေရွတ်ပြီးနောက် အိမ်ပြန်လမ်းဆီကို လှမ်းသွားလေတော့တယ်။ 

     အဲ့ဒီအခိုက္​...။

     ၀င်္ကဘာဘုရားထက်ဆီကနေ မိသားစုသုံးယောက်ဆီကို ပြုံးရင်း လှမ်းမျှော်ငေးကြည့်နေမယ့် မျက်၀န်းနှစ်စုံကိုတော့ အများသူငါတို့ မြင်နိုင်ခဲ့မယ်ဆိုရင်ဖြင့်...။  

ပြီးပါပြီ။ 

၀န်ခံချက်...။

      ဤအဖြစ်အပျက်ပါ အကြောင်းအရာကား စာရေးသူရဲ့ မိခင်ဖြစ်သူနေထိုင်ခဲ့ရာ ဇာတိရပ်ရွာမှာ အမှန်တကယ်ဖြစ်ခဲ့ပါကြောင်း...။

      ဤစာမူတွင်လည်း မိခင်ဖြစ်သူနေရာကို လှခင် ဇာတ်ကောင်ဖြင့် အသုံးပြုရေးသားခဲ့ပါကြောင်း..။

      အလှူပြုလုပ်စဉ်တွင် စာရေးသူမှာ သားသုံးဦးအနက် အငယ်ဆုံးသားအဖြစ် ပါ၀င်ခဲ့ပါကြောင်း...။    

     ဤစာမူရေးသားချိန်တွင် ညွန့်စိန်နှင့် ကိုထူး ဇာတ်ကောင်နေရာက ကာယကံရှင်တို့မှာ သက်ရှိထင်ရှားရှိနေကြဆဲဖြစ်ပြီး သူတို့၏ သားဖြစ်သူမှာတော့ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဆိုင်ကယ်တိမ်းမှောက်ပြီး သေဆုံးခဲ့ရပါကြောင်းနှင့်...။

      အထက်ပါ ၀င်္ကဘာဘုရားသိုက် စာမူကို ဖြစ်ရပ်မှန်ကို ကျောရိုးပြု၍ စိတ်ကူးနှင့် ဖြည့်စွက်ကာ ရေးသားတင်ဆက်ခဲ့ပါသည်ဟု ၀န်ခံပြောကြားအပ်ပါသည်။    

     အားလုံးပဲ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိုင်ကြပါစေခင်ဗျား...။

                                     နောင်ရိုး(ဆေးတပ်)

Post a Comment

Previous Post Next Post

Comments