လူရည်ချွန်
__________
(၁)
” ကလင်း....ကလင်း....ကလင်း ”
ရွာထိပ်စာသင်ကျောင်းက ခေါင်းလောင်းထိုးသံသည် သူမုတ်တောင်ရွာ ကရင်တောရွာနှစ်ရွာစလုံးက မြည်ဟီးနေအောင်ကြားရ၏။
ခေါင်းလောင်းထိုးသံကြားရသည်နှင့်တပြိုင် ရွာလှည်းလမ်းဖုံထူထူလမ်းမကြီးတစ်လျှောက် ကျောင်းသားလူငယ်တစ်ယောက်က ပျာပျာယာယာ ဖနှောင့်နှင့်တင်ပါးကပ်မတက် ပြေးလာသည်ကို ကျွန်တော်တွေ့ရ၏။
ထို့နောက် ကျောင်းဆရာတစ်ယောက်သည်
” အားလုံးသတိ”
ဟု အော်လိုက်သည်နှင့် ကျောင်းသားလေးမှာမူ သူပြေးရောက်လာသည့် နေရာမှာတင် ကျောက်ရုပ်ကြီးသကဲ့သို့ သတိဆွဲရပ်ကာ မိမိနိုင်ငံ့တော်အလံအား အလေးပြုလေသည်။
နိုင်ငံတော်အလံလေးပြုပြီးသည်နှင့် ကျောင်းသားလေးသည် စာသင်ကျောင်းထဲ ပြေးဝင်လာသည်။
” မင်္ဂလာပါဆရာ ဝင်ခွင့်ပြုပါဆရာ ”
ချွေးတွေတပြိုင်းပြိုင်းနှင့် လက်ကလေးပိုက်ပြီး ဝင်ခွင့်တောင်းနေသည့် ကျောင်းသားလေးက တခြားသူမဟုတ်။ ဖိုးဝလုံးဖြစ်နေသည်။
ကျွန်တော်က ဖိုးဝလုံးကို သိပ်မကြည်သည့်မျက်နှာဘေးနှင့်ကြည့်ပြီး ကျောက်သင်ပုန်းတွင်စာရေးလျက် ဝင်ခိုင်းလိုက်သည်။ ဖိုးဝလုံးက သူ့ထိုင်ခုံတွင် ငြိမ်သက်စွာ လာထိုင်နေလိုက်၏။
ကျွန်တော်စာရေးပြီးတော့ ဖိုးဝလုံးကို အတန်းရှေ့တွင် ခေါ်ထုတ်လိုက်သည်။
” ဘာကြောင့် ကျောင်းတက်နောက်ကျရတာလဲ ဖိုးဝလုံး ”
ကျွန်တော်မေးသည်ကို ဖိုးဝလုံး ဘာမှမဖြေ။ ကျွန်တော်ရှေ့တွင် လက်ကလေးပိုက်၊မျက်လွှာကလေးချကာ ငြိမ်ကုပ်နေခဲ့သည်။
” ဆရာမေးတာ ဖြေလေ၊ ဘာလို့ကျောင်းတက်နောက်ကျနေတာလဲလို့... ”
ဖိုးဝလုံး ဘာမှ ပြန်မပြောဘဲ မျက်နှာငယ်လေးနှင့်ခေါင်းငုံ့နေရှာသည်။ သည်လိုနှင့် ဖိုးဝလုံးကို မေးရသည်မှာ ကျွန်တော်စိတ်မရှည်ဖြစ်လာရ၏။
” ကြာတယ်ကွာ လက်ဖြန့် ”
ဖိုးဝလုံးက သူ့လက်ကို မဝံ့မရဲနှင့် ထုတ်ပြီး ဖြန့်လိုက်သည်။
”ဖြန်း.....ဖြန်း....ဖြန်း ”
ကျွန်တော်ကြိမ်လုံးနှင့် ခပ်ကြမ်းကြမ်းသုံးချက်ချလိုက်သည်။ သို့သော် ဖိုးဝလုံးက အပြုံးမပျက်ဘဲ နာသွားသည့် သူ့လက်ကို လှုပ်ခါကာ သူထိုင်ခုံတွင်ပြန်သွားထိုင်နေခဲ့သည်။
မည်သို့ပင်ဆိုစေ။ ဖိုးဝလုံးသည် ကျွန်တော်စာသင်သည့်အခါ စိတ်ဝင်တစားသင်ယူနေသည်ကိုတော့ ကျွန်တော်သတိထားမိလေသည်။
တကယ်ဆို ဖိုးဝလုံးက ကျောင်းအမြဲနောက်ကျပေမယ့်လည်း စာအသင့်အတင့်တော်သည့်ကလေးတစ်ယောက်ပင်။ သို့သော် အမြဲလိုလိုကျောင်းနောက်ကျနေသည်ကိုတော့ ကျွန်တော် အားမလိုအားမရဖြစ်ခဲ့ရသည်မှာအမှန်။ ဒါကြောင့် ဖိုးဝလုံးကို တစ်ခါတရံ ကျွန်တော်သည် ဥပက္ခာပြုပြီး တခြားကျောင်းသားတွေနှင့် ခွဲခြားဆက်ဆံတာမျိုး မလုပ်မိမှန်းမသိ လုပ်မိသည်ဆိုတာ ဝန်ခံပါ၏။
(၂)
ကျွန်တော်တို့ကျောင်းတွင် နှစ်တိုင်းကျင်းပနေကျ စာစီစာကုံးပြိုင်ပွဲဆိုတာ ရှိသည်။ ဒါပေမဲ့ သည်နှစ်က အရင်နှစ်တွေလို သာမန်စာစီစာကုံးပြိုင်ပွဲ မဟုတ်၊ ကျွန်တော်တို့ကျောင်း၏ အရေးကြီးသော နှစ်ဖြစ်သည်။ သည်နှစ်က မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲ။
ကျွန်တော်တို့ သူမုတ်တောင်ရွာနှင့်ကရင်တောရွာနှစ်ရွာ၏ ဂုဏ်ကိုဆောင်မယ့်ပြိုင်ပွဲဖြစ်သည်။ သည်ပြိုင်ပွဲမှာ ကျွန်တော်က ကျောင်းဆရာ၊ ဆရာမတွေနှင့်တိုင်ပင်ပြီး ဖိုးဝလုံးကို ရွေးချယ်မည်ဟု ပြောပြသည့်အခါ ဆရာ၊ ဆရာမများက မျက်နှာရှုံ့မဲ့ကြ၏။ သူ့တို့ ဖိုးဝလုံးကို သိပ်ကြည့်ရသည့်ပုံမပေါ်။
” ကျွန်မတို့ကျောင်းအတွက် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲမှာ ဖိုးဝလုံးကို ထည့်လို့အဆင်ပြေပါ့မလားဆရာ ”
” ဒီကောင်လေးက ကျောင်တက်ချိန်မှန်တာမဟုတ်ဘူးနော်... ဆရာ”
” ဖိုးဝလုံးကို ကျွန်မလည်း သဘောမကျဘူး ဆရာ။ ကျောင်းလာရင်လည်း သန့်သန့်ပြန့်ပြန့်မရှိ ပေစုတ်စုတ်နဲ့”
ကျွန်တော်မှာ ထိုဆရာ၊ဆရာမများ၏ စကားတွေကို တုံ့ပြန်ရန်ခက်လှ၏။ ဘာကြောင့်လဲဆိုတော့ ဖိုးဝလုံးသည် ကျောင်းအမြဲလိုလိုနောက်ကျ သူ့ဖြစ်ပေမယ့်လည်း ပြိုင်ပွဲမှာသူလုပ်နိုင်မည်ဟု ကျွန်တော်ယုံကြည့်ထားသော်လည်း ရာခိုင်နှုန်းအပြည့် အာမ မခံရဲ၊ ဒါကြောင့် ကျောင်းက ဆရာ၊ဆရာမတွေ၏ စကားကို ကျွန်တော်မှာ အံကိုတင်းတင်းကြိတ်မိကာ ခေါင်းငုံ့ခံနေရသည်။
” ဆရာတို့အတန်းထဲမှာ တခြားစာလိုက်နိုင်တဲ့ကလေးတွေ တော်တဲ့ကလေးတွေ ရှိပါလျက်နဲ့ဆရာရယ်.....ကျောင်းအမြဲနောက်ကျနေတဲ့ လူကိုမှ ရွေးရတယ်လို့.......”
” ဒီကောင်လေးကို ရွေးမယ့်စား တခြားတစ်ယောက်ကို ထည့်လိုက်ရင် အနည်းဆုံးတော့ ကျွန်မတို့ကျောင်းအတွက် မျှော်လင့်ချက်ရှိပါသေးတယ်ဆရာ”
ဆရာမတွေ၏စကားသည် မကျေနပ်ချက်တွေက ထင်ဟတ်နေတာကြောင့် ကျွန်တော် ဖိုးဝလုံးကို ဒေါသတွေဖြစ်နေမိသည်။ တချို့ ဆရာမတွေ၏ မျက်လုံးများက ကျွန်တော့်ကို အထင်မကြီးသော မျက်လုံးများနှင့်ကြည့်နေကြသည်။
”လူတစ်ယောက်ရဲ့ အားနည်းချက်ကို ကြည့်မရတာနဲ့ အဲဒီလူကို အထင်သေး အမြင်သေး မပြောပါနဲ့ဗျာ။ ကျောင်းတက်ပျက်ကွက်တဲ့ ကျောင်းသားတစ်ယောက်က လူရည်ချွန်ဖြစ်ခွင့်မရှိဘူးတဲ့လား။ ပညာရေး ရာဇဝင်ရိုင်းနေရော့မယ် ဆရာ၊ဆရာမတို့ရယ်...”
ကျွန်တော်စိတ်ထဲ ပြောနေသည့်စကားများကို သူ့တို့မကြားနိုင်။ သို့သော် ကျွန်တော့်မှာ တုံ့ပြန်ရန် အင်အားမရှိ၊ ကျွန်တော်ရွေးထားသည့် ကျောင်းသားကလည်း ကျောင်းနောက်ကျမြဲ နောက်ကျလျက်....။
(၃)
ကျွန်တော် စာသင်ခန်းထဲတွင် တခြားတော်သည့်ကလေးတွေလည်းရှိသလို ညံ့သည့်ကလေးတွေလည်းရှိသည်။ အသင့်အတင့်စာလိုက်နိုင်သည့် ကလေးတွေလည်းရှိကြပါ၏။
သည်လိုမြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲဆိုတာ ကျောင်း၏ ဂုဏ်ကိုဆောင်ဖို့ ကျောင်းတွင်အတော်ဆုံးကလေးကို ရွေးချယ်ပြီး ပြိုင်ခိုင်းရသည်ဆိုတော့ ဆရာမတွေရဲ့ အထင်သေးမည်ဆိုလည်း အထင်သေးနိုင်ပါသည်။
သည်နှစ် စာစီစာကုံးပြိုင်ပွဲအတွက် ဖိုးဝလုံးကိုရွေးသည်ဆိုတာကလည်း ဖိုးဝလုံးစာအရမ်းတော်လွန်းလို့ရွေးတာမဟုတ်။ ဖိုးဝလုံးထက်တော်သည့် ကျူရှင်နှင့်ကျောင်းသားတွေအများကြီးရှိသည်။
တော်သည့်ကျောင်းသားကိုမှ ရွေးပြီးသင်ပေးသည်ဆိုလျှင် ကိုယ့်ကိုယ်ကိုဆရာလို့မခေါ်နှင့်ဟု ကျွန်တော်သည် ဤသို့ ခံယူထားသူတစ်ယောက်ဖြစ်သည်။ ဒါကြောင့်လည်း တော်တယ်ညံ့တယ်ဆိုသည့် ကျောင်းသားအားလုံးကို ကျောသားရင်သားမခွဲခြားဘဲ ကျွန်တော်သင်ပေးသည်။
ဆရာဆိုသည့်လူမျိုးကတော့ ကိုယ့်တပည့်လေးတွေအားလုံးကို တော်စေချင်၊ တတ်စေချင်တာပါပဲ မဟုတ်ပါလား။ ဒါပေမဲ့လည်း အတန်းထဲတွင် ပင်ကိုယ်ဥာဏ်အားကောင်းသည့်ကျောင်းသားလေးတွေလည်းရှိပါသည်။ ရှိပေမယ့်လည်း သူ့နေရာနှင့်သူ တော်ကြခြင်းဖြစ်၏။
ရေကူးတော်သည့်ငါးကို ကုန်းပေါ်ပြေးခိုင်းပြီး ကုန်းပေါ်တွင် ပြေးသန်သည့်မြင်းကို ရေးကူးခိုင်း၍မရ။ အရာအားလုံးသည် လောကကြီးတွင် သူ့နေရာနှင့်သူဖြစ်ဖို့လိုသည်မဟုတ်လား။
စာစီစာကုံးပြိုင်ပွဲအတွက် ကျွန်တော် ဖိုးဝလုံးကို အဘယ်ကြောင် ရွှေးရသနည်း။
လွန်ခဲ့သော နှစ်ပတ်လောက်တွင် ကျောင်းသားတွေအားလုံးကို ကျွန်တော်က ကိုယ့်စိတ်ကြိုက် စာစီစာကုံးတစ်ပုဒ်ရေးခိုင်းလိုက်သည်။ ကလေးတွေလည်း ကိုယ်စီသူတို့စိတ်ကူးစိတ်သန်ရာရေးကြသည်။
သည်ကျောင်းသားအားလုံးထဲမှာပင် သန့်သန့်ရပ်ရပ်ကလေးနှင့် မိခင်မေတ္တာကို ဖော်ကြူးထားသည့်စာစီစာကုံးလေးတစ်ပုဒ်ကို ကျွန်တော်ဖတ်မိခဲ့၏။
စာမူပိုင်ရှင်ဘယ်သူလဲ ဟု နာမည်ကြည့်တော့ ဖိုးဝလုံးဟု စာမူ၏အောက်အဆုံးတွင် နာမည်လေးတပ်ထားသည်။ အဲ့သည်ကတည်းက မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဖိုးဝလုံးကိုရွေးရခြင်းဖြစ်သည်။
သည်အကြောင်းကို ကျောင်းသားများကို ကျွန်တော်ဖွင့်မပြောရသေး။ ကျောင်းက ဆရာ၊ဆရာမတွေနှင့်သာ တိုင်ပင်ထားပြီး ကျွန်တော်ရင်ထဲဝှက်ထားတုန်းပင်..။
(၄)
နောက်တစ်နေ့ ဖိုးဝလုံး ထုံးစံတိုင်း ကျောင်းနောက်ကျပြန်သည်။ ဖိုးဝလုံး သည်လို နေ့တိုင်းအလိုလို ကျောင်းနောက်ကျနေသည်ကို ကျွန်တော်ဖိုးဝလုံးကို လုံးဝမကျေနပ်။
” မြို့နယ်အဆင့်စာစီစာကုံးပြိုင်ရမယ့်လူက ကျောင်းကိုအချိန်မှန်မရောက်လျှင် ကျွန်တော်တို့ကျောင်း၏ စံနမူနာ လူရည်ချွန်ဖြစ်ဖို့ ကျွန်တော်ဘယ်လိုလုပ် အားကိုးရမလဲ”
ဟု စိုးရိမ်စိတ်တို့က ကြီးစိုးလျက်။ နောက် စာစီစာကုံးပြိုင်ပွဲကလည်း နီးလာလေပြီလေ။
ဖိုးဝလုံးကျောင်း နောက်ကျတိုင်းလည်း ကျွန်တော်ဘာမေးမေး မဖြေတတ်သည့်ကောင်၊ ပေတေတေနှင့် လက်ပိုက်ပြီး လက်ဖြန့်ရိုက်ခံသည့်အကျင့်က သူ့အတွက်ရိုးအိလို့...။
ကြိမ်လုံးကလည်း သူကျောင်းရောက်ရောက်ချင်း `တဖြန်း...ဖြန်း`ဆိုသည့်အသံနှင့်အတူ ဆီးကြိုမြဲဆီကြိုလျက်..။ ဒါပေမဲ့ သည်နေ့တော့ ကျွန်တော်မရိုက်တော့ပေ၊ မနေ့က ဆရာမတွေ ဖိုးဝလုံးနေရာတွင် တခြားစာတော်သည့်ကလေးကို အစားထိုးဝင်ပြိုင်ရန် ပြောလာကတည်းက ကျွန်တော် ဖိုးဝလုံးကို ဒေါသတွေထွက်ပြီး အခဲမကြေဖြစ်နေခဲ့သည်။
” လာစမ်း....လာစမ်း....”
ကျွန်တော်ဖိုးဝလုံးကို ဆောင့်ဆောင့်ငေါက်ငေါက်နှင့် အတင်း စာသင်ခန်းထဲက ဆွဲထုတ်လာသည်။
” နင့်ကို ငါဒီနေ့စာသင်ခွင့်မပေးဘူး။ ဟိုမှာလက်မြောက်ပြီးတစ်နေ့လုံးရပ်နေ၊ မနက်ဖြန်ကျရင် နင့်မိဘတွေကိုကျောင်းကိုခေါ်ခဲ့ ကြားလား ”
ကျွန်တော်ဖိုးဝလုံးကို မာန်ပါပါဟစ်ပြောပြီး ကျောင်းအလယ်ကောင်ကွင်းပြင်၊ နေလုံးကြီး၏အောက်၌ လက်မြောက်ရပ်စေပြီးအပြစ်ပေးခဲ့သည်။ သို့သော် ကျွန်တော် မနက်ပိုင်းသာ ရပ်ခိုင်းပြီး ညနေပိုင်းတွင် အတန်းထဲ ပြန်ခေါ်ခဲ့ပါသည်။
ဖိုးဝလုံးက ကျွန်တော့်ကိုစိတ်ဆိုး စိတ်ကောက်ပုံမပေါ်၊ သူ့မျက်နှာပေါ်တွင် ကျေနပ်နေသော အရိပ်အရောင်သန်းနေသည်ကို ကျွန်တော်သတိထားမိ၏။
ဖိုးဝလုံးကို သည်လိုအပြစ်ပေးရတာလည်း ကျွန်တော် စိတ်မကောင်းဖြစ်ရသည်။ စိတ်မကောင်းသော်လည်း ဘယ်လိုလုပ်မည်နည်း။
အပြစ်ရှိသည့်လူကို အပြစ်ကတော့ ပေးရမည်မဟုတ်လား။ အခုလိုငယ်ရွယ်စဉ်မှာ မပြုပြင်ပေးပဲ ကြီးလာမှပြင်ပေးမည်ဆိုလျှင် သူ့တို့ဘဝတွေလမ်းဘေးရောက်ကုန်ကြမည်။ ဒါကြောင့် ကိုယ့်တပည့်လေး ကျောင်းမှန်မှန်တက် စာမခက်ဆိုသည့်အတိုင်း စိတ်ဓာတ်၊စည်းကမ်း၊ပညာကိုလည်း အရေးတကြီး အထူးပဲ့ပြင်ဆုံးမနေခဲ့မိသည်။
ဖိုးဝလုံးလေးကို ကျွန်တော် ကျောင်းမနောက်ကျစေချင်ပါ။ ကျောင်းကိုအချိန်မှန်ရောက်စေချင်သည်။ ဒါမှလည်း သူလူရည်ချွန်ဖြစ်လာခဲ့လျှင်
”ကျောင်းအမြဲနောက်ကျတတ်တဲ့ကောင်က လူရည်ချွန်ဖြစ်သွားသတဲ့”
ဟု ဆရာတွေ ဆရာမတွေ၊ သူ့ကျောင်းနေဖက်သူငယ်ချင်းတွေက မကဲ့ရဲ့ကြမှာ မလှောင်ပြောင်ကြမှာ ။ ဒါကြောင့် ကျောင်းကိုအချိန်မှန်ရောက်စေချင်သည့်ကျွန်တော်စေတနာက ဖိုးဝလုံးလေးကောင်းဖို့အတွက် ကျွန်တော်ပေးမိသည့် ပြစ်ဖြစ်သည်။
(၅)
နံနက်ခင်း၏ နေရောင်ခြည်နုနုကလေးများသည်။ ကျောင်းရှေ့က စံပယ်ပွင့်များဆီသို့ အလင်းအားများပေးနေသည့်နှယ်....။
” ကလင်း.....ကလင်း.....ကလင်း”
သည်တစ်နေ့တော့ ဖိုးဝလုံးပြေးလာတာ မတွေ့ရတော့ပါ။ အခါတိုင်းဆို ခေါင်းလောင်းထိုးသံကြားရသည်နှင့် ဖနှောင့်နှင့်တင်ပါးရိုက်သည့်တိုင်အောင် ပျာယာခတ်ပြေးလာသည်ကို ကျွန်တော်မြင်တွေ့နေကျ ။
သည်နေ့တော့ သည်ကောင်ပြေးလာတာမမြင်ရဘူးဆိုတော့ -
” မနေ့က ပူကျဲကျဲထဲ လက်မြောက်ရပ်ခိုင်းပြီး အပြစ်ပေးလိုက်တာ မှတ်သွားသလားမသိဘူး။ အခုလောက်ဆို စာသင်ခန်းထဲရောက်နေလောက်ပြီ”
ကျွန်တော်အတွေးတွေက ဖိုးဝလုံးဆီမှာ ဆိုက်ငံ့၍ ပြုံးနေမိ၏။ သည်လိုနှင့် အတန်းထဲဝင်ပြီး ဖိုးဝလုံးကို ကျွန်တော်လိုက်ရှာနေမိသည်။ အတန်းထဲတွင် ကျောင်းသားအားလုံး စုံပြီး ဖိုးဝလုံးနေရာသာ လွတ်နေလေသည်။
” သား....ဖိုးဝလုံးရော့”
”မလားဘူးဆရာ”
ဖိုးဝလုံးမလာဘူးဆိုသည့် စကားကို ကြားတော့ ကျွန်တော် ရင်ထဲမှာ ဝမ်းနည်းသည့်ခံစားချက်က စူးခနဲ နစ်ဝင်လာသလို ကျွန်တော်အပြုံးကလည်း အသက်မမဲ့လာသည်။
” မနေ့က ငါပေးလိုက်တဲ့ အပစ်ဒဏ်ကြောင့် စိတ်ဆိုးပြီး ဖိုးဝလုံးမလာတာများလား။ ဒါမှမဟုတ် ဖိုးဝလုံးကျောင်းထွက်သွားတာလား”
ကျွန်တော်အတွေးကမ္ဘာထဲ ယောင်ချာချာဖြစ်နေမိသည်။ ဒါနှင့်ပဲ ညနေကျောင်းဆင်းလျှင် ဖိုးဝလုံးအိမ်ဆီသွားကြည့်မည်ဟု ကျွန်တော်ဆုံးဖြတ်ချက်ချလိုက်သည်။
ကျောင်းကညနေ (၃)နာရီခွဲလွတ်သည်။ ကျွန်တော်တို့ဆရာ၊ဆရာမတွေကတော့ စာရင်းဇယားလုပ်၊ သန့်ရှင်းရေးလုပ်ရင်း စကားတွေပြောကြနှင့်( ၅)နာရီထိုးလောက်မှ ကျောင်းကပြန်ဖြစ်ကြသည်။
အဲသည်နေ့က နေဝင်စောသလားမသိပါ။ ညနေ (၅)နာရီထိုးသည်နှင့် နေမင်းကြီးက ကျွန်တော်တာဝန်ကျနေသည့် ကရင်တောရွာနှင့်သူမုတ်တောင်ရွာ လယ်ကွင်းပြင် အလယ်ကောင်က ထန်းငါးပင်တန်းလျားအောက်က လျှို့လုလုဖြစ်နေသည်။ သိပ်မကြာပြီ ဆည်းဆာ၏အလှတို့က ညိုးနွမ်းတော့မည်။
သူမုတ်တောင်ရွာနှင့်ကရင်တောရွာသည် သိပ်မဝေးလှ၊ ကျွန်တော်တို့ကျောင်းက ရွာနှစ်ရွာ၏အလယ်လမ်းဆုံတစ်ခုမှာရှိသည်။
ကျွန်တော်က သည်ရွာကမဟုတ်တော့ ကျောင်းသားတွေ၏အိမ်တွေကို မသိ။ ရွာနှစ်ရွာပေါင်းမှ အိမ်ခြေ(၅၀)ပြည့်သည့် တောရွာ ၊ တံငှါရွာလေးတွေ ဖြစ်သည်။
သည်လိုနှင့်ပဲ ဘားတန်းစက်ဘီကလေးကိုနင်းပြီး ပါးစပ်ရှိလျှင်ရွာရောက်မည်ဆိုသည့်အတိုင်း ဖိုးဝလုံးအိမ်ကို ကျွန်တော်မသိပေမယ့် ကျွန်တော်မေးမြန်းစုံစမ်းပြီး လိုက်ရှာသည်။ လမ်းခုလပ်တွင် လူတစ်ယောက်နှင့်တွေ့တော့...
” ဖိုးဝလုံးတို့အိမ် ဘယ်နားမှာလဲ ခင်ဗျာ ”
” ဒီလမ်းအတိုင်း တည့်တည့်သွားရင် သရက်ပင်တစ်ပင်တွေ့လိမ့်မယ်။ အဲနံဘေးမှာ လယ်တဲသာသာအိမ်တစ်လေးတစ်လုံးက ဖိုးဝလုံးနှင့် ဒေါ်ထားတို့ အိမ်ပါဆရာ”
သည်လိုနှင့် ဖုံထူထူလမ်းမကြီးအတိုင်း စက်နင်းလာခဲ့လေသည်။
သူမုတ်တောင်ရွာ နှင့် ကရင်တောရွာသည် လမ်းတစ်လမ်းတည်းဖြစ်သည်။ ထိုလမ်းသည် လှည်းလမ်းဖြစ်သောကြောင့် နွေရာသီဆို ဖုံလုံးကြီးများက တလှိုင်းလှိုင်းထနေသည်။ မိုးရာသီတို့ဖြင့် ရွှံ့ဗွက်များနစ်နေတတ်သည်မို့ လှည်းဘီးများကျွံနေတတ်သည်။
သည်လို ဖုံထူထူလမ်းတစ်လျှောက် ကျွန်တော်လာရင်း သရက်ကြီးနံဘေးတွင် တဲသာသာအိမ်ကလေးတစ်လုံးတွေ့သည်။ ရွာထဲကပြောသည့် လယ်တဲသာသာအိမ်လေးလိုဆောက်ထားသည့် အိမ်ဆိုတာ သည်အိမ်ပဲဖြစ်မည်။
ကျွန်တော်ထိုအိမ်ရှေ့ရောက်လို့ ဘားတန်းစက်ဘီကလေးကို ဒေါက်ထောင့်ပြီး အိမ်ထဲသို့ ချောင်းကြည့်နေစဉ် -
”ဆရာ.....သားတို့အိမ်ကို အလည်လာတာလားဆရာ ”
ဟု ကျွန်တော်လက်ကို ကလေးတစ်ယောက်လာဆွဲပြောသည်။ ကျွန်တော်ဆတ်ခနဲလှဲ့ကြည့်လိုက်တော့ ဖိုးဝလုံးဖြစ်နေသည်။
” ဝင်ထိုင်လေ ဆရာ ”
ဖိုးဝလုံးက ကျွန်တော်လက်ကို ဆွဲပြီး သူ့အိမ်ထဲဆွဲခေါ်လေသည်။ ကျွန်တော်လည်း ရောက်ပြီးကာမှ ခဏထိုင်စကားပြောမည်ဟုတွေးရင်း ဓနိမိုး ထရံအိမ်ထဲဝင်လိုက်သည်နှင့် ယိုပေါက်များစွာနှင့် ခေါင်းမိုးဟောင်းကြီးများက ကျွန်တော်ရင်ထဲ အုန်းခနဲဖြစ်အောင်နှုတ်ဆက်ကြလေ၏။
”အမေရေ.....ဆရာလာတယ်”
” ဟင်......အို.....ဆရာဆိုလို့ ကျွန်မက ဆရာဝန်ထင်နေတာ ကျောင်းဆရာလေးကို”
ပြောပြောဆိုဆို ဆံပင်ဖောဖောသီသီ မိန်းမတစ်ယောက်က အိပ်ယာက ထလာသည်။
” ဘာကိစ္စများ ရှိလို့ပါလဲ ဆရာ”
” ဖိုးဝလုံး ဒီနေ့ကျောင်းမလာတာ ဘာများဖြစ်သလဲလို့ လာကြည့်တာပါ။ ကဲ....ဖိုးဝလုံး ဘာကြောင့် ကျောင်းမတက်တာလဲ ဟင်....”
ဖိုးဝလုံးသည် သူ့အမေနားတွင် မျက်လွှာကလေးချကာ တုတ်တုတ်မလုပ် ထိုင်နေသည်။ အစကတည်းက သည်ကိစ္စတွေမေးလျှင် မဖြေတတ်သည့် ဖိုးဝလုံး လက်ဖြန့်၍သာ အရိုက်ခံတတ်သည်မို့ အခုလည်းမဖြေပြန်၊ သူ့အမေနား ငုတ်တုတ်ထိုင်လျက်။
” ဖိုးဝလုံး ဆရာမေးတာဖြေအုံးလေ”
သည်တစ်ခါမှာတော့ အမေဖြစ်သူက -
” ဒီနေ့ ကျောင်းမတက်တာ မဟုတ်ပါဘူး။ ဆရာလေးရယ်။ ကျောင်းမတက်နိုင်တာပါ။ မနေ့တုန်းက ကျောင်းကငေးငေးမှိုင်မှိုင်ပြန်လာတယ်ဆရာ။ ကျွန်မက ဘာဖြစ်လာသလဲမေးတော့ ဘာမှမဖြေဘူးတဲ့။ သူလုပ်နေကျ ထမင်းတယ် အဝတ်လျော်လုပ်ပြီး စောင်ခြုံကွေးအိပ်နေခဲ့တာပဲဆရာ။ ကျွန်မ သားလေးအိပ်နေတုန်း နဖူးကိုလက်ပံနဲ့စမ်းလိုက်တော့မှ တစ်ကိုယ်လုံးပူရိန်နေတယ်။ အဲ့ဒါကြောင့် ဒီနေ့ကျွန်မသားလေးကို ကျောင်းမတက်ခိုင်းတော့တာပါဆရာလေးရယ်...။ ဒါတောင် သူက ကယောင်ကတန်းနဲ့ ကျောင်းသွားမယ် တကဲကဲထအော်နေတာဆရာ”
ညိုးနွမ်းလျ မျက်နှာငယ်လေးနှင့်အမေဖြစ်သူ ကျွန်တော့်ကိုပြောသည်။ ထိုစကားကိုကြားတော့ ကျွန်တော်စိတ်မကောင်းဖြစ်သွားရ၏။
”ဆရာ့ကိုခွင့်လွတ်ပါ ဖိုးဝလုံးရယ်။ ဆရာက မင်းကို ချစ်လို့ တော်စေချင်လို့ပေးမိတဲ့ ပြစ်ဒဏ်က အခန့်မသင့်ရင် မင်းဘဝကြီးတစ်ခုလုံး ဆုံးရှုံးသွားနိုင်တာပဲ”
ကျွန်တော်စေတနာအမှား ဖိုးဝလုံးအပေါ်မှာ တော်တော်ရက်စက်ရာရောက်သွားပြီလားဟုတွေးရင်း ဝမ်းနည်းပက်လက်နှင့် စိတ်ထဲတွင် ဖိုးဝလုံးကို တောင်းပန်နေမိသည်။
” ဒါနဲ့ အမြဲလိုလို ဖိုးဝလုံးကျောင်း နောက်ကျတာကရော၊ ဘယ်လိုဖြစ်တာလဲ ခင်ဗျ”
ကျွန်တော်ဖိုးဝလုံးမျက်နှာကို ကရုဏာမျက်လုံးနှင့်ကြည့်၍ အမေဖြစ်သူကို မေးလိုက်သည်။
အမေဖြစ်သူသည် မရွှင်သာသည့်မျက်နှာနှင့် သူ့၏ပါးစပ်က -
”ကန်တော့ပါရဲ့ဆရာ”
ဟု စကားနှင့်အတူ သူခြုံထားသည့် စောင်အမည်းရောင်လေးကို လှန်ပြသည်။
” ဟင်...... အဲဒါက.....ဘယ်...ဘယ်လို...”
ကျွန်တော်အံ့အားသင့်ကာ စကားများပင် ထစ်ငေါ့သွားမိသည်။
” ဟုတ်တယ်ဆရာ ကျွန်မက ခြေပြတ်နေတဲ့ ဒုက္ခိတတစ်ယောက်ပါဆရာရယ်...။ ဘာတစ်ခုမှ မလုပ်နိုင်ပါဘူး။ သားလေး ကျောင်းနောက်ကျတယ်ဆိုတာကလည်း ကျွန်မစားဖို့သောက်ဖို့ ပြင်ဆင်ပေးရင်း ကျောင်းနောက်ကျနေတာပါဆရာလေးရယ်”
” ဗျာ....”
ကျွန်တော်လန့်သွားသည်။ စိတ်ထဲမှာလည်း ကယောင်
ခြောက်ချားဖြစ်သွားမိသည်။
”တကယ်တော့ သားလေးက ကျောင်းမှာ လူရည်ချွန်ဖြစ်ချင်တဲ့အကြောင်း ကျွန်မကို ခဏခဏပြောပါတယ် ဆရာ။ ကျွန်မလည်း လူရည်ချွန်ဖြစ်ရင် စာကြိုးစားနော်လို့ သားလေးကို အားပေးစကားနဲ့နှစ်သိမ့်ခဲ့တာအကြိမ်ကြိမ်၊ အဲဒီစကားကလွဲလို့ ကျွန်မသားလေးကို ဘာမှမလုပ်ပေးနိုင်ခဲ့ဘူးဆရာ။ သူများသားသမီးတွေလို့ ကျူရှင်လည်းမထားနိုင်ခဲ့ဘူးဆရာ”
ဖိုးဝလုံးတို့ သားအမိကိုကြည့်ပြီး ကျွန်တော်နှလုံးသားတွေကြေကွဲသွားရသည်။ ကျွန်တော်မျက်ရည်တွေကို ဘယ်လိုမှ ထိန်းမရတော့ ကျွန်တော်မျက်ဝန်းထဲက မျက်ရည်တွေ အလိုလိုစီးကျလာခဲ့သည်။
အမေဖြစ်သူပြောပြမှ ဖိုးဝလုံးကျောင်းနောက်ကျသည့်အကြောင်းအရင်းကို ကျွန်တော်သိခဲ့ရသည်။ ကျွန်တော်ဖိုးဝလုံးရဲ့ဘဝကိုမသိဘဲ ကျောင်းနောက်ကျလျှင် ဆူမိ၊ရိုက်မိသည့်အပြစ်တွေအတွက် ဘယ်လိုပြန်ပေးဆပ်ရမည်နည်း။ ကျွန်တော်အတွေးတွေက လွင်ပြင်တစ်ခုဆီသို့.....။
သည်လိုနှင့် ကျွန်တော် ယိုပေါက်များစွာနှင့် ဖိုးဝလုံးတို့ အိမ်ခေါင်မိုးကို မော့ကြည့်ပြီး မျက်ရည်တွေကို မြိုသိမ့်နေမိ၏။
” ဖိုးဝလုံးကို ဘယ်ချိန်ပဲဖြစ်ဖြစ် ကျောင်းကိုရောက်အောင်တက်ခိုင်းလိုက်ပါ ကျွန်တော်ခွင့်ပြုပါတယ် ”
ကျွန်တော်စကားကြားသည်နက် ဒုက္ခိတမိခင် တစ်ယောက်၏ ပီတိမျပ်ရည်များက မြေခသွား၏။
”ကဲ.... ဖိုးဝလုံး ”
ကျွန်တော်ခေါ်လိုက်တော့ ဖိုးဝလုံး မျက်နှာငယ်လေးနှင့် ခေါင်းကလေးမော့ကာ ကျွန်တော့်ကို ရိုသေသောအကြည့်မျိုးနှင့်ကြည့်သည်။
” ဒီလ မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲမှာ ဆရာတို့ကျောင်းအတွက် သားလေးဝင်ပြိုင်ရမယ်နော် ”
ဖိုးဝလုံး ငိုမျက်လုံးနှင့်ပြုံးပြလျက် -
”ကျေးဇူးတင်ပါတယ်ဆရာ”
ဟု အားတက်သရော် ကျွန်တော်ကိုပြောကာ သူ့အမေကို ထွေးဖက်လိုက်သည်။
ကျွန်တော်စကားကိုကြားရသော ဖိုးဝလုံးတို့သားအမိ မျက်ရည်မဆည်နိုင်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက်ထွေးဖက်ပြီး ပျော်နေကြသည်။ ကျွန်တော်လည်း ဖိုးဝလုံး ဘဝကို အနာတရဖြစ်အောင်လုပ်ခဲ့မိသည်အတွက် နောင်တရမိလျက်...။ ။
(၂၀၁၄ ခုနှစ် မောင်ဖိုးဝလုံးသည် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သောကြောင့် လူရည်ချွန်ဆုရရှိခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ...)
_________________
ပြီး...........။
🌺🌺🌺🌺🌺
လေးစားစွားဖြင့်
✍✍✍✍✍
မောင်သုည (ရှပ်ပုံသားလေး)
🌹🌹🌹🌹🌹
9.1.2023
🍁🍁🍁🌼🌼🌼🌺🌺🌺🍁🍁🍁🌸🌸🌸🌹🌹
မေတ္တာဖြင့်ရေးဖွဲ့ထားသော ဝတ္ထုလေးကိုအကြံပြုပေးပါ။ ဝေဖန်ပေးပါ။ လိုအပ်ချက်များကိုလည်း ပြောပြပေးကြပါ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀🥀
#လေးစားစွာcreditပေးပါသည်

Post a Comment