ကျွန်တော် ထမင်းဆိုင်ပိုင်ရှင်
"""""""""""""""""""""""""""""""""""
ရုံးပေါင်းစုံရှိတဲ့ ဝင်းကြီးထဲ ထမင်းဆိုင် စ.ဖွင့်တော့ လူသိပ်မကျဘူးရယ်။မဒမ်နေက တော့်ဟာ ဟုတ်ပမလားမေးတော့ မပိုင်ရင်ခြင်တောင်မရိုက်ဘူးကွ ပေါ့ ခပ်တည်တည်ပြန်ငေါက်သေးတာရယ်။
ခြင်ထောင်ပြဲမှာစိုးတာလဲပါတာကိုး 😁
လ.အနည်းငယ်ကြတော့ မဒမ်နေရဲ့လက်ရာကြောင့် စ.ပြီးလူစည်လာရော...။
ဝန်ထမ်းအများစုလာစားကြတဲ့ဆိုင်ဆိုတော့ သူတို့ စားပုံသောက်ပုံတွေကို တဖြည်းဖြည်းနဲ့ သိလာတယ်။
ဘယ်သူက ဘယ်လိုစားတယ်
ဘယ်သူကတော့ ဘယ်လိုဆွဲတယ် ပေါ့... သိလာရော....
ခင်ဗျားတို့ သဘောပေါက်နားလည်အောင်ပြောပြရရင် ...
ဒီလို....
..........
..........
စိုက်ပျိုးရေးအဖွဲ့တွေက လူကြီးပိုင်းပဲစားတာများတယ်။
အငယ်တွေက သိပ်မစားရရှာဘူး။
လူကြီးပိုင်းပဲစားတော့ ရှယ်တွေရောင်းရတာပေါ့ ။
တစ်ခါပြင်ကိုစိတ်မဝင်စားဘူး။
စိုက်ပျိုးရေးဆိုတာ လူကြီးတွေပဲ စားတယ်ဆိုတာ သိလာရတယ်။
နောက် စည်ပင်ဝန်ထမ်းတွေ....
အမယ် တို့တိတို့တိစားတာဗျာ
ဟိုနားတို့တိတို့တိ ဒီနားတို့တိတို့တိနဲ႔
မပြီးနိုင်မစီးနိုင်စားတာကိုး...
လမ်းတံတားဆောက်လုပ်ရေးကဝန်ထမ်းတွေကျ ချွေတာရေးဗျိုး
တစ်ခါပြင်ပဲစားတာကလား
တစ်ခါပြင်လိုက် စားလိုက် တစ်ခါပြင်ခိုင်းလိုက် စားလိုက်နဲ့
မဒမ်နေခမျာ တစ်ခါပြင်ပွဲ ပြင်ပေးရတာကို လက်မလည်ဘူး
တစ်ခါပြင်ရင်း တစ်ခါစားရင်း.....ကိုး
လဝက ဝန်ထမ်းတွေကျ တစ်မျိုးဗျား
ပုံပြင်တစ်ပွဲအော်သံကြားလို့ကတော့ သေချာပြီသူတို့ပဲ
ပုံပြင်လိုက်စားလိုက်
ပုံလေးပြင်လိုက် စားလိုက်
ထမင်းပေါ်ဟင်းပုံပေးလိုက် ပြီးတာပဲ.....
ချွေတာရေးလားငါ့ဆရာတို့ လို့မေးတော့ ရယ်ကြတယ်ဗျ...
ပုံပြင်ပြီးစားတတ်ဖို့တာ လွယ်မှတ်လို့ဗျာ တဲ့
ပြန်ပြောတော့ ကျုပ်မှာ ရီရသေး...
နောက်ဝန်ထမ်းကျ ယဉ်ထိန်းရဲတွေခင်ဗျ....
ထူးဆန်းတာပြောရအုံးမယ်...
တစ်နေကုန်နီးပါးစားတာဗျာ
အားတာနဲ့ လာစားကြတာ....
စားတော့လဲ တစ်ဝိုင်းထဲထိုင်မစားဘူးခင်ဗျ....
သုံးယောက်လာရင် နှစ်ဝိုင်းထိုင်တယ်
လေးယောက်လာရင် သုံးဝိုင်းထိုင်တယ်..
နေရာခွဲစားတာခင်ဗျ
ဟိုနေရာပြေးချလိုက်ရ
ဒီနေရာပြေးချလိုက်ရနဲ့ ဖတ်ဖတ်မောတယ် အဟုတ်
တစ်နေရာထဲစုစားပါလားဗျာ လို့ ပြောတော့
ငါတို့က တစ်နေကုန်အောင်ထိုင်စားနေရတာ
တစ်နေရာထဲဆို ညောင်းတယ်ကွ....တဲ့
မဒမ်နေ ကျုပ်ကိုနင်းပေးရတဲ့ညဆိုသေချာတယ်
အဲ့နေ့ ယာဉ်ထိန်းတွေလာစားတဲ့နေ့ပဲ....
သူတို့နဲ့ဆန့်ကျင်ဖက်က တရားရေးကဝန်ထမ်းတွေဗျား
တစ်ထိုင်တည်း အပီအပြင်စားတာကလား
ရှိတာအကုန်ချကွာ ဆိုလို့ကတော့ မဒမ်နေတို့ ပြုံးပြီ
ဝက် ကြက် အမဲ အကုန်ချ
တစ်ချီထဲ အဝစားကြတာဆိုတော့တွက်ချေကိုက်ရုံတင်မဟုတ်ဖူး
လျှံတောင်လျှံနေသေး...
တစ်ထိုင်တည်းအဝစားကြတာဆိုတော့ အဲ့ည မဒမ်နေတို့ မြူးတဲ့ညပေါ့ဗျာ.....
ဆရာဝန်တွေကျ တစ်မျိုး...
ကျုပ်ဆိုင်ကို သိပ်လှည့်မကြည့်ကြဘူး
ဘေးနားကပ်လျက်က အအေးခန်းဆိုင်မှာထိုင်ကြတာများတယ်ဗျ
ပရိုက်ဗိတ်ဆိုင်က ပိုမိုက်တယ် ဆိုပဲ
နားကြပ်ကြီးတွေတကားတးကားနဲ့ဝင်သွားရင် အဲ့အအေးခန်းဆိုင်က ပြာပြာသလဲကြိုကြသကိုး.....
ခက်ပ
ကျုပ်ဆိုင်လဲ သန့်ပါတယ်ဗျာလို့ ဆရာဝန်ပေါက်စလေးတစ်ယောက်ကို ရင်ဖွင့်မိတော့...
ဆေးရုံနဲ့ဆေးခန်းကွာသလိုပေါ့ဗျာ တဲ့
သိပ်တော့နားမလည်ပေမယ့် အင်းဟုတ်ပါတယ်လေ လို့ပဲ တွေးလိုက်ပါတယ်......
မြေစာရင်းကဝန်ထမ်းတွေလဲ စားပုံထူးသဗျ...
သူတို့အတွက် စာအုပ်လုပ်ပေးထားရတာရယ်....
စားကာနီး လက်မှတ်ထိုးကြတာဗျ...
သူတို့အပြောက လ.ကုန်ရှင်း တဲ့
လက်မှတ်ထိုးပြီး စားလိုက်
စားကာနီးလက်မှတ်ထိုးကြနဲ့
လကုန်ရှင်းစနစ်ကိုး.....
မှန်တော့မှန်တယ်ဗျ....
လက်မှတ်ထိုးပြီးစားသမျှ လကုန်ကျ အကြေရှင်းပေးတာဗျား
လူမှန်တွေရယ်... အံ့ချက် အဟုတ်....
ထွေအုပ်ဝန်ထမ်းတွေအကြောင်းလဲပြောရအုံးမယ်...
ဘာဟင်းချ ဘာအသားချ လို့ ပြောတာ ရိုးရိုးမပြောဘူး
ငေါက် တာ ခင်ဗျ.....
ငေါက်ပြီး ချခိုင်းတာ.....
ဟင်းက ချေးများသေး
ဘာမရှိဘူးလား ဘာအသားဟင်းစားချင်တာ....ဂျီးတွေများချက်ဗျာ..
ဒီကြားထဲ ဘယ်ဝိုင်းက ဘာပိုနေလဲ အဲ့ဒါပါချ လုပ်သေးတာရယ်
စိုက်ပျိုးရေးဝိုင်းကပိုနေသလား...
လဝကဝိုင်းက ပိုနေသလား
မြေစာရင်းဝိုင်းက ပိုနေလား
ပိုတာ အကုန်ချ စားမယ်ဆိုတာချည့်ပဲ.....
အကုန်စားတာရယ်.....
သူတို့ဆိုင်ထဲဝင်လာရင်... မဒမ်နေကို အော်ပြောရတယ်....
ဝေသာလီပြည် ဘီလူးစီးမယ် မိန်းမရေ....လို့
...
...
ဟူး....
သတိများပေးလိုက်ပါရဲ့
ခင်ဗျားတို့ အစိုးရရုံးပေါင်းစုံဝင်းထဲမှာ
ဘယ်တော့မှ ထမင်းဆိုင် သွားမဖွင့်မိစေနဲ့
မောတယ်..... အဟုတ်...။။
ခရက်ဒစ်
NayHtike @ #dnay ရေးသည်။
(just for smile)

Post a Comment