အပ်နှစ်စင်း၏ ဆုံမှတ် 🍀🍀🍀🍀🍀🍀🍀 မွှေးတူးလေး

အပ်နှစ်စင်း၏ ဆုံမှတ်
🍀🍀🍀🍀🍀🍀🍀 မွှေးတူးလေး


(၁)

အနီရင့်ရောင်လား၊ အညိုရောင်လား မသဲကွဲ။ 
ချွဲပျစ်ပျစ်အရာများကို ရေနှင့် ဆေးချလိုက်ရင်း  မာန်ပါပါ ပြုံးနေသည့် အမေ့ကို ကြည့်ကာ အငယ်မ စိတ် ညစ်မိသည်။ အငယ်မကသာ စိတ်ညစ်နေသော်လည်း အမေကတော့ အောင်ပွဲရသူတစ်ယောက်ပမာ ဝင့်ထည်စွာ ပြုံးရွှင်နေလေ၏။ 

"ဒီအလုပ်က တော်ရုံသမ္ဘာနဲ့ မရဘူး။ ဝါရင့်၊ သမ္ဘာရင့်တဲ့ ငါ့လိုလူမျိုးတောင် ကိစ္စ မပြီးမချင်း ချွေးတလုံးလုံး ဖြစ်ရတာအေရဲ့"

ဂုဏ်ယူစွာ ပြောနေသည့် အမေ့အသံများက ဟောင်ဖွာဖွာ ရှိလှသည်။ မကြားချင်၍လည်းမရ၊ သည်အိမ် တွင် နေနေသမျှ ကြားနေရဦးမည်။

"အစ်မကြီး ကျသင့်ငွေလေး ပြောပါအုံး" 

"သုံးသိန်း"

ခပ်ပြတ်ပြတ်အသံ မဆုံးမီတွင်ပင် လက်အတွင်းသို့ ခုန်ဆင်းလာခဲ့သည့် ငွေတစ်အုပ်ကို အမေက ပြုံးရွှင်စွာ  လက်ခံယူလိုက်သည်။ သည်ကဲ့သို့အလုပ် အပ်သူမျိုးကို အမေ သဘောကျသည်။ သူ့ဘက်က ရော့ပတ္တမြား ဆိုလျှင် ဟိုဘက်က ရော့နဂါး ဆိုပြီး တန်းလာမှ အမေက ကြိုက်သည်။ တချို့ကျတော့ မရှိ၍ ဆိုသည့် အကြောင်းပြချက်နှင့် အကျေအလည် မပေးချင်။ ထိုကဲ့သို့ အလုပ်အပ်သူမျိုးနှင့် ကြုံလျှင် အမေ အလွန်စိတ်တိုသည်။ မတို၍လည်း မရ။ သူတို့ ကျမည့် ငရဲတွင် အမေက အဆစ်ပါနေရသူ မဟုတ်လား။

(၂)

"ဒေါ်ဆင့်တို့အိမ်က ... ဒီအိမ်လား"

အိမ်ရှေ့ကအသံ ကြားသည်နှင့် အပေါက်ဝသို့ ခေါင်းပြူကာ အငယ်မ ကြည့်လိုက်သည်။ မေးလာသူများက ကောင်ကလေးတစ်ယောက်နှင့် ကောင်မကလေး တစ်ယောက်။ အမေ့ဆီ ရောက်လာပြီ ဆိုတော့ ချစ်သူစုံတွဲပင် ဖြစ်ရမည်ဟု အငယ်မ ကောင်းစွာ သိလိုက်ပြီ။

"ဟုတ်တယ်။ ပြော... ဘာကိစ္စလဲ"

"ဟို... ဟို"

"သိပြီ။ စျေးအစားစား ရှိတယ်။ နုရင် နှစ်သိန်း။ ရင့်ရင် သုံးသိန်းနဲ့အထက်"

"ဟုတ်ကဲ့။ စျေးက ဘယ်လောက် ပေးရ ပေးရပါဗျာ။ အဆင်ပြေသွားရင် ပြီးတာပါပဲ"

"ပြေစေရမယ် စိတ်ချ"

အမေက စျေးပြောပြီးသည့်နောက် ကောင်မကလေးသည် ရှက်ရွံ့စွာ အမေ့နောက်က ခပ်ခွာခွာ လိုက်ပါ သွားလေသည်။ အမေ၏ အလုပ်ခန်းအတွင်း အငယ်မ မသိချင်သည့် ပစ္စည်းကိရိယာတချို့နှင့် ဆေးဝါးတချို့ ရှိ သည်။ လက်မှတ်ရ ဆရာဝန် မဟုတ်၊ ယုတ်စွအဆုံး သူနာပြုပင် မဟုတ်သည့် အမေ့ဆီတွင် သူတို့ဘဝကို ယုံ ကြည်စွာ အပ်နှံရဲသည့် မိန်းမသားများကိုလည်း အငယ်မ အံ့သြသည်။ တာဝန်တစ်ခုကို မယူနိုင်ပါဘဲလျက် ကျူးလွန် တတ်သည့် ယောက်ျားသားများကိုလည်း အငယ်မ ရွံသည်။ 

ထို့ပြင် ပါဏာတိပါတာကံကို မကြောက်မရွံ့ ကျူးလွန်၊ ရှာဖွေပေးနေသည့် အမေ့လုပ်စာကိုမှ ထိုင်စားရက် ကြသည့် မမကြီးတို့ လင်မယားကိုလည်း အငယ်မ စိတ်ပျက်သည်။ အငယ်မသာ လူကြီး ဖြစ်လာလျှင်တော့ အမေ သည်အလုပ် လုပ်မစားရအောင် ကြိုးစားပြီး အခြားအလုပ် ရှာဖွေရမည်။ လောလောဆယ်တော့ ဆယ့်ငါးနှစ်ကို လ ပိုင်းသာ စွန်းသေးသည် ဖွစျ၍ အမြန်ဆုံးနည်းနှင့် ဆယ့်ရှစ်နှစ်သို့ရောက်ရန်သာ ဆုတောင်းရပေဦးမည်။ 
အဘယ်ကြောင့်ဆိုသော် ဆယ့်ရှစ်နှစ် ပြည့်မှ လူကြီး ဖြစ်သည်ဟု အမေက ပြောဖူးသည်လေ။

(၃)

"အမေရယ် ... သူများတွေကျတော့လဲ မလိုချင်ပါဘူး ဆိုမှ ရလိုက်ကြတာ။ သမီးတို့ကျတော့လဲ လိုချင်ပါ တယ်ဆို ရကိုမရဘူး"

အိမ်ရှေ့ကနေ ထွက်ခွာသွားသည့် လူတချို့ကိုကြည့်ကာ မမကြီးက ညည်းညူလာသည်။
မမကြီးတို့တွင်လည်း အိမ်ထောင်သက်ပင် ဆယ်နှစ်နီးနေသည့်တိုင် ကလေး မရကြသေး။ ရှိရှိသမျှ သည်မြို့တစ်မြို့လုံးက နတ်တို့ထံတွင် သားဆုပန်ခဲ့ကြသည့်တိုင် ယနေ့တိုင်အောင် ဆုတောင်းက မပြည့်နိုင်။ ကြာ တော့ မမကြီးအမျိုးသားက အငယ်အနှောင်း ထားချင်သည့် အရိပ်အယောင်များပင် ပြချင်လာသည်။ 

"ရန်ကုန်တို့၊ မန္တလေးတို့လို မြို့ကြီးပြကြီးကို သွားပြီး ဆေးစစ်ကြည့်ပါအုံး" ဟု အမေက ပြောသော်လည်း မမကြီးက လက်မခံ။ 

"အမေရယ် … အမေ အခုလို ကလေးတွေ ဖျက်ချပေးနေလို့များ သမီးတို့လင်မယား ကလေးမရ ဖြစ်နေတာ လား မသိဘူး"

"ဟဲ့ … မဟုတ်တာအေ။ ညည်းတို့လင်မယား ခုလို မတောင့်မတ မကြောင့်မကြနေရတာ ငါ ရှာပေးနေတဲ့ ပိုက်ဆံကြောင့်ပါအေရဲ့။ ညည်း အပျိုပေါက်ကတည်းက မုဆိုးမဖြစ်တဲ့ ဒီမအေက ဒီအလုပ်နဲ့ ရှာကျွေးလာတာကို ခု ကျမှ ကလေး မရတာ ငါ့ကြောင့် လာလုပ်နေသေး။ ငါ့ကြောင့် ထင်ရင် ညည်းတို့လင်မယား ငါ့လုပ်စာ မစားနဲ့အေ"

အမေ တစ်ချက်မျှ အော်ငေါက်လိုက်သည့်အခါ မမကြီးက ငြိမ်ကျသွားတော့သည်။ အခြားသော ကိစ္စများနှင့် သာ အမေ့ကို ပြန်ခံပြော၍ ရချင်ရမည်။ သူ့အလုပ်နှင့် ပတ်သက်လျှင်တော့ အမေက လုံးဝ လက်မခံ။ အငယ်မတို့ ယခုကဲ့သို့ တိုက်ကလေးတာကလေးနှင့် နေနိုင်လာသည်က သည်အလုပ်၏ ကျေးဇူးကြောင့်ဟု အမေက ခံယူထား သည်။ 
ယခင်က အမေ့အလုပ်က လက်သည်။ 

ယခုတော့ ‘လက်သည်’ကနေ ‘ဖျက်သည်’ဘဝ ရောက်၍လာသည်။
သူများတကာ မလုပ်ချင်သည့်အလုပ်ကို လုပ်တော့ ဝင်ငွေပင် ပို၍ ရသည်ဟု အမေက ပြောဖူးသည်။ အမေ့ အလုပ်က ဘယ်တော့မျှ မိုး မခေါင်၊ ရေ မရှား။ မည်သို့သော် ကာလတွင်မဆို အလုပ်လာအပ်သူများ ရှိနေသည်က ပင် အမေ့ကို ပို၍ မိုက်တွင်းနက်စေခဲ့သည် ထင်၏။ 

(၄)

နွေဦးကာလ ဖြစ်၍လား မသိ။ မြင်ရသည့် မြင်ကွင်းတို့က အငယ်မအတွက် ရင်ခုန်လှိုက်မောစရာ။ အမေ ပြောဖူးသည့် သစ်ရွက်လှုပ်သည်ကအစ ရယ်ချင်သည့်အရွယ်ဆိုသည်က မှန်နေပြီ ထင်၏။ သည်နွေ ကုန်လျှင် အငယ်မ ဆယ်တန်းကျောင်းသူ ဖြစ်ပြီ။ အမေကတော့ အငယ်မကို ဆယ်တန်း မြန်မြန် ရောက်ပြီး မြန်မြန် အောင်စေ ချင်သည်။ အငယ်မကတော့ ဆယ့်ရှစ်နှစ်သာ မြန်မြန် ပြည့်ချင်သည်။ နွေပိတ်ရက်တွင် အလုပ်ရှာချင်သည်ဆို သော်လည်း  ဆယ့်ရှစ်နှစ် မပြည့်၍ အမေက အလုပ် ပေးမလုပ်။ 

အမေကသာ ကလေးဟု အငယ်မကို သတ်မှတ်ထားသော်လည်း မမကြီး၏ ယောက်ျားကမူ အငယ်မကို လူကြီးဟု သတ်မှတ်ချင်နေပြီ။ မမကြီး မသိအောင် ခေါင်းစီးကွင်း တစ်မျိုး၊ ကလစ်တစ်ဖုံ ဝယ်ပေးလာသည်က စုံနေ ပြီ။ မရိုးသားစွာ ကြည့်လာတတ်သည့်အခါမျိုးများဆို အငယ်မသည် နေစရာပင်မရှိ။ အမေတို့ မရှိသည့် အချိန်များ တွင် အိမ်၌ တစ်ယောက်တည်း နေဖို့ရာပင် အငယ်မအတွက် မလုံခြုံချင်။ မမကြီးကို အသိပေးလျှင်လည်း အငယ်မ ကို ယုံမည်မဟုတ်။ ထို့ကြောင့် အိမ်တွင် နေရသည်ကိုပင် အငယ်မ မပျော်တော့။ ဆယ့်ရှစ်နှစ် မြန်မြန် ပြည့်ပြီး အိမ်ကနေ မြန်စွာ ခွာဖို့အရေးသာ အငယ်မအရေး ဖြစ်နေခဲ့ချေပြီ။

(၅)

"ငါ့ဧည့်သည်တွေ လာတော့မယ်တဲ့ အကြီးမရေ"

အမေက ဆန်းသည်။ အငယ်မကတော့ အမေ့ဆီကို ကိုယ်ဝန်ဖျက်ဖို့ရာ လာအပ်ကြသူများ ဖြစ်၍ အလုပ် အပ်သူဟု သတ်မှတ်သော်လည်း အမေကတော့ ဧည့်သည်ဟု ဆိုသည်။ ဧည့်သည်ဟု ပြောရအောင် အလည်လာ ကြသူများ မဟုတ်၍ "အပ်သူနှင့် လက်ခံသူ'' ဟု အငယ်မက ပြောတော့ ''ရောင်းသူနှင့်ဝယ်သူ'' ဟု အမေက ငြင်း သည်။

"ဘာတွေရောင်းပြီး ဘာတွေ ဝယ်လို့လဲ" ဟု အငယ်မက မေးမိပြန်တော့-

"သူတို့လိုချင်တာ အရှက်နဲ့သိက္ခာလေ။ ဒီကလေးကို မွေးရင် သူတို့က အရှက်ကွဲမှာလို့ ခံယူထားတာကိုး။ ဒီတော့ အမေက အမေ တတ်တဲ့ပညာနဲ့ သူတို့အတွက် အရှက်သိက္ခာကို ရောင်းပေးတယ်။ သူတို့က အမေ့ဆီက အဲဒါကို လာဝယ်တယ်" ဆိုပြီး အမေက ဖြေသည်။

အမေ့အဖြေကို အငယ်မက သိပ်သဘောမကျ။ အမေတို့ကသာ အရောင်းအဝယ် လုပ်သည်ဆိုနေသော် လည်း  ကြားထဲက ဓားစာခံ အသက်ဝိဉာဉ်များကျတော့ မည်သည့်အခန်းကဏ္ဍတွင်မျှ မပါ။ လူရာလည်း မသွင်း။ အမှန်ဆို သည်အသက်များသာ ဆက်ရှင်ခွင့် ရလျှင် လောကကြီးတွင် လူ ဆိုပြီး ဖြစ်တည်ခွင့် ရလာမည် မဟုတ် လား။ တွေးကြည့်မိလျှင် အငယ်မတော့ အိပ်၍ပင်မရ။ 
ညညဆို အမေ့အလုပ်ခန်းထဲက ကလေးငိုသံများပင် ကြားနေရသည်ဟု အငယ်မတော့ ထင်သည်။

(၆)

သည်ည အိမ်တွင် အငယ်မ တစ်ယောက်တည်း။ 

အမေ့ကို ဟိုဘက်ရပ်ကွက်က မကြင်အေး ကလေး မမွေးနိုင် ဖြစ်နေ၍ လာခေါ်သွားရာက မမကြီးတို့ လင်မ ယားပါ လိုက်သွားခဲ့ကြသည်။ ညနေစောင်းစကတည်းက သွားလိုက်ကြသည်က ခုဆို ညရှစ်နာရီပင် ကျော်နေခဲ့ပြီ။ အမေတို့တစ်တွေကတော့ ပြန်မရောက်သေး။ တစ်ယောက်တည်း ဖြစ်၍ ကြောက်စိတ်ပြေဖို့ရာ တီဗီကို အသံ အကျယ်ကြီး ဖွင့်ပြီး ကြည့်နေလိုက်သည်။

"အငယ်မရေ ... နင့်အမေနဲ့ အစ်မက မကြင်အေး ကလေးမွေးဖို့ ဆေးရုံကို လိုက်ပို့မလို့တဲ့။ မကြင်အေးရဲ့ ကလေးကလဲ ခေါင်းမာချက်။ နင့်အမေနဲ့တင် မွေးမရဘူး။ ဆေးရုံတက် မွေးမှပဲ ရတော့မှာ။ အဲဒါ ငါလဲ ခဏနေ ဆေးရုံကို လိုက်သွားရမှာ။ လောလောဆယ် ဗိုက်ဆာလို့ ထမင်းစား ပြန်လာတာ။ ထမင်း ခူးပေးစမ်းပါဟာ"

"ဟုတ်"

ထမင်းကို လျှင်မြန်စွာ ခူးပေးရင်း အိမ်တွင် အငယ်မ တစ်ယောက်တည်း မနေရဲသောကြောင့် အမေ့ကို လိုက်မသွားဖို့ရာ ပြောပေးပါဟု မမကြီး၏ ယောက်ျားကို အငယ်မ စကားဆိုမိသည်။

"တစ်ယောက်တည်း မနေရဲရင် အစ်ကိုကြီးနဲ့နေပေါ့"

ပြောပြောဆိုဆိုနှင့် မမကြီး၏ ယောက်ျားက အငယ်မ၏ ပခုံးသားများကို တင်းကျပ်စွာ ဆုပ်ကိုင်လာသည်။

"ကယ်ကြပါ" ဟု အငယ်မက အော်သော်လည်း တီဗီသံလွင်လွင်နှင့် ရောနေ၍ ပတ်ဝန်းကျင်၏ အကူအညီ ကို မရ။ ယောက်ျားသားအားနှင့် မိန်းမသား၏အားမို့ ရုန်းကန်မိသမျှသည်လည်း အချည်းနှီးသာ။ သည့်နောက်တွင် တော့ အငယ်မ၏ဘဝကို အညွန့်ချိုးကာ အမေနှင့်အစ်မကို ပြန်ပြောလျှင် အငယ်မကို သတ်ပစ်မည်ဟုပင် ခြိမ်း ခြောက်လိုက်သေးသည်။ ထို့နောက် ဆိုင်ကယ်ကို တက်သုတ်ရိုက် မောင်းကာ အိမ်ကနေ ထွက်သွားလေသည်။ 

"အငယ်မရေ ... နင့်ခဲအို ထမင်းစား ပြန်လာသေးသလား"

ဆိုင်ကယ် စက်ရပ်သံနှင့်အတူ ကြားလိုက်ရသည့် အမေ့အသံကြောင့် အခန်းထဲတွင် ရှိုက်ငိုနေရာက အမေ ရှိသည့် အပေါက်ဝကို အငယ်မ အပြေးကလေး သွားမိသည်။ 

"အမယ်လေး အငယ်မရယ်။ သိပ်တော့ မကြောက်ရှာပါဘူး။ မအေ ခဏကလေး သွားလိုက်တာကို သူ့မှာ မျက်ရည်နဲ့မျက်ခွက်။ ညည်း ကြောက်တတ်မှန်း သိလို့ ဆေးရုံကို အမေက လိုက်မသွားတာ။ ညည်းအစ်မနဲ့ ခဲအို ကတော့ အခုပဲ ကားနဲ့ ပါသွားကြပြီ။ အဲဒါလေ မကြင်အေးကို ဆေးရုံ ပို့ဖို့ ပြင်နေကြတဲ့အချိန်ကျမှ နင့်ခဲအိုက ဗိုက် ဆာတယ် လုပ်နေလို့ အမေနဲ့ အတူတူ အိမ်ပြန်ရအောင် ပြင်နေတဲ့ဟာကို သူက ဘယ်အချိန်ထပြီး ထွက်သွားမှန်း ကို မသိလိုက်ဘူး။ ဒါနဲ့ အမေလဲ အိမ်ပြန်လာဖို့ရာ သူ့ဆိုင်ကယ်ကို စောင့်နေရတာနဲ့ မိုးချုပ်သွားတာ အငယ်မရဲ့"

ရှည်လျားစွာ ရှင်းပြနေသည့် အမေ့စကားများကို မျက်ရည်များကြားက နားထောင်နေရသည့် အငယ်မ၏ ရင်ထဲတွင်လည်း အမေ့ကို ပြောဖို့ရာ အကြောင်းအရာတစ်ခု ရှိနေသည်ကို အငယ်မ ပြောစရာ မလိုဘဲ အမေ သိ သွားလျှင် သိပ်ကို ကောင်းပေမည်။

(၇)

အမေ့ကို သည်စကား ပြောဖို့ရာ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ဘယ်တုန်းကမျှ မအောင်မြင်ခဲ့။
ပြုသူက မရှက်သော်လည်း အငယ်မကတော့ သည်စကားကို အမေ့ကို ပြောဖို့ရာ နှုတ်ကနေ ထွက်အန်ကျ လာခြင်းငှာ မစွမ်းသာ။ ဟိုနေ့ကျမှ ပြောမည်၊ သည်နေ့ကျမှ ပြောမည်နှင့် နေ့၊ ည ရွှေ့လာခဲ့ရာ အငယ်မ၏ ခန္ဓာတွင် ကိုယ်ဝန်သည်ရောဂါ စွဲကပ်လာသည့်အခါကျမှ အမေက သိတော့သည်။ 

"ဘာ ... သူ ... သူနဲ့ ... ဟုတ်လို့လား အငယ်မရယ်"

မသင်္ကာသည့် မျက်ဝန်းများဖြင့် အငယ်မကို အမေက ကြည့်လာသည်။ 
တကယ်ဆို သည်အကြည့်များက အငယ်မအတွက် မဖြစ်သင့်။ မမကြီး၏ ယောက်ျားဖြစ်သူ အမေ့သမက် လူယုတ်မာကြီးအတွက်သာ ဖြစ်သင့်သည် မဟုတ်လော။ အငယ်မ ထင်ထားသည့်အတိုင်းပင် အမေကလည်း အငယ်မ၏ စကားဆို လွယ်လွယ်နှင့် မယုံချင်။

"မငိုပါနဲ့ အငယ်မရယ်။ အမေ ကြည့် စီစဉ်ပါ့မယ် သိပြီလား"

အမေက မငိုရန် တားသော်လည်း တာကျိုးထားကြသည့် အငယ်မ၏ မျက်ရည်တို့ကတော့ တား၍ မရ အောင် တသွင်သွင် စီးနေကြလေပြီ။ မျက်ရည်များကြားကနေ ဝိုးတဝါးဖြင့် မြင်လိုက်ရသည်က အမေ အခန်းထဲက ထွက်သွားသည်ကိုပင်။

"ခင်ဗျားသမီး ပြောတိုင်း ခင်ဗျားက ယုံသလား။ သူ့ဘာသာသူ ဘယ်ရည်းစားနဲ့ မှောက်မှားခဲ့မှန်း မသိဘဲ ကျုပ်ကိုများ လာပြီး စွပ်စွပ်စွဲစွဲ"

"ဟုတ်ပ အမေရယ်။ ကျုပ်ယောက်ျားက ဒီလောက်တော့ မယုတ်ညံ့ပါဘူး"

အခန်းအပြင်က ကြားနေရသည့်အသံများက အငယ်မအတွက်တော့ နားဝင်ချိုစရာ မရှိ။ ဖြစ်ခဲ့သည့် အဖြစ် အပျက်များတွင်လည်း လက်ဆုပ်လက်ကိုင် သက်သေပြစရာ ဆို၍ အငယ်မတွင် သည်ကိုယ်ဝန်က လွဲပြီး ဘာမျှ မကျန်။ 

"ဘာလဲ အမေက သမီးတို့ကို အိမ်မှာ မနေစေချင်လို့ အနုနည်းနဲ့နှင်တာလား အမေ။ ရတယ်သိရဲ့လား။ အမေ့ အိမ်မှာ ဒီနေ့ကစ မနေတော့ဘူး။ လာ ... ယောက်ျား ... သွားမယ်"

ငိုနေရင်းကပင် ရယ်ချင်စိတ် ပေါက်လာမိသည်။ တစ်အူထုံ့ဆင်း ညီမအရင်းဘက် မပါဘဲ သူ့လင်ဘက်က ပါသည့် အစ်မ။ အမေကတော့ မည်သို့ နေမည်မသိ။ အငယ်မကတော့ သူကြင်မှ ကိုယ်ကြင်မည်။ သည်လင်မယား မရှိ၍လည်း အငယ်မ ဝမ်းမနည်း။ အမေနှင့် အငယ်မနှစ်ယောက်တည်း နေရလျှင် ပို၍ပင် ကောင်းသေး။ 

(၈)

"အငယ်မလေး။ အမေ့သမီးကလေး ... ဘာမှ မကြောက်နဲ့နော် ... အမေ ရှိတယ်သိလား။ ငါ့သမီးကလေး အရှက်မကွဲစေရဘူး"

အမေ့အသံက တုန်ယင်နေသည်။ 
အငယ်မသည်လည်း ကိုယ့်ကိုယ်ကိုယ် မည်သို့ ဖြစ်နေမှန်းပင် မသိတော့။ 
အမေ့ဆီတွင် အငယ်မ၏ အရှက်သိက္ခာကို ဝယ်ဖို့ရာ ကြိုးစားနေမိသည်လား။ 
အငယ်မသည် ယခင်က အမေ ကိုယ်ဝန်ဖျက်ပေးသည့်လူများကို အမေ ခေါ်ခဲ့သကဲ့သို့ အမေ့အတွက် ဧည့် သည် ဖြစ်နေခဲ့ပြီလော၊ သည်လူယုတ်မာ၏ သန္ဓေကိုရော လူ ဖြစ်ခွင့် ပေးသင့်သလော စသည်ဖြင့် အဖြေ မရသည့် အတွေးဝင်္ကပါထဲတွင်သာ ချောင်ပိတ်မိနေသည်။ 
အချိန်အတော်ကြာမြင့်စွာ စဉ်းစားပြီးသည့်အခါကျမှ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်နိုင်တော့ သည်။

(၉)

"အမေ အမေ့ဧည့်သည်တွေ လာပြီ"

အငယ်မ၏ စကားကို ကြားတော့ အမေက မျက်စောင်းခဲသည်။ 
ဝယ်သူများ ပြန်သွားသည်နှင့်တစ်ပြိုင်နက် အငယ်မတို့ သားအမိထံ အမေက အမြန်လှမ်းလာသည်။

"အငယ်မရယ် ... ညည်းမှာလဲ ဒီဧည့်သည်ဆိုတာကြီးကို မသုံးစမ်းပါနဲ့ ဆို။ ဒီမအေက ညည်းရဲ့ ကိုယ်ဝန်က စလို့  နောက်ထပ် ဘယ်သူ့ကိုယ်ဝန်ကိုမှ ဖျက်ချမပေးတော့ဘူး ဆိုပြီး ညည်းကို ကတိပေးခဲ့တာ မေ့နေပြီလား အေ"

"မမေ့ပါဘူး အမေရဲ့။ အမေ့ကို စချင်လို့ပါ"

"အေးအေ ... စတာ နောက်ထား။ ငါ့မြေးကလေးနားကို သွားစမ်းအုံးမယ်။ ညည်း ဆိုင်ကို ခဏ ကြည့်ထား လိုက်အုံး။ သြော် ... မနေ့က ငါတို့ဧည့်သည် ... အယ် ... မှားလို့ ... ငါတို့ဆိုင်ကို စျေးအမြဲ လာလာဝယ်တဲ့ မမြတ် သီ က နောက်ရက်ကျမှ ပေးမယ်ဆိုပြီး ဆပ်ပြာဘူး အကြွေး ဝယ်သွားတယ်။ ညည်း မှတ်ထားလိုက်အုံး သိရဲ့လား"

အမေ့ကို ခေါင်းညိတ်ပြလိုက်ရင်း ဆိုင်ရှေ့ကို အငယ်မ ထွက်ထိုင်ကာ "ဧည့်သည်" ဆိုသော စကားလုံးကို ပြန်စဉ်းစားနေမိသည်။ 
ကမ္ဘာမြေပေါ်ကို မခေါ်ဘဲလာ၊ မနှင်ဘဲ ပြန်ကြရသည့် အငယ်မတို့ အားလုံးသည် ကမ္ဘာမြေကြီးအတွက် တော့ ဧည့်သည်များပင် ဖြစ်လိမ့်မည်။ 

သည်သို့ ဆိုလျှင် ဧည့်သည်ဘဝကို မရလိုက်ခင် တိတ်တဆိတ် ကြွေလွင့်သွားရသည့် ဘဝများကျတော့ မည်သို့ ခေါ်ရမည်မသိ။ 
လူ့ပြည်က အပ်တစ်စင်းနှင့် ဗြဟ္မာ့ပြည်က ကျလာသည့် အပ်တစ်စင်းတို့၏ အပ်သွားချင်း ထိရန် ခဲယဉ်း သကဲ့သို့ လူ့ဘဝကို ရဖို့ရာလည်း ခဲယဉ်းသည်ဟု အငယ်မ ကြားဖူးသည်။ သည်သို့သာဆိုလျှင် ကမ္ဘာမြေပေါ်ကို အလည်လာချင်သည့် ဧည့်သည်ကလေးများအတွက် နှစ်စင်းသော အပ်တို့ ဆုံဖို့ရာနှင့် အမိအဖတို့က နွေးထွေးစွာ ကြိုဆိုပေးဖို့ရာအတွက် အငယ်မတို့တစ်တွေ တောင်းဆုခြွေရမည် ထင်သည်။

"အငယ်မရေ ... အိမ်ရှေ့မှာ စျေးဝယ် ရောက်နေတယ်လေ။ ဘာတွေ ငေးနေတာလဲ"

အမေ့ထံက နှိုးဆော်သံကြောင့် အငယ်မ၏ စိတ်အစဉ်သည် ပစ္စက္ခကို ပြန်လည်ကာ ရောက်ရှိလာသည်။
ထို့နောက်တွင်တော့ စျေးဝယ်လာသူကို ပျူငှာစွာ ပြောဆိုရင်း ရောင်းချပေးလိုက်တော့သည်။

.......................................................... ☘

#မွှေးတူးလေး
ဖတ်ရှုအားပေးသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
#လေးစားစွာcreditပေးပါသည်

Post a Comment

أحدث أقدم

Comments