ချွေတာချိန် တန်ပြီ

ချွေတာချိန် တန်ပြီ 


ကျွန်တော် လူတွေကို ချွေတာဖို့၊ အသုံးအဖြုန်းမကြီးဖို့  တိုက်တွန်းတော့ ဝေဖန်သံတွေကို ပြန်ကြားရပါတယ်။ 

ကျွန်တော်ရေးတဲ့ ချွေတာရေး လမ်းစဉ်ကို ဝေဖန်ထားတဲ့ မှတ်ချက်တစ်ခုကတော့ "ခေတ်သစ် စီးပွားရေးမှာ နိုင်ငံတော် စီးပွားရေး လည်ပတ်အောင် နိုင်ငံသားတစ်ဦးအနေနဲ့ သုံးကို သုံးပေးရပါတယ်။ ငွေကြေး လည်ပတ်မှု ရပ်တန့်မှာကို အမေရိကန်နဲ့ တရုတ်ကတောင် ကြောက်ကြပါတယ်။ မသုံးဘူးဆိုရင် သူမသုံး၊ ကိုယ်မသုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ထိခိုက်စေမှာပါ။ စီးပွားရေးလုပ်ငန်းရှင်ကလည်း တွက်ခြေကိုက်အောင် ဝန်ထမ်းတွေကို အလုပ်ထုတ်မယ်။ အဲ့လို ပတ်လည်ရိုက်ရင်း အကုန်ဒုက္ခရောက်ကုန်မှာ။ သူ့အိုးနဲ့သူ့ဆန်ဖြစ်ဖို့တော့ လိုတာပေါ့။" 

ဒီမှတ်ချက်ဟာ အရမ်းကို ကောင်းတဲ့ မှတ်ချက်လေးပါ။ မှန်သင့် သလောက်လည်း မှန်နေပါတယ်။ ဒါကြောင့်လည်း ဒီစာကို ရေးဖြစ်တာပါ။ 

မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်း လူတိုင်းသာ ချက်ချင်း ချွေတာချလိုက်ရင်၊ အခြေခံ လိုအပ်တာ လေးတွေပဲ သုံးတော့ရင် စီးပွားရေး ထိခိုက်မှုတွေရှိလာနိုင်တာ အမှန်ပါပဲ။ 

ဒါပေမယ့် ချက်ချင်းကြီးဖြစ်လာမယ်၊ စီးပွားရေးတွေ ဒလဟောကျဆင်းသွားလိမ့်မယ်ဆိုတာ မိုးပြိုမှာကြောက်လို့ ပြောတဲ့သူတွေ စကားပါ။ ပြီးတော့ Consumerism လို့ခေါ်တဲ့ များများထုတ် များများသုံး ဝါဒကို ဖြန့်နေတာ၊ "မသုံးရင် နိုင်ငံ စီးပွားရေးကျမယ်၊ ပျော်ပျော်ကြီးသုံးကြစမ်းပါ" ဆိုပြီး ဝါဒဖြန့်နေတာက အမေရိကန်နဲ့ တရုတ်စတဲ့ နိုင်ငံကြီးတွေပါ။ 

ကျွန်တော်တို့ နိုင်ငံတွေမှာ လူတွေ သုံးဖြုန်းနေကြမှ သူတို့နိုင်ငံ စီးပွားရေး ကောင်းမှာကိုး။ အဲဒီဝါဒ မှိုင်းမိနေတဲ့သူတွေ အမြင်မှန်ရအောင် ကျွန်တော် အောက်မှာ ရှင်းပြထားပါတယ်။ ကျွန်တော်ကတော့ ချွေတာရေး ဘက်တော်သား တစ်ယောက်ပါ။ လူတွေကို ချွေတာဖို့ ဆက်ပြောနေဦးမှာပါ။ 

——————————————
များများထုတ် များများသုံး ဝါဒ
——————————————

ဒီ များများထုတ် များများသုံး ဝါဒကို အမေရိကန်တို့ တရုတ်တို့က ဘာလို့ဖြန့်သလဲ စဉ်းစားကြည့်ရအောင်။ 

ကျွန်တော်တို့ ပိုက်ဆံတွေကို ဘယ်နေရာတွေမှာ ဖြုန်းကြသလဲ။ ဈေးကြီးပေးရတဲ့ ဖုန်း၊ ကား၊ နိုင်ငံခြားဖြစ် အစားအစာ၊ အဝတ်အစား၊ အရက် စတာတွေပါ။ ပြည်တွင်းဖြစ်တွေက ဈေးတော်ပေမယ့် ခုခေတ်မှာ ပြည်တွင်းဖြစ်တွေ ရှားပါတယ်။ 

ဥပမာ လူတိုင်းနီးပါး ဝယ်သုံးနေတဲ့ လက်ကိုင်ဖုန်း တွေဟာ ပြည်တွင်းဖြစ် မဟုတ်ပါဘူး။ တရုတ်၊ ကိုရီးယား နဲ့ အမေရိကန် နိုင်ငံတွေက ဝင်တာများပါတယ်။ အရက်ဆိုလည်း နိုင်ငံခြားက ဝင်တာတွေကို သောက်နေကြပါတယ်။ 

အရက်ဆိုင်တွေ၊ ဖုန်းဆိုင်တွေဟာ ပြည်တွင်းမှာ  အလုပ်အကိုင်တွေ ဖန်တီးပေးနေတာ မှန်ပါတယ်။ ဒါပေမဲ့ အကျိုးအမြတ် အများစုက ပြည်ပကို ရောက်သွားပါတယ်။ ကိုယ့် ချွေးနဲ့ရင်းပြီးရှာထားတာတွေကို တရုတ်နဲ့ အမေရိကန် ကုမ္ပဏီတွေကို သွားသွားပေးနေကြတာပေါ့ ခင်ဗျာ။ နိုင်ငံခြား ရုပ်ရှင်တွေလည်း တူတူပါပဲ။ 

ကျွန်တော်တို့ များများ သုံးဖြုန်းလေလေ သူတို့ အမြတ်များများ ရလေလေပါပဲ ခင်ဗျာ။ 

အလုပ် အကိုင်တွေ ပေါ်ထွက်လာလို့ ရတဲ့ အကျိုးအမြတ်နဲ့ သူများနိုင်ငံက ကုမ္ပဏီတွေ ကိုယ့်ဆီက ပြန်သဲ့ယူသွားတဲ့ အရှုံး ပြန်ယှဉ်လိုက်ရင် ကျွန်တော်တို့ နိုင်ငံ ရှုံးနေပါသေးတယ် ခင်ဗျာ။ 

——————————
ချွေတာရေး ပညာပေး
——————————

ကျွန်တော် အခုရေးနေတဲ့ ငွေရေးကြေးရေး ပညာပေး နဲ့ ချွေတာရေးတွေကို စင်ကာပူလို နိုင်ငံတွေ မှာ အစိုးရကိုယ်တိုင်က အင်တာနက်မှာ ဖြန့်ဝေ သင်ကြားပေးနေတာပါ။ 

ချွေတာရေးဟာ နိုင်ငံ့ စီးပွားရေး အတွက် မကောင်းဘူးဆိုရင် အစိုးရတွေက ဒီလို ဘယ်သင်ပေးလိမ့်မလဲ ခင်ဗျာ။ ချင့်ချိန်ရအောင်ပါ။ 

————————
ချဲလုပ်ငန်း ဥပမာ 
————————

ချဲလုပ်ငန်းကို စီးပွားရေးလုပ်ငန်း တစ်ခု အနေနဲ့ ဥပမာထားပြီးကြည့်ရအောင်။ 

ကျွန်တော် လူတွေကို ချဲမထိုးဖို့ပြောပါတယ်။ ဖြုန်းတာပါလို့ ပြောပါတယ်။ မြန်မာ တစ်နိုင်ငံလုံးက လူတိုင်းသာ ချက်ချင်းကြီး ကျွန်တော့် စကားနားထောင်ပြီး ချဲမထိုးကြတော့ရင် ဘာဖြစ်လာမလဲ။ 

ဟုတ်ကဲ့ များစွာသော ကော်မရှင်စား နှစ်လုံး သုံးလုံး ချဲရောင်းသမားတွေ (ဒီ စီးပွားရေးလုပ်ငန်းရဲ့ ဝန်ထမ်းတွေပဲ ဆိုပါစို့) အလုပ်လက်မဲ့ ဖြစ်ကုန်ကြရှာပါတော့မယ်။ ဒီလုပ်ငန်းကို မှီခိုနေတဲ့ ချဲရောင်းသူတွေ တစ်နိုင်ငံလုံးမှာ ကြောက်ခမန်းလိလိ များပါတယ် ခင်ဗျာ။ ချဲဒိုင်တွေလည်း (စီးပွားရေး လုပ်ငန်းရှင်တွေ ပေါ့ဗျာ) အမြတ်မရတော့လို့ ဝင်ငွေမရှိတော့ပါဘူး။ ဒါဆို သူတို့လည်း အခြားနေရာတွေမှာ မဝယ်နိုင်၊ မသုံးနိုင်၊ မဖြုန်းနိုင် ဖြစ်ပြီး အခြားစီးပွားရေး လုပ်ငန်းတွေပါ အကုန် ဆက်တိုက် ထိခိုက် ဒုက္ခရောက် ကုန်ကြမှာပေါ့ လို့ပြောရင်ရပါတယ်။ 

ဒါပေမယ့် မိုးပြိုမှာကြောက်နေလို့ မရပါဘူး ခင်ဗျာ။ တစ်ကယ်တော့ ဘယ်သူမှ နေ့ချင်းညချင်း လောင်းကစားကို မဖြတ်နိုင်ကြပါဘူး။ မတိုက်ဖျက်နိုင်ပါဘူး။  ဖြည်းဖြည်းချင်း ဖြစ်လာရမှာပါ။ ဒီ စီးပွားရေးကြီးက ချက်ချင်းကြီး ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ ချဲထိုးတဲ့လူ နည်းလာတာနဲ့ အမျှ ချဲရောင်းတဲ့သူတွေလည်း တရွေ့ရွေ့နဲ့ အခြားလုပ်ငန်းတွေ ကို ပြောင်းကြရမှာပါ။ စီးပွားရေးလုပ်ငန်းတွေဟာလည်း ချဲလုပ်ငန်းကနေ အခြားလုပ်ငန်းတွေကို ရွှေ့ဖို့ အချိန်ရမှာပါ။ 

လောင်းကစားကြောင့် ဒုက္ခရောက်နေတဲ့သူတွေ ရှိနေတာ မမေ့သင့်ပါဘူး။ လောင်းကစား ကြောင့် ပျက်ခဲ့ရတဲ့ ဘဝတွေကိုပါ ထည့်တွက်သင့်ပါတယ်။ ဒါ့ကြောင့် ဒီ စီးပွားရေး လုပ်ငန်းကို တိုက်ဖျက်သင့်ပါတယ်။ ဒီလုပ်ငန်းကြီးပျက်သွားရင် နိုင်ငံစီးပွားရေး ကျတော့မယ်ဆိုပြီး ဇွတ်မှိတ်ပြီး အားမပေးသင့်ပါဘူး။ 

ချွေတာရေးလည်း ဒီလိုပါပဲခင်ဗျာ။ နေ့ချင်းညချင်း လူတွေအားလုံး ပြိုင်တူ ချွေတာချလိုက်ကြမှာ မဟုတ်ပါဘူး။ ဖြည်းဖြည်းနဲ့ မှန်မှန် ဖြစ်လာမှာပါ။ အချိန်တစ်ခုလိုပါတယ်။ သိသူဖော်စား မသိသူကျော်သွား ပါပဲ။ သိရဲ့သားနဲ့ လက်မခံနိုင်လို့ လိုက်မလုပ်နိုင်လို့ ကျော်သွားသူတွေလည်း ရှိပါတယ်။ 

ဒီတော့ တစ်နိုင်ငံလုံး ချက်ချင်းကြီး ချွေတာလိုက်လို့ တိုင်းပြည် စီးပွားပျက်မှာ ပူနေမယ့်အစား မိုးပြိုမှာကိုသာ ပူသင့်ကြောင်းပါ။ 

တဖြည်းဖြည်း ချွေတာပြုပြင်လာတဲ့ နိုင်ငံသားတွေအတွက် နိုင်ငံရဲ့ စီးပွားရေးဟာလည်း နေသားကျအောင် ထိန်းညှိပြုပြင်ဖို့ အချိန်ရမှာပါ။ 

ပြီးတော့ မချွေတာလို့၊ ချွေတာရမှန်း မသိလို့ ပျက်ခဲ့ရတဲ့ ဘဝတွေကို ထည့်တွက်သင့်ပါတယ်။ 

နောက်တစ်ခုက ချွေတာတာနဲ့ လုံးဝ မသုံးတော့တာနဲ့ မတူပါဘူး။ ချွေတာတဲ့ လူတွေလည်း မသုံးမဖြစ်တွေကို သုံးနေရတာပါပဲ။ ဖြုန်းနိုင်တဲ့ အဆင့် ရောက်နေသူတွေ လည်း ဆက်ဖြုန်းလို့ရပါတယ်။ လုံးဝ မဖြုန်းတော့တာ မဟုတ်ပါဘူး။ အဖြုန်းကို လျှော့ထားတာ၊ ရက်ရွှေ့ထားတာ၊ ဖြုန်းနိုင်တဲ့ တစ်ချိန်ကျမှ ဖြုန်းတာ ဖြစ်ပါတယ်။ 

——————————
ကမ္ဘာကြီး ကျဉ်းလာပြီ 
——————————

ကူးသန်းပို့ဆောင် ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာတာနဲ့ အမျှ ကမ္ဘာကြီး ကျဉ်းမြောင်းလာပြီလို့ ပြောလို့ရပါတယ်။ 

ကိုယ့်နိုင်ငံသားတွေ သုံးနေမှ ဖြုန်းနေမှ အလုပ်တွေ ဖန်တီးနိုင်၊ စီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမှာ မဟုတ်ပါဘူး။ အခြားနိုင်ငံတွေက လူတွေ သုံးနေဖြုန်းနေတာတွေ အတွက် ထုတ်လုပ်ပေးနိုင်ရင်လည်း ကိုယ့်နိုင်ငံ စီးပွားရေး တိုးတက်နိုင်ပါတယ်။

တရုတ်၊ တောင်ကိုရီးယား၊ ဂျပန် နဲ့ အမေရိကန်တို့ဟာ ဒီလိုနဲ့ စီးပွားတိုးနေကြတာပါ။ သူတို့ စီးပွားတိုးအောင် ကူညီပေးနေကြသူတွေ ထဲမှာ ကျွန်တော်တို့ နိုင်ငံက အခြေခံလူတန်းစား ဆင်းရဲသားတွေ အများကြီး ပါပါတယ်။ 

ဒီတော့ ကျွန်တော်တို့နိုင်ငံ စီးပွားတိုးအောင် ပို့ကုန်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်ထွန်းအောင် ရေရှည်မှာ လုပ်သွားရမှာပါ။ ပြည်တွင်းထဲမှာတင် အသုံးကြမ်းနေလို့ကတော့ နိုင်ငံတော် လိုငွေပြမယ်။ သူများနိုင်ငံက ချေးသုံးရမယ်။ ဒါဆို နိုင်ငံကြီးတစ်ခုလုံး ချေးစားနေတဲ့ နိုင်ငံကြီး ဖြစ်နေမှာပေါ့။ 

——————————————
ချွေတာစုဆောင်း သူဌေးလောင်း 
——————————————

အချုပ်အနေနဲ့ ပြောချင်တာကတော့ ချွေတာကြပါ။ ချွေတာလိုက်လို့ တိုင်းပြည်စီးပွားရေးကျသွားမှာ မစိုးရိမ်ပါနဲ့။ 

ဝင်ငွေကို အကုန်မသုံးပဲ တတ်နိုင်သမျှ စုကြပါ။ ရာခိုင်နှုန်း ပိုစုနိုင်လေလေ ငွေသခင်ဖြစ်ဖို့ အချိန်တိုလေပါပဲ။ ငွေသခင်ဖြစ်ဖို့ ဆိုတာ ဝင်ငွေများတာ မများတာထက် စုမိငွေ ရာခိုင်နှုန်းကသာ အရေးပါကြောင်း ထပ်ပြောလိုပါတယ်။ ဝင်ငွေဘယ်လောက်များများ လုံးဝ မစုမိရင် တစ်နေ့ ခွေးဖြစ်ပါမယ်။ 

ဝင်ငွေကို မစုဆောင်းပဲ KTV သွား၊ ပါတီပွဲပေး၊ မာဆတ်သွား၊ ကလပ်တက်၊ လောင်းကစားလုပ်၊ မိန်းမရှုပ်၊ ဘိန်းရှူ သုံးနေဖြုန်းနေတာကိုပဲ နိုင်ငံတော် စီးပွားရေး ကို အကျိုးပြုနေတယ်လို့ မပြောကြပါနဲ့။ မထင်ကြပါနဲ့။ 

ဂုဏ်ရှိဖို့ လူအထင်ကြီးဖို့ဆိုပြီး အကျိုးအမြတ်ရေရေရာရာ မရှိပဲ ကြွားချင်ရုံ လူဝင်ဆန့်ချင်ရုံ မျက်နှာရချင်ရုံ လျှောက်သုံးဖြုန်းနေတာတွေ ရပ်ကြပါ။

လောကဓမ္မ တရားအရ ဝင်ငွေ နည်းတဲ့ အချိန်၊ ဘာလုပ်လုပ် အဆင်မပြေတဲ့ အချိန် တစ်ချိန်ချိန်တော့ တွေ့တတ်ကြပါတယ်။ အဲဒီ အချိန်မှာ စုဆောင်းထားတာလေးတွေရှိရင် ခုသာ ခံသာ ရှိမှာပါ။ စုဆောင်းထားတာ မရှိရင် ဒုက္ခပိုရောက်ပါမယ်။ 

ဒါကြောင့် ငွေကို ချွေတာကြပါလို့ ထပ်ပြီး တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ 

လေးစားစွာဖြင့် 
ပိုးစုန်းကြူး

Post a Comment

Previous Post Next Post

Comments