"ဟံသာဝတီသို့"

"ဟံသာဝတီသို့"
 


(၈) 
 
 
"ဟယ်.. အစောဖို့လား၊ ဟုတ်လား။ ဓားလေးက လှလိုက်တာ။ အစောဖို့ မဟုတ်လည်း အစောကိုပဲ ပေးပါလား မောင်ကြီးရယ်.. နော်"
 
             ဓားလေးကို ထုတ်ပြလျင် ထုတ်ပြချင်း မိစောမွန်က အလောတကြီး အငမ်းမရ တောင်းနေလေပြီ။ အလွန်စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် ဓားမြှောင်အား လှည့်ပတ်ကြည့်နေပြီး
 
"အစော အကြိုက်ဆုံးပစ္စည်းကလည်း ဒီလို ရတနာစီခြယ်ထားတဲ့ ဆောင်ဓားသေးသေးလေးတွေပဲ။ တစ်ခါမှတော့ မပိုင်ဖူးပါဘူး၊ စိတ်ကူးယဥ်ကြည့်ဖူးရုံပါ။ ခုတော့ စိတ်ကူးထဲကထက်ပို အများကြီး ပိုလှလွန်းနေလို့ အစော ဟန်မဆောင်နိုင် ဖြစ်သွားရတာကို ခွင့်လွှတ်နော်"
 
             လက်ျာဘီလူး ပြုံးလျက်သာ ကြည့်နေသည်။ 
 
"ပြီးတော့လည်းလေ၊ 'S' အက္ခရာလေးက စော လို့ ဆိုလိုတာ မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင် အစော အလိုချင်ဆုံး အရာကို မောင်ကြီးဆီမှာ တွေ့ရပြီး အစောနာမည်လေးတောင် ထိုးထားပြီးသားလို ဖြစ်နေတာ ဘယ်လောက် ထူးဆန်းလိုက်သလဲ"
 
             မိစောမွန်ကတော့ လိုချင်သည်ကို လှည့်ပတ်တောင်းနေသည်။ လက်ျာဘီလူးကလည်း ထိုကဲ့သို့သော ပစ္စည်းများအပေါ်တွင် စိတ်ဝင်စားခြင်း ရှိလှသည်မဟုတ်။ သူ တစ်ခု စိုးရိမ်နေသည်မှာ လူမျိုးခြားအား ခိုက်တတ်သည် ဆိုခြင်းကို ဖြစ်သည်။ အယူအစွဲ မရှိသော်လည်း မိစောမွန်အား ထိခိုက်လာမည်ကိုတော့ မလိုလားမိ။
 
 "တစ်ခုရှိတာက အဲဒီဓားက လူမျိုးခြားလက်ထဲမှာ ခိုက်တတ်သတဲ့။ လူတိုင်းကြောက်ကြသတဲ့။ အစောနဲ့ ဖြစ်ပါ့မလား၊ ဥပဒ်ရောက်နေဦးမယ်"
 
"အို.. အစော အဲဒါတွေ အယုံအကြည် မရှိပါဘူး။ တကယ်ဖြစ်လာရင်တောင် မောင်ကြီးပေးတဲ့ ပစ္စည်းကြောင့် အသက်အန္တရာယ်ပဲ ရှိရှိ အစော မမှုဘူး"
 
              သူ့လက်ချောင်းများကို ဆုပ်ကိုင်၍ မျှော်လင့်တကြီး ဆိုနေသဖြင့် 
 
"ကဲ.. ဒါဆိုလည်း ယူဗျာ။ ဒါပေမယ့် စတိသဘောနဲ့ အစောပိုင်တာ မဟုတ်ဘူး၊ မောင်ကြီးပိုင်တာ လို့တော့ သတ်မှတ်ထားရလိမ့်မယ်။ တစ်ချိန်ချိန်မှာ ပြန်တောင်းချင် တောင်းမယ်။ မောင်ကြီးက ပြန်တောင်းရင် ပြန်ပေးရမယ်၊ ဘယ်လိုလဲ"
 
"ဟင်.. မောင်ကြီးကလည်း" 
 
"အစောအပေါ် ခိုက်မှာစိုးလို့ ပြောတာပါ။ ပိုင်ရှင်က မောင်ကြီး၊ အစောကို ခဏ ပေးထားတဲ့ သဘောပေါ့"
 
"ဟုတ်တော့ ဟုတ်ပါတယ်။ တကယ်လည်း အဲဒီအတိုင်းပဲဟာ၊ ဒါပေမယ့် အဲဒါဆို မောင်ကြီးကို ခိုက်ရင်ရော"
 
"မခိုက်ပါဘူး၊ မောင်ကြီးပိုင်တယ် ဆိုပေမယ့် မောင်ကြီးဆီမှာမှ မရှိဘဲ။ မရှိတဲ့ ပစ္စည်းက လူကို ဘယ်လိုလာခိုက်မလဲ"
 
"ဒါလည်း ဟုတ်တာပဲ။ အစောကလည်း ပိုင်ရှင်အစစ် မဟုတ်တော့ မခိုက်တော့ဘူးလို့ ယူဆလို့ ရတယ်။ မဆိုးပါဘူး.. မောင်ကြီးက ကံကြမ္မာကိုတောင် ပြန်လှည့်စားချင်နေတာပဲ"
 
              လက်ျာဘီလူး အော်ရယ်လိုက်မိသည်။ 
 
"အဟား ဟား ဟား၊ ပြောတတ်လိုက်တာ။ မောင်ကြီးက အစောကို မထိခိုက်စေချင်ရုံပဲ။ ဓားလေးကို မြင်မြင်ချင်း အစောကို သတိရလိုက်လို့.."
 
"ဒါမှ အစောမောင်ကြီးကွ" 
 
              မိစောမွန်က သူ့လက်မောင်းကို ဖက်လိုက်သည်။ ခပ်လှန်းလှန်းမှ ရဲဘော်များက မသိမသာ မျက်နှာလွှဲထားလိုက်ကြသော်လည်း သူတို့အားလုံး ပြုံးစေ့စေ့။
 
"မောင်ကြီးက အစောအလိုချင်ဆုံးလက်ဆောင်မျိုး ပေးပြီးပြီ ဆိုတော့ အစော​ကလည်း မောင်ကြီးအတွက် အသက်နဲ့ရင်းပြီး ကူညီပေးပါရစေ လို့ ပြောထားတာလေး ပြန်စဥ်းစားပေးပါဦးရှင့်"
 
                လက်ျာဘီလူး မျက်နှာတည်သွားသည်။
 
"မထိခိုက်စေချင်ပါဘူးဆိုမှ အသက်တောင် ပေးဦးမတဲ့လား အစောရဲ့"
 
"မောင်ကြီးတို့ကို ကူညီချင်လို့ပါ" 
 
"မောင်ကြီး မနိုင်ဘူး ထင်နေတာလား"
 
"မဟုတ်ပါဘူး၊ ဒါပေမယ့် အစော သိနေပါတယ်။ ရာထူးကြီးလာတာနဲ့အမျှ နေရာရတာနဲ့အမျှ မောင်ကြီး ပိုပိုပင်ပန်းလာတာ။ အချိန်တိကျလွန်းသူကြီးက အခုဆို စားချိန် အိပ်ချိန်တောင် မမှန်တော့တာ အစော သတိထားမိနေတယ်။ စစ်ပွဲတွေ နိုင်နေပေမယ့် မောင်ကြီး စိတ်ဒဏ်ရာတွေ ပိုပိုရလာတယ်လို့လည်း ထင်မိတယ်"
 
              ထိုအခါ သနားစဖွယ် တစ်ကောင်ကြွက်မလေး မိစောမွန်ကို သူ အံ့သြစွာ ကြည့်သည်။ မိစောမွန်က နွမ်းနယ်သော်လည်း ကြည်လင်သည့် အပြုံးမြမြဖြင့် စောင်းငဲ့ကြည့်ပြီး
 
"သည်တစ်ခါ မောင်ကြီးမျက်နှာ ပိုပြီးတောင် ညိုလာသေးတယ်။ ညတိုက်ပွဲနွှဲလာတဲ့သူက နေလောင်လို့ပါ လို့တော့ မပြောနဲ့နော်။ တစ်ခုခုကို ခံစားနေရတာ သိသာတယ်"
 
"သိလှချည်လား ကောင်မလေရဲ့" 
 
               ဟု နောက်လိုက်သောအခါ နှုတ်ခမ်းတွန့်ရုံ ပြုံးသည်။
 
"ဘယ်သူ့ကိုမှ ဘယ်တော့မှ မဝေမျှတတ်တဲ့ မောင်ကြီးရင်တွင်းက ခံစားချက်တွေကို မျှဝေခံစားပေးချင်ပေမယ့် အတင်းအကြပ် မမေးရက်ပါဘူးလေ။ အစောက မောင်ကြီးမျက်နှာ ကြည့်နေရတဲ့သူပါ၊ မောင်ကြီး ဘာမြင်ရင် ဘာဖြစ်တတ်တယ် ဆိုတာ နည်းနည်းတော့ နားလည်နေပါပြီ"
 
"အစောကိုလည်း သနားပါတယ်။ အဲဒါကြောင့်ပဲ မကူခိုင်းတာလေ။ အသက်အတွက် ကိုယ့်အမျိုးကို တစ်ကြိမ် သစ္စာဖောက်ခဲ့ရပြီးပြီ၊ မောင်ကြီးအတွက် ထပ်ပြီးတော့ သစ္စာပျက်ရမယ့် အမှုမျိုး မဖြစ်စေချင်ဘူး။ အေးအေးဆေးဆေး သာမန် အလုပ်သမလေးလိုပဲ နေပါ။ တိုက်ခိုက်ရေးတွေမှာ မပါချင်ပါနဲ့တော့"
 
"မောင်ကြီးက အဲလိုမြင်ပေမယ့် အစောကတော့ ကိုယ့်လူမျိုးကိုယ် သစ္စာဖောက်တဲ့ လုပ်ရပ် လုပ်ရတယ်လို့ မခံယူပါဘူး။ မောင်ကြီးတို့ မျှော်မှန်းထားတဲ့ ပြည်ထောင်စုကြီး ပေါ်ပေါက်လာပြီးရင် အခုလို ကွဲပြားနေတာတွေ စစ်ပွဲကြီးတွေ မြို့ပျက်ကြီးတွေ မဖြစ်တော့ဘူး မဟုတ်လား။ ဘုရင့်နောင်မင်းတရားကြီး လက်ထက်တော်ကလို အလေးတင်းတောင်းကအစ တစ်သမတ်တည်း ရှိလာရင် လူတွေ အသက်ရှင်ကြရတာ အခုအခြေအနေထက် ပိုကောင်းလာမယ်မဟုတ်လား"
 
"ဒါပေမယ့် စစ်ပွဲတွေကတော့ လှည့်ပတ်ဖြစ်ပွားနေလိမ့်ဦးမယ် ထင်ပါတယ်"
 
"အခုလောက်တော့ မဆိုးတော့ဘူးပေါ့၊ အစောက လူမျိုးရေးထက် လူသားအရေးကို ပိုကြည့်ချင်တာပါ။ စစ်ရေးကို ကူတယ် ဆိုပေမယ့် တကယ်တမ်း လူသားတွေ ဘေးကင်းဖို့ပါပဲ"
 
"ဒါ လူသတ်သမလေးတစ်ယောက်ရဲ့ ရင်တွင်းက လာတဲ့ စကားတွေပေါ့လေ" 
 
"လူသတ်သမားကြီးရဲ့ ရင်တွင်းကို မြင်နေသူတစ်ယောက်ရဲ့ အပူပါနော်" 
 
              သူတို့ ရယ်လိုက်ကြသည်။ မောလိုက်ကြသေးသလားတော့ မသိ၊ အတန်ကြာ ငြိမ်သက်သွားသည်ကတော့ အမှန်။
 
 "အစောလည်း နေရာတကာ ပါချင်နေတာ မဟုတ်ဘူးနော်၊ မောင်ကြီးတို့ လုပ်ရကြံရ ခက်ခဲနေတာမျိုးမှာ အတွင်းလူအနေနဲ့.. အခြားသူအနေနဲ့ ကူလိုက်လို့ အရေးပြီးပြေလွယ်မယ်ဆိုရင် အချိန်မရွေး ပြောပါ"
 
"ဟုတ်ပါပြီဗျာ၊ မောင်ကြီးလည်း တာဝန်တွေ အများကြီး ရှိသေးတယ်။ မင်းတရားကြီး မမိန့်ပေမယ့် လုပ်ကို လုပ်ရမယ့် ကိစ္စကြီးတွေ ရှိလို့ သွားရဦးမယ်။ မှာချင်တာကတော့ မောင်ကြီး အခုလုပ်မယ့် ကိစ္စတွေဟာ ရက်စက်ဆိုးရွားလွန်းခဲ့ရင် အကြောင်းမဲ့ မဟုတ်ဘူးလို့ နားလည်ပေးစေချင်ပါတယ်"
 
"လက်ျာဘီလူးရဲ့ စိတ်သဘောကို ဟောဒီတစ်တပ်လုံး သိကြပြီးသားပါ မောင်ကြီး။ ဒါ့ကြောင့် မောင်ကြီး ဘယ်လောက် လူမဆန်သည်ဖြစ်စေ တစ်ယောက်မှ အပြစ်မမြင်ကြတာပေါ့"
 
"အစောလည်း ကျော်ရှိန်ကို ကူပြီး သူ့ဆီက ပညာတွေလည်း ရသလောက်သင်ထားနော်။ အစော ချက်တဲ့ ခဲဖွယ်တွေကို မသေခင် မြိန်မြိန်စားချင်ပါသေးတယ်။ ဒါနဲ့ ကျော်ရှိန်က ငြိမ်ငြိမ်လေးပဲနေရင် ကျေးဇူးတင်နေမှာ လို့ အခုထိ ပြောနေသေးလား"
 
                မိစောမွန် ပါးစပ်ကို လက်ဝါးဖြင့်အုပ်ရင်း လွင်လွင်လေး ရယ်လိုက်သည်။
 
 "အရင်ကလောက်တော့ မပြောတော့ပါဘူး၊ အခု ကျေးဇူးတင်နေကြတာက တပ်သားတွေရှင့်။ အစောလက်စွမ်းပြချိန် ရောက်မလာဖို့ ဆုတောင်းနေကြတယ် တဲ့လေ"
 
"အစောကလည်း အစပ်အဟပ် အလွန်တည့်သကိုး။ ဟပ်လိုက်တိုင်း အစပ်ချည်း ဖြစ်နေတယ် မဟုတ်လား"
 
"မောင်ကြီးလည်း မစားနိုင်ဘူးမဟုတ်လား၊ မှန်မှန်ပြောစမ်း"
 
"စားနိုင်ပါတယ်ဗျာ၊ မောင်ကြီးကတော့ ခဲတွေကို ပဲအမှတ်နဲ့ ချက်ကျွေးလည်း ဗိုက်ပြည့်ဖို့အတွက် မြိုရမှာပါပဲ။ မိကျောင်းတွေလို ရေကြာကြာငုပ်နိုင်တာပေါ့"
 
"ဒါ အစောကို ပြောလိုက်တာပေါ့လေ.. ဟုတ်လား" 
 
"မကျွမ်းကျင်တဲ့ အမှုမှာ စိတ်မပါဘဲ တလွဲတွေချည်း လုပ်နေတဲ့ ​ကောင်မလေးကို ပြောတာပါ" 
 
              မိစောမွန်က ရှည်လျားသည့် ဆံနွယ်ချောချောများကို မျက်နှာပေါ် ဝဲခနဲကျအောင် ခေါင်းငုံ့လိုက်ကာ ရှက်ရယ်ရယ်၏ ။ ပြီးမှ
 
"ကဲပါ.. မောင်ကြီး အချိန်မအားတဲ့ကြားက ဒီလောက်အချိန်ပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။ လက်ဆောင်အတွက်ကိုတော့ နောက်မှ ကျေးဇူးဆပ်မယ်နော်"
 
              နောက်ဆုံးစကားကြောင့် လက်ျာဘီလူးမျက်နှာ တစ်မျိုးဖြစ်သွားသည်။ သို့သော် သူက ဘာမှမပြောတော့ဘဲ နေရာမှ ထကာ ထိုင်နေဆဲ မိစောမွန်ခေါင်းပေါ်  လက်နှင့် ဖွဖွပုတ်လိုက်ပြီး နှုတ်ဆက်စကားဆို၏ ။
 
"မောင်ကြီးကိုယ်စား တပ်သားတွေကို ဂရုစိုက်လိုက်နော်" 
 
 "ဟုတ်ကဲ့"
 
 
* * *
 
 
             အောက်ပြည်အောက်ရွာမို့ သည်းသည်းမည်းမည်း ရွာနေသော မိုးဒဏ်အောက်မှာ သူတို့လူများ လှုပ်ရှားနေကြရ၏ ။ သန်လျင်မြို့ရိုးကြီးကို ဖြိုဖျက်ပစ်လိုက်ပြီး ကျုံးပတ်လည် မြေဖို့ပစ်ရန်မှာ တကယ်တမ်း မလွယ်လှသော အလုပ်ပေမင့် အချိန်ပြည့်နီးပါး အလုပ်လုပ်နေကြသူများကြောင့် နောက်ဆုံးတော့လည်း ပြီးစီးသွားရသည်ပဲ ဖြစ်သည်။
 
              အလောင်းဘုရားက ရန်ကုန်ကို မြို့တည်လျက် ကုန်သွယ်ရေးဆိပ်ကမ်းအဖြစ် သတ်မှတ်လိုက်သောကြောင့် သန်လျင်ကို မြို့စောင့်ရသော လက်ျာဘီလူးက လူမျိုးပေါင်းစုံလွန်းလှသော သန်လျင်တစ်မြို့လုံးကို နည်းမျိုးစုံသုံးကာ ဖြိုခွဲလိုက်ခြင်းပင်။ သို့မဟုတ်လျင် တစ်ချိန်တွင် သန်လျင်သည် ဟံသာဝတီ၏ ခံတပ်တံခါးသဖွယ် ပိတ်ဆို့လာပြန်လိမ့်မည် မလွဲ။
 
               ယခုတော့ စက်မှုလက်မှုပညာသည်များနှင့် သူဌေးသူကြွယ်ဟူသမျှ ရန်ကုန်နှင့် ရွှေစက်တော်အောက်သို့ ရောက်သွားကြရပြီ ဖြစ်သလို စက်ရုံအလုပ်ရုံများကိုလည်း အပြီးတိုင် ဖျက်သိမ်းပစ်လိုက်သည်။ ရန်ကုန်သည် ချက်ချင်း စည်ကားသော မြို့ကြီး ဖြစ်လာပြီး သန်လျင်ကတော့ နာလံမထူနိုင်တော့ပြီ။
 
              လက်ျာဘီလူး ဗိုလ်မှူးပြု၍ သတိုးကျော်သူနှင့် ကျော်ထင်သက်တော်ရှည်တို့ကို သန်လျင်မြို့စောင့် စစ်ကဲခန့်ထားသည့်အချိန်တွင် ဟံသာဝတီဆင်ကြားရှင်လက်ထက်မှ အမတ်ဖြစ်သော မွန်တို့၏ စစ်ဘုရင် ဒေါစွယ်ယစက် ရန်ကုန်သို့ ဝင်လာသည်။ အိမ်ရှေ့မင်းက ခမည်းတော်ထံ ဆက်ရာ အလောင်းဘုရားက
 
"ဒေါစွယ်ယစက်၊ သင်သည် ပဲခူးမင်းထံတွင် သူရဲကောင်းဟု ကျော်စောသည်။ ငါ့သူရဲကောင်းတို့နှင့် စစ်ပွဲ၌ တွေ့ကြုံဖူးသလော"
 
               ဟု မေးတော်မူလေသည်။  ဒေါစွယ်ယစက်က တွေ့ဖူးကြောင်း လျှောက်သဖြင့် ပသို့ တွေ့ကြသနည်းဟု မေးပြန်၏ ။
 
"ကျွန်တော်မျိုးတို့ ဘောလယ်တွင် ခံနေစဥ်က မခံနိုင်၍ အစည်းအရုံးမပျက် ဆုတ်ကြရခိုက် ကျွန်တော် စစ်ဘုရင်ဖြစ်၍ မြင်းတစ်ရာကျော်နှင့် အနောက်မှ အုပ်ရင်း ရွှေ့ပါသည်။ 

              ယင်းသို့စဥ်တွင် အသားခပ်ညိိုညို၊ ကိုယ်ခပ်ကိုင်းကိုင်း၊ ဝတ်လုံချပ်ကာ မပါသည့် မြန်မာတစ်ယောက် ဆံဖားလျားနှင့် အတာနှစ်ဆယ်ကျော်ခန့် မြင်းစုမှ ခွာ၍ ကျွန်တော်ရှိရာ စိုက်စိုက်လိုက်လာသည်။
 
               ကျွန်တော်လည်း အထောက်တော်ရာက လှံသုံးစင်း ဆင့်ကာလွှတ်သည်ကို မရှောင်မတိမ်း၊ မထိမပါးဘဲ လိုက်မြဲ လိုက်လာသဖြင့် ကျွန်တော်တို့မြင်းများ ရွေ့ချေသည်။ လက်တွင်လည်း လှံရှည်ပါလျင်နှင့် လက်မတုံ့သည်မှာ အရှင်ဖမ်းမည့် လက္ခဏာရှိသည်၊ လူလည်း ကြီးကြမ်းသန်စွမ်းဟန်ရှိသည်၊ ငါတို့ ဆုတ်မှ သင့်မည်ဟု မြင်းတစ်ရာကျော်လုံး ပြေးကြမှ မလိုက်တော့ဘဲ ရပ်ကြည့်ကျန်ခဲ့၏ ။ ထိုသူကို မြင်လျင် မှတ်မိပါလိမ့်မည်"
 
             ဟု လျှောက်လေသည်။ အလောင်းမင်းကြီးလည်း အပါးရှိ ဗိုလ်မှူးအမတ် ၅၀ ကျော်ကို ပြရာ ဗိုလ်တွန်ကို လက်ညှိုးထိုးလျက်
 
"အလယ်တွင် ရှိနေသော ထိုလူကြီးပင်
ဖြစ်ပါသည်"
 
"မင်းလှမင်းခေါင် ဦးဆံဖြေ၍ မတ်တပ်ရပ်ပြလိုက်ပါ"
 
              မင်းတရားအမိန့်တော်ကြောင့် ဗိုလ်တွန် သျှောင်ကို ဖြေကာ ရပ်ပြလိုက်ရာ
 
"သူပင်ဖြစ်ကြောင်း သေချာလှပါသည်။ ဘောလယ်တွင် တွေ့ခဲ့သည့်နေ့မှ စ၍ ယနေ့အထိ မေ့နိုင်စရာမရှိ၊ သူ့အား ကြောက်လှပါသည်"
 
               ဟူ၍ ဒေါစွယ်ယစက် ဆိုသောအခါ အလောင်းမင်းတရားကြီးလည်း ရာဇဣန္ဒြေကို မေ့၍ ပေါင်ကို ပုတ်ကာ ရယ်တော်မူလေ၏ ။
 
 
(ဆက်ရန်...)
သင်္ခရာဇာ 
#credit

Post a Comment

أحدث أقدم

Comments