ကြောက်စရာ ❝ ဝစီကံ ❞
🌺🌺🌺🌺🌺🌺🌺🌺🌺
ဝစီကံနှင့်ပြစ်မှားလျှင်
လူတို့သည် ဘာမျှ အပြစ်မရှိဟု
ယူဆသူက များ၏။
သို့သော်…
သီလ သမာဓိနှင့်ပြည့်စုံသော
လူပုဂ္ဂိုလ်ကို ဖြစ်စေ။
ရဟန်းတစ်ပါးကို ဖြစ်စေ။
စော်ကားမိပါက ချက်ချင်း
မကောင်းကျိုးပေးနိုင်ကြောင်း
ဤသာဓကကို ဖတ်ရှုခြင်းဖြင့်
သိရှိနိုင်ပေသည်။
ရွာ၏ကျက်သရေဆောင်
ဓမ္မိကာရုံကျောင်းတိုက်တွင်
ငယ်ဖြူဖြစ်သော
ဦးပဉ္ဇင်းလေး ဦးသုန္ဒရ
ကျောင်းထိုင်လာသည်မှာ
ဆယ်နှစ်ပင် ပြည့်ပြီ ဖြစ်သည်။
ဦးဇင်းလေး၏
အကျင့် သီလ သမာဓိတို့အပေါ်တွင်
ရွာကကြည်ညို၍လည်း
ကျောင်း ဆေး ဆွမ်း သင်္ကန်းဟူသော
ပစ္စည်းလေးပါးတို့
အစစအရာရာ လိုအပ်မှုမရှိအောင်
ဖြည့်ဆည်းပေးထား၏။
တရားဘာဝနာအားလည်း
အေးချမ်းစွာ အားထုတ်နိုင်သကဲ့သို့
ရွာသူရွာသားများ
ဥပုသ်စောင့်ရာတွင်
နိဗ္ဗာန်ရောက်ကြောင်း တရားများကို
ညွှန်ပြမြဲ ဖြစ်၏။
ရွာကျောင်း၌ ကျောင်းထိုင်လစ်လပ်၍
ဤဦးဇင်းလေးအား
ရွာသူကြီး ဦးမောင်ထူးက ပင့်လာပြီး
ကျောင်းထိုင်စေခဲ့သည်ကို
မကျေနပ်သူ အိမ်ထောင်စု တစ်စုကတော့
ကြွက်သိုးတို့ အိမ်ထောင်စုပင် ဖြစ်၏။
ဒီဦးဇင်း ရှိနေလို့
မြို့ကိုရောက်နေတဲ့ ကျုပ်ညီ
ကျောင်းထိုင်မဖြစ်တာ အမေရဲ့။
ကြွက်သိုး၏ ညီမှာ ရှင်ရဟန်းဖြစ်ပြီး
မြို့၌ ပရိယတ္တိစာပေများ သင်ကြားနေ၏။
ညီတော်ရဟန်းမှာ
စာပေကျမ်းဂန်တို့၌သာ စိတ်ဝင်စားပြီး
ဘာကိုမျှ ခင်တွယ်သူ မဟုတ်ပေ။
ကြွက်သိုးက အရက်သမား။ အလုပ်ကို
လက်ကြောတင်းအောင် မလုပ်သူ။
ခပ်ရှုပ်ရှုပ်မို့ ခင်နှင်း၏ ဇယားထဲတွင် မရှိ။
ကြွက်သိုးအဖို့ နောက်ထပ်
မကျေနပ်ချက် တစ်ခု ရှိသေး၏။
ဒါက ရွာရှိ ရာအိမ်မှူး
ဦးပန်းတော သမီး ခင်နှင်းနှင့်
ပတ်သက်၍ ဖြစ်သည်။
ခင်နှင်းသည် ရွာ၏ ကွမ်းတောင်ကိုင်။
အချောဆုံး၊ ဘာသာရေးလည်း
အလွန်ကိုင်းရှိုင်း၏။
ဝါဝင် ဝါထွက် ဥပုသ်ယူ၏။
မကြာခဏဆိုသလို
ကျောင်းသို့ ဆွမ်းအုပ်ပို့လေ့ ရှိသည်။
ဆရာနှင့်ဒကာ ကြည်ဖြူနေသည်ကို
ကြွက်သိုးအဖို့ မျက်စိစပါးမွှေး စူးလှသည်။
ဟာ…ဟုတ်ပြီ-အကြံရပြီ။
ဟကောင် ကြွက်သိုး
မလာစဖူး အလာထူးလှချည့်လား...
ဘာကိစ္စ ပေါ်လာလို့လဲ-?
သူကြီးဦးမောင်ထူးက လှမ်းမေးလိုက်သည်။
မပြောမပြီး မတီးမမြည်ဆိုသလို
သည်ပုံအတိုင်းသာ ရှေ့ဆက်သွားရင်
ကျုပ်တို့ရွာ ရေစုန်မျောဖို့ ရှိတော့မယ် သူကြီး။
မင်း စကားက
ဘာကိုရည်ရွယ်ပြီး ပြောတာလဲ-?
ဒီလို သူကြီးရဲ့…
ကျုပ် ဒီမနက် နွားတွေလွှတ်ရင်း
ဘုန်းကြီးကျောင်းနား ဖြတ်သွားတော့
ဦးပန်းတောရဲ့သမီး ခင်နှင်း
ဆွမ်းအုပ်ရွက်ပြီး
ကျောင်းပေါ် တက်သွားတယ်။
နွားတွေမောင်းပြီးအပြန်မှာ
ကျောင်းလှေကားရင်းမှာ
ခင်နှင်းဖိနပ်က ရှိနေသေးတယ်။
ကျောင်းပေါ်မှာ ဦးဇင်းနဲ့ခင်နှင်းတို့
တိတ္လို့ ဆိတ္လို့…
ကျုပ်အထင်တော့
ဦးဇင်းနဲ့ခင်နှင်းတို့ ပေရာပရီ
ဖြစ်နေကြသလား မပြောတတ်ဘူး။
ဟာကွာ…မင်းကလည်း အထင်နဲ့
စွပ်စွဲနေပြန်ပြီ။ ဦးဇင်းလေးကို
ကြည်ညိုလို့ ငါတို့ပင့်လာတာပဲ။
အဲဒါကြောင့် သူကြီးကို လာပြောတာ။
ဒါပေမဲ့ ကြွက်သိုးရာ…
ငါလေ့လာမိသလောက်
ဦးဇင်းလေးဟာ…
သီလ သိက္ခာ သမာဓိ ဘာမှပြောစရာ
မရှိအောင်ပါပဲ။
သူကြီးအနေနဲ့…ဒါကိုရှင်းပေးရလိမ့်မယ်။
မကောင်းရင် ဖယ်ရှားပေးရမယ်။
အဲဒီအခါကျရင် ကျုပ်အဆိုး မဆိုနဲ့။
ဟကောင် ကြွက်သိုးရာ…
တဇွတ်ထိုး မလုပ်ပါနဲ့။
တို့လူကြီးတွေ ညှိနှိုင်းပြီး ဖြေရှင်းပါ့မယ်။
စုံစမ်းအရေးယူမှုမရှိရင်
ကျုပ်ကတော့ ရွာထဲ ဖွင့်ချရမှာပဲ။
အေး…
ခုကိစ္စက ထင်ထားသလို
မဟုတ်ရင် ကံကြီးထိုက်မယ်။
ဦးဇင်းလည်း သိက္ခာကျမယ်။
မိန်းကလေးလည်း အရှက်ကွဲမယ့်ကိန်းပဲ
ကြွက်သိုး။
ကျုပ်သွားပြီ သူကြီး…
ကြွက်သိုးအဖို့
သူ့လုပ်ရပ်ကို ကျေနပ်အားရနေမိ၏။
အရက်ဖိုတွင်
မဟုတ်မမှန်သတင်း လွှင့်တော့သည်။
လူတစ်ချို့ကလည်း စဉ်းစား
ဆင်ခြင်ဉာဏ်နည်းပြီး
ကြွက်သိုး၏ အကွက်ထဲသို့
ဝင်လာကြတော့သည်။
ရွာလေးသည် အစည်းပြေကာ
ဦးဇင်းလေးအား
အထင်မမှားပဲ ကိုးကွယ်သူနှင့်
အထင်မှားပြီး ကိုးကွယ်သူတို့
ကွဲသွားတော့၏။
ဒါကို ဦးဇင်းလေး
မသိသည် မဟုတ် သိပါသည်။
သိ၍လည်း မိမိအပေါ်
ယုံကြည်သူတို့အား တရားချခဲ့သည်။
ဒကာတို့…
သံသယစိတ်ဆိုတာ
တစ်ကယ် မဟုတ်မမှန်ရင်
အတော် အပြစ်ကြီးပါတယ်။
ဦးဇင်းတို့ ကိုးကွယ်တဲ့
ဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင်
စိဉ္စမာဏနဲ့ စွပ်စွဲမှုကို ခံရသေးတာပဲ။
စိဉ္စမာဏ အသင်နဲ့ကျွန်ုပ်သာ
အသိဆုံးပါဟု မိန့်ခဲ့ဘူးတယ်။
ဦးဇင်းဟာ စိတ်ဓာတ်ခိုင်မာတယ်။
ကိုယ့်သီလ သမာဓိကို ယုံကြည်တယ်။
ဒီရပ်ရွာကနေ ဘယ်မှ မစွန့်ခွါပါဘူး။
ကာလမကြာခင် နေမင်းကြီး
ထွန်းတောက်လာတော့မှာပါ။
သံသယတွေ
ကွယ်ပျောက်လွင့်စင်သွားမှာပါ။
ဒီတော့
ဦးဇင်း အဆုံးအမပေးချင်တာက
ဘယ်သူ တရားပျက်ပျက်
ကိုယ့်ဘက်ကတော့ မပျက်စေနဲ့။
ကြွက်သိုးသည် သူ၏လုပ်ရပ်
တစ်ဝက်လောက် အောင်မြင်၍
ဝမ်းသာနေ၏။
ခင်နှင်းတစ်ယောက်ကတော့
အိမ်တွင်း ပုန်းနေရ၏။
တောက်…
ဒီဘုန်းကြီး အရှက်မရှိ
ကျောင်းဆက် ထိုင်နေတယ်။
အေး ဟုတ်သားကွာ။
အဲဒီအတွက် မင်း ဘာဆက်လုပ်မလဲ-?
ငါတော့ လကွယ်နေ့ညကျရင်
ဘုန်းကြီးကျောင်းကို ခဲမိုး ရွာချင်တယ်။
ဟာ…
ဒါတော့ မကောင်းဘူး ထင်တယ်ကွာ။
သာသနိက အဆောက်အဦးကို
ဖျက်လိုဖျက်ဆီး မလုပ်သင့်ဘူး။
မြို့နယ်သံဃနာယက အဖွဲ့ကို
စာနဲ့ပေနဲ့ တိုင်ပေါ့ကွာ။
တိုင်လည်း တိုင်ပြီးပြီ။
စစ်လည်း စစ်ပြီးပြီ။
ဘာမှ ထူးမလာလို့ပေါ့ကွ။
ခဲမိုးဒဏ်မခံနိုင်ပဲ
ဒီကိုယ်တော် သင်္ကန်းပိုက်ပြီး ပြေးရမှာ။
ဒါဆို ဒို့ရွာ ကျောင်းထိုင်မဲ့သွားမှာပေါ့…
မပူစမ်းပါနဲ့။
ဒီကိုယ်တော်မရှိရင် မြို့ရောက်နေတဲ့
ငါ့ညီကိုယ်တော်ပင့်ပြီး
ကျောင်းထိုင် လုပ်ခိုင်းမှာပေါ့။
ကြွက်သိုး ထိုသို့ဆိုစဉ်
သောက်ဖော်သောက်ဖက်များ
နှာခေါင်း တရှုံ့ရှုံ့ဖြစ်နေ၏။
ကြွက်သိုး ပါးစပ် ဟလိုက်တိုင်း
အပုပ်နံ့က တလှောင်းလှောင်း။
ဟာ…ကြွက်သိုး
မင်းပါးစပ်က ပုပ်စော်နံသကွာ…
ဟုတ်တယ်…
မင်းပါးစပ်က ဟလိုက်တိုင်း နံတယ်။
ဒီစကားကို ကြားတော့
ကြွက်သိုး အံ့အားတသင့် ဖြစ်သွား၏။
နောက်တစ်နေ့ အိပ်ရာကထတော့
ကြွက်သိုးပါးစပ်တစ်ခုလုံး ဖူးယောင်နေသည်။
ပါးစပ်က ဟလိုက်တိုင်း
အပုပ်နံ့က တလှောင်းလှောင်း။
ဟဲ့...ကြွက်သိုး
နင့်ပါးစပ်က ဘာကောင်ကိုက်တာလဲ-?
ဘာကောင်မှ မကိုက်ပါဘူး အမေရာ။
ဟင်…
နင့်ပါးစပ်ကလည်း နံလိုက်တာ။
သွား…
မျက်နှာသစ်ပြီး ပလုပ်ကျင်းပစ်လိုက်စမ်း။
ကြွက်သိုး အိပ်ရာမှထပြီး
ရေအိုးစင်သွားကာ
မျက်နှသစ်ပြီး ပလုပ်ကျင်းလိုက်သည်။
အား…ပူတယ်ဗျ…ပူတယ်။
ဟဲ့ ဘာဖြစ်တာလဲ-?
အမေ့ရေတွေက ပူတယ်ဗျ…ပူတယ်…ဖွီး။
ညကခပ်ထားတဲ့ ညသိပ်ရေပါ။
ဘယ့်နဲ့ ပူရမှာလဲ။
နင် ရူးနေလား-?
ကျုပ်မရူးဘူး။
အမေ့ရေတွေက ပူလို့ပူတယ် ပြောတာ။
မဟုတ်သေးပါဘူး။
ကဲ…ငါ သောက်ရေအေး ခပ်လာပေးမယ်။
ပလုပ်ကျင်းကြည့်…
အား…
ပူတယ်…ပူတယ်…ပူတယ်…ဖွီး။
မအေလုပ်သူ နားမလည်တော့။
ဒီလောက်အေးသည့်ရေကို
ပူသည်ဟုဆိုလာပြန်တော့
ဘယ်လို နားလည်ရမှန်း မသိတော့။
ကြွက်သိုးလည်း အရက်ခိုး မပြယ်သည်မို့
အိပ်ရာထက် ပြန်ခွေနေလိုက်သည်။
မှေးကနဲ
ဖြစ်သွားစဉ် သူ့မြင်ကွင်းတစ်ခုလုံး၌
မည်းမည်း အကောင်များ။
မှိန်းတွေ ခက်ရင်းခွတွေ လှံများကို
ကိုင်ဆောင်လျှက်
သူ့ကို အတင်းဆွဲခေါ်နေကြ၏။
လွှတ်…လွှတ်…မလိုက်ဘူး။
အမေရေ ကယ်ပါဦး…
ဝူး…ဝူး…ဝါး…ဝါး…
ကြွက်သိုးတစ်ယောက်
ကယောင်ကတမ်းတွေ ဖြစ်နေသည်။
အိမ်ရှိ လူများလည်း
ခြေမကိုင်မိ လက်မကိုင်မိ။
ဟဲ့…ဟဲ့…ဗိန္ဓောဆရာ
ဦးအောင်ကြီး သွားခေါ်စမ်း။
သူကြီး ဦးတက်တူကို
အကြောင်းကြားပါဟဲ့။
ဗိန္ဓောဆရာ စမ်းသပ်သည်။
မတတ်နိုင်သည့် အလား ခေါင်းခါသည်။
ကြွက်သိုးတစ်ယောက်
အိပ်ရာထက် လူးလိမ့်ရင်း သွေးပွက်ပွက်
အန်သည်။
အန်ချလိုက်သည့် သွေးတို့သည်
သွေးပုပ်များ ဖြစ်၍
အနံ့ဆိုးတွေက တလှောင်းလှောင်း။
သူကြီးဦးတက်တူနှင့်
ဦးဇင်းလေးတို့ ရောက်တော့...
ကြွက်သိုးတစ်ယောက်
မည်သည့်ရောဂါမျှမရှိဘဲ
မျက်လုံးကြီးပြူး လျှာကြီးထွက်ကာ
အသက်ထွက်သွားလေတော့သည်။
ဒီတော့မှ ကြွက်သိုးအမေခမြာ…
အရှင်ဘုရား…
တပည့်တော်မတို့ကို ခွင့်လွှတ်ပါဘုရား။
တပည့်တော်မသား ကြွက်သိုးဟာ…
သူ တစ်ဖက်သတ်ကြိုက်နေတဲ့
ခင်နှင်းနဲ့ မနီးစပ်နိုင်တာကြောင့်
ဦးဇင်းကို လုပ်ကြံစွပ်စွဲခဲ့ပါတယ်။
ပြီးတော့
ကျောင်းကထွက်ပြေးရအောင် လုပ်ပြီး
သူ့ညီကို ကျောင်းထိုင်ဖြစ်အောင်
ကြံစည်ခဲ့ပါတယ်ဘုရား။
တပည့်တော်တို့လည်း
အထင်လွဲခဲ့ပါတယ် ဘုရား။
မေတ္တာရှေ့ထားပြီး
ခွင့်လွှတ်ပေးတော်မူပါ ဘုရား။
ဦးဇင်းလေးကတော့…
ဘယ်သူမပြု မိမိမှု ဟု
သဘောပိုက်လျှက်
သဗဗြသတြတော ကမမြဿကာဟူ၍
နှလုံးသွင်းရင်း
သောကပရိဝေဒ ငြိမ်းစေရန်
တရားချလျှက် တည်ငြိမ်ရင့်ကျက်စွာ
ပြန်ကြွသွားလေသည်။
ဒီတော့မှ
ဦးဇင်းအပေါ် အထင်အမြင်
လွဲမှားသူတို့ နောင်တရကာ
တောင်းပန် ရှိခိုးကြလေ၏။
မိမိတို့ ပြုလုပ်သော မကောင်းမှုအား
မိမိတို့ကိုယ်တိုင် ခံစားရမည်ကို
ကြွက်သိုးက သက်သေပြခဲ့၏။
ယနေ့ခေတ်တွင်လည်း
မည်သူသည် သီလ သမာဓိ ရှိသည်
မရှိသည်ကို မည်သူမျှ မသိရှိပေ။
သီလ သမာဓိ ရှိသော ပုဂ္ဂိုလ်အား
ပြစ်မှားမိပါက
ယခုဘဝမှာပင် မကောင်းကျိုးများ
ခံစားရလိမ့်မည် ဖြစ်၍
ကာယကံ ဝစီကံ မနောကံများအား
တတ်နိုင်သမျှ ကြိုးစား
စောင့်ထိန်းနိုင်ကြစေရန်
ရေးသားလိုက်ရပေသည်။
#မူရင်း-တရားရတနာ
#မူရင်းရေးသူအားလေးစားစွာCrdပေးပါသည်
#ပြည့်စုံ(တောင်ငူ)
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
ဤPage တွင်ဖော်ပြထားသောဓမ္မစာပေများအား
မည်သူမဆိုလွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်
Crd#Bhone Myat Thu

إرسال تعليق