နောင်တမရခင် နှုတ်ကိုပြင်
🌺🌺🌺🌺🌺🌺🌺🌺🌺
အရှင်နာရဒဟာ ဂိဇ္စျကုဋ်တောင်ပေါ်က ဆင်းလာတဲ့အခါ
ကောင်းကင်ယံမှာ ကိုယ်ရောင်ကိုယ်ဝါနဲ့ အလွန်လှပတဲ့
ပြိတ္တာတစ်ကောင်ကို မြင်ရတယ်။
အဲဒီ ပြိတ္တာဟာ ခန္ဓာကိုယ်အနေနဲ့ အင်မတန်မှ လှပတယ်။
သို့သော် ပါးစပ်ကပုပ်ပြီး လောက်တွေ တဖွားဖွား ထွက်နေတယ်။
အဲဒီလို လောက်တွေ တဖွားဖွားနဲ့ ပါးစပ်ကြီးတစ်ခုလုံး
ပုပ်နေတာကို တွေ့ရတော့ အရှင်နာရဒက တအံ့တသြ
ဖြစ်တာပေါ့။
အဲဒီ ပြိတ္တာနဲ့ ဆုံတဲ့အခါ မေးကြည့်တယ်တဲ့။
ဘာဖြစ်လို့ ဒီခြေအနေမျိုး ရောက်လာရတာတုန်းပေါ့။
သူကပြောတယ်
"သူဟာ ယခင်ဘဝတုန်းက ဘုန်းကြီးတစ်ပါး ဖြစ်ခဲ့တယ်။
နှုတ်ကိုမစောင့်စည်းဘဲ တစ်ပါးနဲ့တစ်ပါး မတည့်အောင်
ဂုံးတိုက်တယ်၊ မဟုတ်တမ်းတရားတွေ ပြောတယ်။
တရားကျင့်ခဲ့တဲ့အတွက်ကြောင့် သူ့ရဲ့ခန္ဓာကိုယ် ရုပ်အဆင်းက လှပတယ်။
သို့သော် ပါးစပ်ကပုပ်ပြီး လောက်တွေ တဖွားဖွားကျနေတယ်။
ဒီလို ဖြစ်ရတာက တစ်ခါတုန်းက သူတော်ကောင်း
ရဟန်းတော်နှစ်ပါးကို သူက ဂုံးတိုက်ခဲ့လို့” တဲ့။
တောရကျောင်း တစ်ကျောင်းမှာ အင်မတန်မှရင်းနှီးတဲ့
ရဟန်းတော်ကြီးနှစ်ပါး သီတင်းသုံးနေကြတယ်။
ဝါတော်တွေလည်း အတော်ရပြီ။
ဒီကိုယ်တော်က အာဂန္တုအဖြစ် အဲဒီကျောင်းလေးကို ရောက်သွားတယ်။
အဲဒီရွာက လူတွေက သဒ္ဓါတရား အင်မတန်ကောင်းကြတယ်။
ကိုယ်တော်ကြီး နှစ်ပါးနဲ့အတူ ရွာထဲ ဆွမ်းခံကြွတဲ့အခါ
လူတွေက လှူ ကြတန်းကြတာ၊ ရိုသေလေးစားတာကို မြင်တော့
" သြော် ဒီရွာကလူတွေ တယ်တော်တာပဲ၊ သဒ္ဓါတရားလည်း
အင်မတန်ကောင်းတယ်၊ ငါဒီရွာမှာ အမြဲနေရအောင် ကြံဦးမှ၊
ဒီကိုယ်တော်ကြီးနှစ်ပါးနဲ့ နေရင်တော့ ငါ သူတို့တပည့်ဖြစ်မှာ။
ငါကိုယ်တိုင်ပဲ ဒီကျောင်းကို ဦးစီးဦးကိုင်
နေလို့ရအောင်လုပ်မှပဲ ” လို့ ကျောင်းလုဖို့ ကြံတာပေါ့နော်။
ကျောင်းရောက်တဲ့အခါ ဒီကိုယ်တော်နှစ်ပါး
မတည့်အောင် ဂုံးတိုက်ဖို့ စဉ်းစားတယ်။
နှစ်ပါးလုံးနဲ့ ခင်မင်ရင်းနှီးအောင် ပေါင်းတယ်။
တစ်ရက်တော့ အကြီးကိုယ်တော်ထံကနေ ဆုံးမသြဝါဒတွေ
နာခံပြီးတော့ ကျောင်းကအဆင်းမှာ ပြန်တက်လာတယ်။
ပြန်တက်လာတော့ အကြီးကိုယ်တော်က မေးတယ်။
ဘာလို့လာတာလဲဆိုတော့
တပည့်တော် လျှောက်စရာလေးတစ်ခုကျန်လို့ လာတာပေါ့။
ဘာလျှောက်ချင်တာတုန်းမေးတော့
" အရှင်ဘုရား ဟိုကိုယ်တော်နဲ့ အဆင်ပြေရဲ့လား ” တဲ့။
" ဟ- တို့အတူတူနေလာတာ ကြာလှပြီ၊ ဘာမှမဖြစ်ပါဘူး။ အဆင်ပြေပါတယ် ” လို့ ဖြေတော့ " အရှင်ဘုရားကသာ သူတော်ကောင်းစိတ်ရှိလို့ အဆင်ပြေတယ်လို့ပြောတာ သူက တပည့်တော်ကို ပြောတယ်၊ မင်း ဒီကိုယ်တော်ကြီးနဲ့ မပေါင်းနဲ့၊ ဒီကိုယ်တော်ကြီးက အင်မတန်ဆိုးတာ၊ ကိုယ်ကျင့်တရား မကောင်းဘူးလို့ တပည့်တော်ကို ပြောတယ် ” တဲ့။ " မင်း မဟုတ်တာတွေ မပြောနဲ့ ” ဆိုတော့ " အရှင်ဘုရား တပည့်တော် မဟုတ်တာ မပြောဘူး။ အကျိုးလိုလားလို့ အရှင်ဘုရားကိုပြောတာ။ ယုံတာ မယုံတာတော့ အရှင်ဘုရား သဘောပဲ၊ တပည့်တော်ကြားတာ လာလျှောက်တာပါ ” လို့ ပြောခဲ့သတဲ့။
ပုထုဇဉ်ဆိုတော့ စိတ်ထဲမှာ သံသယ ဖြစ်သွားတာပေါ့။ မဆုံးဖြတ်နိုင်ဘူး။ ဟုတ်များဟုတ်နေမလားပေါ့။ အဲဒီစကားကို တစ်ခါ ဒုတိယကိုယ်တော်ကို သွားပြောပြန်တာပဲ။ ဟိုကိုယ်တော်ကလည်း သံသယဖြစ်သွားတယ်။ ကိုယ်တော်နှစ်ပါးဟာ စိတ်ဝမ်းကွဲပြီး ကျောင်းမှာမနေတော့ဘဲ ထွက်သွားကြတယ်။ ဒီလိုတွေထိအောင် ဖြစ်သွားတယ်ပေါ့နော်။ ဓမ္မပဒမှာပါတဲ့ ဝတ္တုနဲ့ ခပ်ဆင်ဆင်ပဲ။ ဒါကတော့ ပေတဝတ္တု မှာ ပါတာ။
အဲဒီလို ကိုယ်တော်နှစ်ပါးကို ဂုံးတိုက်လိုက်တယ်။ ဂုံးတိုက်လိုက်တော့ ခါတိုင်းဆို တော်တော်ကို သင့်သင့်မြတ်မြတ်နေတဲ့ ကိုယ်တော်ကြီးနှစ်ပါးဟာ အဲဒီကျောင်းကနေ ထွက်သွားကြတယ်။ အဲဒီကျတော့မှ သူက ကျောင်းကို အပိုင်စီးတာ။ နောက်ပိုင်း သူ ဘာဖြစ်သလဲဆိုတော့ " သြော် တကယ့် အနေအထိုင်ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ငါ မဟုတ်တမ်းတရားတွေနဲ့ ပြောမိပြီ” ဆိုပြီး သူ့စိတ်ထဲ ယူကျုံးမရ ဖြစ်လာတယ်။ စိတ်တွေ ပူလာတယ်။ အိပ်လိုလဲ မပျော်ဘူး။ စားလို့လဲ အဆီသြဇာ မဖြစ်တော့ဘူး။ မကြာခင်ဘဲ သူ့လုပ်ရပ်အပေါ် နောင်တကြီးစွာရပြီး ဒီကိုယ်တော် ပျံတော်မူသွားခဲ့တယ်။ သူ ဘယ်ရောက်သွားသလဲဆိုတော့ ငရဲရောက်သွားတယ်။
ဟိုကိုယ်တော်ကြီး နှစ်ပါးကတော့ ဟိုဟိုဒီဒီ ရွှေ့ပြောင်းသွားလာရင်း ပြန်ဆုံမိပြီး တစ်ပါးနဲ့တစ်ပါး ပွင့်ပွင့်လင်းလင်း မေးတဲ့အခါ သူကလည်း မ
ပြောရပါဘူး၊ ဟိုကလဲ မပြောရပါဘူး ဆိုပြီး ပြန်အဆင်ပြေသွားကြတယ်။ ဂုံးတိုက်တဲ့ ကိုယ်တော်က
စိတ်နှလုံးပူပန်ပြီး သေတဲ့အခါ ငရဲကျသွားတယ်။
ငရဲကနေ လွတ်တဲ့အခါ အခုလို ပါးစပ်ပုပ်တဲ့ ပြိတ္တာကြီး ဖြစ်ရတယ်ပေါ့။ သင်္ကန်းဝတ်ပြီး တရားအကျင့်တွေ ကျင့်ခဲ့လို့ ကပိလငါးကြီးလို ခန္ဓာကိုယ် အနေနဲ့တော့ အဆင်းလှပပြီး ရွှေရောင်ထွက်နေတယ်။ သို့သော် နှုတ်နဲ့ မကောင်းတာတွေ လုပ်ခဲ့တယ်၊ သူတော်ကောင်းတွေကို တစ်ဦးနဲ့တစ်ဦး ကွဲပြားအောင် ပြစ်မှားဂုံးတိုက်ခဲ့တာကြောင့် ပါးစပ်ပိုးလောက်ကျပြီး ပုပ်စော်နံတဲ့ ကြောက်စရာကောင်းတဲ့ ပြိတ္တာကြီး တစ်ကောင် ဖြစ်ရတယ်တဲ့။
သူ့ဘဝဇာတ်လမ်းကို ရှင်းပြပြီး ရှင်နာရဒကို လျှောက်လိုက်တယ်။ " အရှင်ဘုရား တပည့်တော် အခုလို မှားယွင်းတဲ့ မိုက်ပြစ်မိုက်ဒဏ်တွေကြောင့် ဒီဘဝရောက်တာဘုရား၊ ဘယ်တော့ဖြစ်ဖြစ် နှုတ်ကို စောင့်စည်းပါ ဘုရား၊ နှုတ်ကို မစောင့်စည်းဘဲ လိမ်လည်ပြောမိမယ်၊ ဂုံးတိုက်စကား ပြောမိမယ်ဆိုရင် တပည့်တော်လို အဖြစ်ဆိုးနဲ့ ကြုံနိုင်ပါတယ်” လို့ မှာလိုက်တယ်။ ဒါက သူ့ကိုယ်တွေ့ခံစားရတဲ့ ဒုက္ခကို ဖော်ပြပြီး မှာလိုက်တာ။ အဲဒီ ဇာတ်လမ်းတစ်ပုဒ်လည်းပဲ ပေတဝတ္တုမှာ မှတ်တမ်းတင်ထားတယ်ပေါ့။
🏵ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🏵
( ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား စာအုပ်မှ)
#မူရင်းရေးသူအားလေးစားစွာCrdပေးပါသည်
#ပြည့်စုံ(တောင်ငူ)
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
ဤPage တွင်ဖော်ပြထားသောဓမ္မစာပေများအား
မည်သူမဆိုလွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်
Crd#Bhone Myat Thu

إرسال تعليق