“Cloud Computing ဆိုတာ ဘာလဲ” လို့ မေးလာခဲ့လို့ရှိရင် ———– Cloud ဆိုတာ

“Cloud Computing ဆိုတာ ဘာလဲ”
လို့ မေးလာခဲ့လို့ရှိရင် ———–
Cloud ဆိုတာ 


မြန်မာလို “တိမ်”ပေါ့။ မိုးပေါ်မှာရှိတတ်တဲ့ မိုးတိမ်ပေါ့။ Computing ဆိုတာက တွက်ချက်ခြင်းဆိုတော့ မိုးတိမ်တွက်ချက်ခြင်းပေါ့လို့ ပြောရင် မိုးလေဝသပညာလို့ ထင်ကြမှာပါ။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်လောက်က Cloud နဲ့ပတ်သက်ပြီး ဘယ်လောက်သိပါသလဲလို့ ကျမတို့ IT ဌာနကို ရောက်လာတဲ့ IT ပညာရှင်တစ်ဦးက မေးခွန်းထုတ်ချိန်မှာ ကျမပထမဆုံးသတိရမိတာက soundcloud ဆိုပြီး သီချင်းတွေ ကို Internet ကနေ ရယူနားထောင်နိုင်တဲ့ လိမ္မော်ရောင်နောက်ခံနဲ့ မိုးတိမ် လေးကိုပဲဖြစ်ပါတယ်။အဲဒါကလွဲလို့ cloud နဲ့ပတ်သက်ပြီး ဘာမှ ဂနသေချာမသိခဲ့ပါဘူး။
ခုနောက်ပိုင်းမှာတော့ နေရာတိုင်း cloud – cloud နဲ့ တဂေါက်ဂေါက် ကြားနေရလို့ နံမည်ကြီး cloud ကို အသာချောင်းကြည့်မိပါတယ်။
အိုး— ချောင်းကြည့်တော့မှပဲ အရှိန်အဟုန်ပြင်းတဲ့ နည်းပညာခေတ်မှာ ကိုယ်တိုင် cloud ပေါ် ထိုင်မိရက်သားဖြစ်နေတော့တာကိုး။
တချို့က Cloud Technology လို့လည်းသုံးပါတယ်။ တကယ်တော့ Internet ကိုအခြေခံပြီး အသုံးပြုနိုင်တဲ့ နည်းပညာ (service technology) တစ်ခုဖြစ်ပါတယ်။
“ဘယ်တုန်းကစ ခဲ့သလဲ”

Cloud concept ဟာ ၁၉၅၀ ဝန်းကျင်ကတည်းက စခဲ့တယ်လို့ပြောပါတယ်။ အဲဒီတုန်းကတော့ အချက်အလက် (data) တွေသိမ်းဆည်းခဲ့တဲ့ Mainframe ကြီးတွေထားတဲ့ Server Room တွေဟာ အချက်အလက်တွေ မပျက်စီးစေဖို့ ငွေကုန်ကြေးကျ တော်တော်ခံပြီး အထူးဂရုစိုက်ထားရှိရတဲ့ အခန်းကြီးတွေပါ။

၁၉၇၀ မှာတော့ နံမည်ကျော် IBM နည်းပညာကုမ္ပဏီဟာ VMs(Virtual Machines) လို့ လူသိများတဲ့ operating system ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

၁၉၉၀ နောက်ပိုင်းမှာတော့ virtualization ဆိုတဲ့ စကားရပ် ပိုမိုခေတ်စားလာပါတယ်။ ကိုင်တွယ်ပြလို့ရတာမျိုးမဟုတ်ပေမယ့် အမှန်တကယ်ရှိနေတဲ့ virtualization server တွေကို အာရုံစိုက်လာကြပါတယ်။ မျက်မြင်ထက် ဥာဏ်မြင်သဘော ပိုဆန်မယ်ထင်ပါတယ်။

အရင်တုန်းက ကုမ္ပဏီအများစုဟာ အချက်အလက်တွေသိမ်းဖို့ server room တွေကို တည်ဆောက်ရာကနေ ခုဆိုရင် Hosted service provider လို့ ခေါ်တဲ့ ရင်းမြစ်ကုမ္ပဏီကြီးတွေဆီက virtualization server တွေကို ဝယ်ယူလာကြပါတယ်။ Server Room အတွက်အထူးစဉ်းစားဖို့မလိုတော့ပဲ ငွေကုန်ကြေးကျ သက်သာလာပါတယ်။

Internet ဆိုတဲ့ ကမ္ဘာကြည့် ကြည့်မြင်နိုင်တဲ့ နည်းပညာ ပေါ်ပေါက်လာပြီးတဲ့ နောက်မှာ စီးပွားရေးသမားတွေက လုပ်ငန်းအမျိုးမျိုးအတွက် virtualization server တွေကို ရောင်းကြဝယ်ကြတဲ့အခါ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ ပမာဏကို လိုချင်လာတဲ့အတွက် စဉ်းစားတွက်ချက်ရင်း utility computing ဆိုပြီးစတင် ခဲ့တယ်လို့ဆိုပါတယ်။ ဒါဟာ cloud computing ရဲ့ အစပါပဲ။
“Cloud Technology ရဲ့ အားသာချက်တွေ”
၂၁ ရာစုမှာ စီးပွားရေးလုပ်ငန်းအများစုတွေဟာ Digital အခြေခံတဲ့ လုပ်ငန်းတွေအဖြစ် တဖြည်းဖြည်းပြောင်းလဲလာနေပါတယ်။ ခုဆို ငွေသွင်း ငွေထုတ် ငွေလွှဲစတဲ့ ဘဏ်ကိစ္စ တွေကို digital နည်းပညာတွေနဲ့ စီမံလုပ်ဆောင်လာကြပါပြီ။ ဒီလိုပြောင်းလဲခြင်းတွေနဲ့ အတူ သိုလှောင်သိမ်းဆည်းရတဲ့ အချက်အလက်တွေကလည်း ပိုပို များပြားလာပါတယ်။
များပြားလှတဲ့ အချက်အလက်တွေရဲ့ အသွင်းအထုတ်၊ သိမ်းဆည်းတွက်ချက်မှု စတဲ့ data management တွေစနစ်တကျရှိစေဖို့ (Big Data) ဆိုတဲ့ အထူးပြုစရာ ပညာရပ်ဝန်းတစ်ခုဟာလည်း ပေါ်ပေါက်လာပါတယ်။
အချက်အလက်သိမ်းဆည်းရမယ့် နေရာ (space) နဲ့စီးဆင်းနေတဲ့ အချက်အလက် လုပ်ငန်းဆောင်တာတွေကို ကောင်းစွာထိမ်းချုပ်နိုင်သော Scalability ဆိုတာဟာ အရေးကြီးလာပါတယ်။ Scale နဲ့ ability ကို ပေါင်းစပ်သုံးစွဲထားတာပါ။

Scalability တနည်းပြောရရင် Big Data တွေကိုကိုင်တွယ်နိုင်စွမ်းရှိနိုင်ဖို့ ပံ့ပိုးပေါ်ထွက်လာတဲ့ နည်းပညာကတော့ Cloud Computing (သို့) Cloud Technology ပါ။

Cloud technology ဟာကဏ္ဍစုံတွေမှာဘာကြောင့် ဒီလောက်အရေးပါ လာရသလဲ ဆန်းစစ်ကြည့်ရင် Scalability အပြင် Instant ချက်ခြင်းမြန်မြန်ဆန်ဆန်တုန့်ပြန်နိုင်မှုနဲ့ Save money ငွေကုန်ကြေးကျ သက်သာခြင်းဆိုတာတွေကြောင့်ဖြစ်ပါတယ်တဲ့။

ငွေကုန်ကြေးကျ သက်သာတယ်ဆိုတာကတော့ Network Infrastructure တွေကို အပြင်မှာ တည်ဆောက်မှုတွေ မလိုတော့ပဲ cloud ပေါ်မှာ virtual network သုံးနိုင်မှုကြောင့်ပါ။
“မိုးတိမ်ပေါ်ကနည်းပညာများ”

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မြန်မာနိုင်ငံမှာ email စသုံးတဲ့ အချိန် နိုင်ငံရပ်ခြားက ညီမငယ်ရေးတဲ့ စာလေးကို Computer Screen ကနေ print ထုတ်ပြီး အဖွားကို ပြတော့ အဖွားကပြောတယ် “ စာပို့သမားလဲမရှိပဲနဲ့ အထူးအဆန်းတွေဟယ် —–အောက်လမ်းနည်းတွေလားတဲ့” ။   တကယ်တော့ အထက်လမ်းနည်းတွေပါ။ မိုးတိမ်ပေါ်က နည်းပညာပေါ့။

ခုဆို စာတင်မက ရုပ်ကောအသံပါ သုံးပြီး ကမ္ဘာရဲ့ ဘယ်နေရာကမဆို ပါဝင်ဆွေးနွေး နိုင်တဲ့ Video Conferencing ဆိုတာ နေရာတိုင်းကို လွှမ်းမိုးလာပါတယ်။ တက္ကသိုလ်တွေမှာ video Conference အတွက် သီးသန့် အခန်းတွေ ထည့်သွင်းလာကြပါတယ်။

ကျန်းမာရေးဘက်မှာဆို video conferencing ကြောင့် အကျိုးကျေးဇူးတွေ သိပ်ကိုများပါတယ်။ ကိုယ်အမည်မဖော်ထုတ်နိုင်သေးတဲ့ ရောဂါ အတွက် video conference ပေါ်ကနေ ကမ္ဘာအရပ်ရပ်က အတွေ့အကြုံများလှသော သမားတော်ကြီးတွေရဲ့ဝိုင်းဝန်းဆွေးနွေးမှုနဲ့ ရောဂါ ဖော်ထုတ်နိုင် တာမျိုးကြောင့် အဖိုးတန်အသက်တွေ ကယ်နိုင်တာရှိခဲ့ပါပြီ။

လက်ကိုင်ဖုန်းလေးတွေနဲ့ ငွေကြေးကိစ္စတွေ လုပ်နိုင်တဲ့ ibanking တွေပေါ်လာပါပြီ။ Mobile Money ဆိုတာကိုလည်း ခုတလော နေရာတိုင်းမှာ ပြောနေကြပါတယ်။

စီးပွားရေးတင်မက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ကဏ္ဍပေါင်းစုံမှာ အရှိန်အဟုန်မြှင့် ပေါ်ထွက်လာပါတယ်။ တောင်သူလယ်သမားတွေအတွက် သီးနှံစျေးနှုန်းတွေ၊ မိုးလေဝသ သတင်းတွေကို အချိန်တိုအတွင်း သိစေနိုင်မယ့်ဝန်ဆောင်မှု ၊Taxi တွေကို online ကနေ ငှားနိုင်မယ့် ဝန်ဆောင်မှု စသဖြင့် Internet ကိုအခြေခံ တဲ့ application လေးတွေ ဟာ လက်ကိုင်ဖုန်းတွေ နဲ့အတူ လူတွေဆီ ရောက်ရှိလာပါပြီ။

တောင်တန်းတွေ ပင်လယ်တွေဘယ်လောက်ခြားခြား ချက်ခြင်းသတင်းစကားတွေရောက်နေ နိုင်တဲ့ ယခုလူသုံးများနေတဲ့ facebook ဟာလည်း cloud technology ပါပဲ။ စာလေးတခုတင်လိုက်ရင် post တင်လိုက်တာနဲ့ သူငယ်ချင်းတွေရဲ့ ထင်မြင်ချက်တွေက ချက်ခြင်းတက်လာကြတော့ ပျော်စရာ သို့မဟုတ် စိတ်တိုစရာ အစုံစုံပေါ့လေ။

ခုဆို ရုံးတွေမှာ ရုံးကိစ္စတွေကအစ Group Chat လေးတွေလုပ်ပြီး အလုပ်လုပ်နေကြပါပြီ။ Whatsapp တို့ telegram တို့ Viber တို့ စသဖြင့်စုံနေတာပါပဲ။

ခေတ်မီနိုင်ငံတွေက ကျောင်းတွေမှာ အိမ်စာပေးရင်၊ Assignment တွေလုပ်ခိုင်းရင်ဆရာနဲ့ ကျောင်းသားတွေ နှစ်ဦးနှစ်ဘက် သဘောတူ သိမ်းနိုင်တဲ့ Google drive တို့ DropBox တို့ ဆိုတဲ့ မိုးတိမ်ပေါ်က သေတ္တာလေးတွေထဲမှာ အလုပ်တွေ ထားကြပါတယ်။

Assignment ကို သတ်မှတ်ရက်၊အချိန် ကျော်သွားရင်လက်မခံ ပဲထားနိုင်တဲ့ နည်းလမ်းတွေကအစ သုံးနိုင်ကြပါတယ်။ ဒါတွေဟာ cloud အခြေခံထားတဲ့နည်းပညာတွေပါ။

နိုင်ငံအတော်များများမှာ အလယ်တန်းဆင့်မှာကိုပဲ ဒီနည်းပညာရဲ့အခြေခံကို ထည့်သွင်း သင်ကြားနေပါတယ်။ ဒီနည်းပညာကို သုံးစွဲပြီး ပိုမိုကောင်းမွန်တဲ့ ပညာရေးကို ဖော်ဆောင်နေကြပါပြီလို့ ဆိုပါတယ်။
“Cloud ရဲ့ ဝန်ဆောင်မှုများ”

Cloud Technology မှာ အဓိက ပုံစံ (model) ၃ မျိုး ရှိပါတယ်။  IaaS၊ PaaS၊ SaaS တို့ဖြစ်ပါတယ်။

IaaS က Infrastructor as a Service ပါ။ ကိုယ့်မှာ Internet ချိတ်ဆက်မှုတစ်ခုရှိနေယုံနဲ့ ကိုယ့်ရဲ့ လုပ်ငန်းနဲ့ ကိုက်ညီမယ့် အချက်အလက်သိမ်းဆည်းနိုင်မယ့် နေရာတွေ၊ ကွန်ယက်တွေကို ကိုယ်ပိုင် Hardware တွေ၊ Network device တွေလိုသုံးနိုင်တဲ့ လုပ်ဆောင်နိုင်စွမ်း တွေကိုရမှာဖြစ်ပါတယ်။ ကိုယ်လိုအပ်တဲ့ အလုပ်အတွက် လိုအပ်သလောက်ကို စိတ်ကြိုက်ပုံစံနဲ့သုံးစွဲနိုင်မှာပါ။

Amazon, HP စတဲ့ လုပ်ငန်းကြီးတွေဆီက virtual network infrastructure တွေဝယ်ယူနိုင်ပါတယ်။ သူတို့က IaaS စျေးသည်ကြီးတွေပါ။ Hosting Service တွေထဲက တစ်ခုဖြစ်တဲ့ Amazon.com ဟာ ၂၀၀၂ ခုနှစ်လောက်မှာ cloud-base service (storage, computation, human intelligence) စတာတွေကို Amazon web services ဆိုပြီး စျေးကွက်တင်ခဲ့ပါတယ်။

PaaS ဆိုတာက Platform as a Service ပါ။ သုံးစွဲတဲ့ ဖုန်းအမျိုးအစား၊ကွန်ပျူတာအမျိုးအစားတွေ ဘယ်လိုပဲ ကွဲပြားပါစေ ဘယ်လမ်းက ဘယ်ပုံစံသွားချင်လည်း ဆိုတာကို အလွယ်တကူ မိမိလိုတဲ့ ပုံစံ ပြောင်းယူနိုင်တဲ့ အခြေခံ platform တစ်ခုကို တည်ဆောက်ပေးထားတာပါ။

Operating system တွေမတူပေမယ့် သုံးစွဲသူအမျိုးမျိုး အဆင်ပြေနိုင်မယ့်၊ ကိုယ့်လုပ်ငန်းကို စျေးကွက်မြန်မြန်ထိုးဖောက်နိုင်မယ့် Web development တွေကိုတော့ PaaS အရောင်းသမားတွေက တာဝန်ယူပါတယ်။ VMware ဆိုတာနံမည်ကျော် ပါတယ်။

Oracle ဟာလည်း cloud computing software Enterprise တစ်ခုပါ။ များပြားလှတဲ့ အချက်အလက်တွေကို သိုလှောင်သိမ်းဆည်း စီမံခန့်ခွဲ မှုမှာ ကျော်ကြားပါတယ်။

SaaS ဆိုတဲ့ software as a service ကတော့ user တွေ အလွယ်တကူ သုံးစွဲနိုင်ဖို့ ဖန်တီးထားတဲ့ application တွေပါပဲ။ CaaS ဆိုပြီး communication as a service ကို SaaS ကနေ ထပ်ဆင့် အထူးပြုခဲ့ပြန်ပါတယ်။

အရင်က လူတွေဟာ အသံ (voice message)နဲ့ပဲ ဆက်သွယ်နိုင်ခဲ့ရာက တဖြည်းဖြည်း တိုးတက်လာခဲ့ပါတယ်။ အခုဆိုရင် Group chat တွေဟာ ရုံးသုံး ဖိုင် (MS office file) တွေ၊ဓာတ်ပုံတွေ၊ Video တွေပါ ပို့နိုင်လာခဲ့ ပါပြီ။ဘယ်လို electronic device ကိုပဲသုံးသုံး အားလုံးအဆင်ပြေအောင် လုပ်ပေးလာနိုင်ကြပါပြီ။ တစ်ဦးက PC နဲ့ ရုံးမှာ ထိုင်၊ တစ်ခြားတစ်ဦးက သွားလာနေရင်း mobile phone ကိုင်၊ သို့သော် နှစ်ဦးစလုံး messager ကနေ ဆက်သွယ်ရင်း အလုပ်အကြောင်း အချိန်မဖင့်စေပဲ ဆုံးဖြတ်နိုင်လာပါပြီ။

SaaS ပိုင်းမှာတော့ အလကားသုံးနိုင်တဲ့ ဝန်ဆောင်မှုတွေနဲ့ သုံးစွဲသူတွေကို ဆွဲဆောင်ပြီးမှ နှစ်သက်ခဲ့ရင်ပိုမိုတဲ့ ဝန်ဆောင်မှုတွေကို တန်ရာတန်ဖိုးပေး၀ယ်ရတာမျိုးတွေရှိပါတယ်။ facebook တို့ linkln တို့ google apps တို့ စုံလို့ပါပဲ။ Google မှာဆိုရင် account တစ်ခုရှိယုံနဲ့ သူရဲ့ ဝန်ဆောင်မှု အမျိုးမျိုးကို သုံးစွဲနိုင်အောင်ဖန်တီးထားပါတယ်။

ဒီနေရာမှာ middleware ဆိုတာလေးက cloud technology မှာ မပါမဖြစ်ပါ။ အပေါ်မှာပြောခဲ့သလို မတူညီတဲ့ OS တွေ Software တွေ ကို ပေါင်းစပ်နိုင်အောင်လုပ်ဆောင်ပေးတဲ့ computer software တစ်ခုကိုခေါ်တာပါ။ Cloud computing မှာ သူဟာ စွမ်းဆောင်ရည်မြင့်တဲ့ သံတမန်တစ်ဦးပဲ လို့ ဆိုချင်ပါတယ်။

 

“Cloud အမျိုးအစားများ”

Public cloud၊ Private cloud၊ Community cloud၊ Hybridge cloud ဆိုပြီး cloud အမျိုးအစားတွေခွဲထားပါသေးတယ်။

Public cloud ဆိုတဲ့ အတိုင်း ပံ့ပိုးပေးသူ (Providor) က ချိတ်ဆက်ထားတဲ့ Network တွေ၊ သုံးစွဲရမယ့် applications တွေ၊ အချက်အလက်တွေသိုလှောင်ထားနိုင်တဲ့ နေရာ (space) တွေစတဲ့ resources တွေအားလုံးကို လူအားလုံးသုံးစွဲနိုင်အောင် ဖန်တီးပေးထားတဲ့ cloud ပါ။ အထင်ရှားဆုံးပြရရင် Google apps တွေပါ။ Gmail ဆိုရင် တကမ္ဘာလုံးက သုံးစွဲနိုင်ကြပါတယ်။ google drive ဆိုရင်လဲ ကိုယ့် data တွေ အလွယ်တကူသိမ်းဆည်းထားနိုင်ပါတယ်။

သူရဲ့ အားနည်းချက်ကတော့ လုံခြုံမှု (security) ပါပဲ။ ကိုယ့်ရဲ့ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှု၊ လျှို့ဝှက်အချက်အလက်တွေအတွက်ကတော့ စိတ်မချရပါဘူး။ ဒါကြောင့် ကိုယ်ပိုင်လုပ်ငန်းလုပ်ဆောင်တဲ့ ကုမ္ပဏီများ၊ အစိုးရ ဌာနများအတွက်တော့ private cloud ကိုသုံးစွဲလာကြပါတယ်။

Private cloud ကတော့ ကိုယ်ပိုင် အချက်အလက်သိုလှောင်ရာ data array တွေ၊ ကိုယ်ပိုင်လုပ်ဆောင်မှု Server တွေကို သုံးကြပါတယ်။ ဒါပေမယ့် cloud computing မှာတော့ ဒါတွေဟာ security ပိုင်းကို အလေးပေးထားတဲ့ Virtualization (စိတ်မျက်စိနဲ့ ပုံဖော်ရတဲ့ ပစ္စည်း) တွေဖြစ်ကြပါတယ်။ private cloud တနည်းအားဖြင့် enterprise cloud တွေ ရောင်းချတဲ့ website တွေ အမျိုးမျိုးရှိပါတယ်။ vmware, Microsoft, IBM တို့ဟာ နံမည်ကျော် private cloud provider တွေပါ။

Public နဲ့ Private ပေါင်းစပ်ထားတဲ့ Hybrid cloud ဟာလည်း သူ့အားသာချက်နဲ့သူ သုံးစွဲမှု များလာပါတယ်။ ပြုလွယ်ပြင်လွယ် ဒီဇိုင်းကိုလည်းသုံးနိုင် လုံခြုံမှုလည်း ရှိ ဆိုတဲ့ အချက်တွေဟာ သူရဲ့ အားသာချက်တွေပါ။

ခုနောက်ပိုင်း Community cloud ဆိုပြီး ခေါ်ဆိုမှုလည်းရှိလာပါတယ်။ ကျမတို့ တွေကိုယ်တိုင် မိုးတိမ်ပေါ်ထိုင် မိုးတိမ်နည်းပညာတွေ သုံးစွဲနေကြ သူတွေဖြစ်တယ်ဆိုတာ facebook သုံးစွဲနေသူတိုင်းလက်ခံကြရမှာပါ။ ဒါဟာ Community cloud ပါပဲ။
“Cloud ရဲ့ အားနည်းချက်တွေ”

နည်းပညာတိုင်းမှာ အားသာချက်၊ အားနည်းချက်တွေကတော့ တွဲရက်ပါပဲ။  Cloud Technology ရဲ့ အားနည်းချက်တွေကတော့ Security(လုံခြုံမှု)၊ privacy (ကိုယ်ပိုင်လွတ်လပ်မှု), usage fees (သုံးစွဲခ), Bandwidth caps (အချက်အလက်သယ်ပို့နိုင်စွမ်း) တို့ဖြစ်ပါတယ်။
လူအများသိတဲ့ facebook ဆိုတဲ့ cloud application မှာပဲ ကြည့်ကြရအောင်ပါ။သူဟာ ဘယ် platform ကမဆို သုံးနိုင်အောင်လုပ်ထားတဲ့ application ပါ။ (PC,Laptop, mobile တွေရဲ့ ဘယ် operating system ကမဆိုသုံးနိုင်ပါတယ်)။
facebook Security & privacy setting တွေပါသော်ငြားလည်း တကယ်တမ်းတော့ မလုံခြုံလှပါဘူး။ ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေကို ချိုးဖောက်နိုင်တဲ့ နည်းတွေရှိနေနိုင်ပါတယ်။ ကိုယ့်ရဲ့ account တွေကို(hack) တိုက်ခိုက်ခံရတာမျိုးတွေ ရှိနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဝီကီလိခ် ဝက်ဘ်ဆိုဒ်(wikileaks web) ကနေ ကမ္ဘာကျော်ခေါင်းဆောင်တွေရဲ့ ပေးစာတွေ၊ နိုင်ငံအသီးသီးရဲ့ သတင်းအချက်အလက်တွေကို တင်ခဲ့ပြီး ကမ္ဘာ့သတင်းလောက ကို ကိုင်လှုပ်ခဲ့တာဟာ နည်းပညာလုံခြုံမှု ကျိုးပေါက်ခြင်းပါပဲ။

တစ်ဘက်ကအမြင်မှာ ကျင့်ဝတ်ချိုးဖေါက်မှု၊ အခြားတစ်ဘက်က အမှန်တရား ဆိုပြီး အငြင်းပွားစရာရဲ့ အဓိကပုဂ္ဂိုလ် ဂျူလီယန်အဆန်း(Julian assange) ဟာ သူရဲ့ လုပ်ရပ်အတွက် လိုက်လံဖမ်းဆီးသူတွေရန်ကလွတ်ဖို့ လန်ဒန်မှာရှိတဲ့အီကွေဒေါသံရုံးမှာ ခိုလှုံနေရဆဲပါ။

Cloud Technology မှာ ကိုယ်ရဲ့ message တွေကို စာတွေနဲ့တင်မက လှုပ်ရှားမှုပုံရိပ်တွေကို ပါ live လွှင့်နိုင်တာမျိုးတွေတောင်ရလာပြီ ဆိုတော့ bandwidth က စကားပြောလာပါတယ်။ Bandwidth ကောင်းကောင်း အတွက် စျေးလည်းကောင်းကောင်းပေးမှရပါတယ်။ cloud technology ကြောင့် ကုန်ကျစရိတ်တွေ သက်သာတယ်ဆိုပေမယ့် bandwidth cost ကိုတော့ ပုန်းနေတဲ့ ကုန်ကျစရိတ်လို့တောင် တင်စားကြပါတယ်။
“နည်းပညာများနှင့် လူသားများ”

လှိုင်းလုံးတွေတစ်လုံးပြီးတစ်လုံး တက်လာနေတဲ့ နည်းပညာခေတ်ကြီးမှာ မြန်ဆန်လှတဲ့ ပြောင်းလဲမှုတွေနဲ့အတူ ကိုယ်က တက်လာတဲ့လှိုင်းကိုမြင်နိုင် ဒီလှိုင်းတွေကို အလိုက်သင့် လိုက်စီးနိုင်ဖို့ လိုအပ်နေပါပြီ။ အနည်းဆုံး လှိုင်းတွေကြားထဲ ဒလိမ့်ခေါက်ကွေး ဖြစ်မသွားဖို့ လိုပါတယ်။

ဒါပေမယ့်လည်း တခါတခါတွေးမိတာက ဆန်းသစ်လှတဲ့ နည်းပညာတွေဟာ ကမ္ဘာကြီးကို ကောင်းကျိုးပိုစေလား ဆိုးကျိုးပိုစေလားဆိုတာပါ။ ဒါနဲ့ ပတ်သက်လို့ ကတော့ အငြင်းပွားမှုတွေ ဟိုးအရင်ကလည်းရှိ ၊ ခုလည်းရှိ၊ နောင်လည်း ဆက်ရှိနေကြဦးမှာပါ။

နည်းပညာတွေမြင့်လာတာနဲ့အတူ ဒီပညာတွေကိုပိုင်ဆိုင်တဲ့ နိုင်ငံတွေက ပိုချမ်းသာလာကြတယ်။ ဖွံဖြိုး တိုးတက်မှုနောက်ကျတဲ့ ၊ ဆင်းရဲတဲ့ နိူင်ငံတွေအပေါ် ပိုပိုပြီး အမြတ်ထုတ် ဂုတ်သွေးစုတ်လာကြမယ်။ ပညာဟာ ငွေနဲ့ စက်ဝယ်နေရတော့ လူတန်းစားကွာဟမှုတွေ ပိုကြီးလာပြန်တယ်။ ဒီလိုနဲ့ ကမ္ဘာကြီးဟာ တစ်ပတ်လည်ပြီး အရင်းကျမ်းတွေ ပြန်ဆန်းသစ် ကွန်မြူနစ်တွေ ပြန်ဖြစ်၊ အမျိုးသားကောင်းစားရေးဝါဒ၊ အစွန်းရောက်ဝါဒ၊ ဒီမိုကရေစီ၊ စျေးကွက်စီးပွားရေး စသည် စသည်

ဘာပဲဖြစ်ဖြစ်လေ………. ကမ္ဘာကြီးငြိမ်းချမ်းဖို့ “cloud application” လေး တစ်ခုလောက် တီထွင်နိုင်ခဲ့ရင်တော့ မဆိုးဘူးပေါ့နော်။

Credit......စပယ် (ှုIT)

Post a Comment

Previous Post Next Post

Comments