‘ဒုက္ခအရောက်ဆုံး နာကျင်စရာတွေကို ဖြတ်သန်းခဲ့ရပါတယ်’ - တရုတ်၏ ဖမ်းဆီးခံ ကနေဒါနိုင်ငံသား ပြော - BUR.MIZZIMA.COM


The Print

တရုတ်၏ ဖမ်းဆီးချုပ်နှောင်မှု၌ ရက်ပေါင်း ၁,၀၀၀ ကျခံခဲ့ရသူ ကနေဒါနိုင်ငံသားက တွေ့ရကြံရသည်များမှာ သူ ဘယ်တော့မှ မေ့တော့မည် မဟုတ်သည့် စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများထက် မလျော့နည်းကြောင်း ပြောဆိုလာခဲ့သည်။ ၎င်းသည် တရုတ်အာဏာပိုင်များက သူလျှိုစွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၂၀၂၁ တွင် လွတ်မြောက်၍ အိမ်ပြန်ရောက်လာခဲ့ကြောင်း CNN က သတင်းဖော်ပြသည်။

သူလျှိုစွပ်စွဲချက်များဖြင့် ရက်ပေါင်း ၁,၀၀၀ ကျော်ထက်မနည်း တရုတ်က ဖမ်းဆီးထားခဲ့သော ကနေဒါနိုင်ငံသား နှစ်ဦးမှ တဦးဖြစ်သည့် ကနေဒါတွင် နေထိုင်သူ မိုက်ကယ်ကော့ဗ်ရစ် သူ့အား ခြောက်လကြာ တိုက်ပိတ်ထားခဲ့ပြီး ဆက်တိုက် စစ်ကြောမေးမြန်းခဲ့ကြောင်း၊ ယင်းသည် စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုပဲ ဖြစ်ကြောင်း ပြောဆိုသည်ဟု CNN သတင်းအရ သိရသည်။

“ဒါဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့် လုံးဝကို ဒုက္ခဝေဒနာ အရောက်ရဆုံး နာကျင်စရာတွေကို ကျွန်တော် ဖြတ်သန်းခဲ့ရတာပဲ”ဟု လွန်ခဲ့သည့် သုံးနှစ်၌ တရုတ်က ပြန်လွှတ်ပေးပြီးနောက် ကနေဒါ သတင်းအဖွဲ့အစည်း CBC သို့ ၎င်း၏ ပထမဆုံး မှတ်ချက်ပြုရာတွင် ကော့ဗ်ရစ်က ပြောခဲ့ကြောင်း CNN က ဖော်ပြသည်။

သူသည် ခြောက်လကြာမျှ ဓာတ်ရောင်ခြည် မီးရောင်အောက် လုံးလုံးကို တိုက်ပိတ်ခံရခဲ့ခြင်းဖြစ်ကာ ယင်းသည် ကုလသမဂ္ဂ စံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်ဟု ကောဗ်ရစ်က ပြောသည်။ သူသည် နေ့စဉ် ၆ နာရီမှ ၉ နာရီအထိ စစ်ကြောမေးမြန်းခံရပြီး ကုလားထိုင်တွင် တုပ်နှောင်ထားခံရကာ တနေ့လျှင် ထမင်းသုံးလုံးကို မသေရုံတမယ် မစားမနေရ စားခဲ့ရသည်။

“သူတို့ဟာ လက်တွေ့ဘဝအပေါ် သူတို့ရဲ့ အတုအယောင် အမြင်တွေကို လက်ခံလာအောင် နိုင်ထက်စီးနင်းပြုကျင့်တာ၊ အကြမ်းဖက်နှိပ်စက်တာ၊ ခြိမ်းခြောက်တာနဲ့ အကျပ်ကိုင်တာတွေကို လုပ်ဆောင်နေတာပဲ”ဟု ကော့ဗ်ရစ်က CNN သို့ ပြောသည်။

အမေရိကန်၏ လိမ်လည်တုပမှု စွပ်စွဲချက်ဖြင့် တရုတ်နည်းပညာကုမ္ပဏီကြီး ဟွာဝေး၏ ဘဏ္ဍာရေးအရာရှိချုပ် မန်ဝန်ကျို့ကို ကနေဒါအာဏာပိုင်များ ဖမ်းဆီးခဲ့သည့် ၂၀၁၈ မှစကာ တရုတ်နှင့် ကနေဒါကြား သုံးနှစ်တာ သံတမန်ရေး ထိပ်တိုက်ဆိုင်မှုတွင် ကော့ဗ်ရစ်က ဓားစာခံဖြစ်ခဲ့ရသည်ဟု CNN သတင်းက အတည်ပြုသည်။

နောက်ပိုင်း နှစ်နှစ်နီးပါး အကြာတွင်မှ အမေရိကန် အစိုးရရှေ့နေများက တရားခံလွှဲပြောင်းပေး‌ရေး တောင်းဆိုချက်ကို လက်လွှတ်ကာ မန်ဝန်ကျို့အား ပြန်လွတ်ရန် သဘောတူလိုက်သည့်နောက်မှ ကော့ဗ်ရစ်က ပြန်လည်လွှတ်ပေးခံရခြင်း ဖြစ်သည်။

ကော့ဗ်ရစ်အား ဖမ်းဆီးထားချိန်အတွင်း တရုတ်အာဏာပိုင်များသည် မန်ဝန်ကျို့ ဖမ်းဆီးခံရမှုနှင့် ကောဗ်ရစ်အား ဖမ်းဆီးမှုကြား မည်သည့် အချိတ်အဆက်မှ မရှိကြောင်း ဆက်တိုက်ပင် ငြင်းဆန်ခဲ့သည်။ ထိုပြင် တရုတ်အာဏာပိုင်များသည် ကော့ဗ်ရစ်အား စွပ်စွဲထားသည့် သက်သေများကို လူသိရှင်ကြား မထုတ်ဖော်သကဲ့သို့ တံခါးပိတ် စစ်ဆေးမှုနောက်ကွယ်က တရားစွဲဆိုမှုနှင့် သက်ဆိုင်သော သတင်းအချက်အလက်များကိုလည်း ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ကော့ဗ်ရစ်သည် ပညာရှင်အဖွဲ့တဖွဲ့ဖြစ်သော နိုင်ငံတကာ ပဋိပက္ခအုပ်စု၏ အကြီးတန်းအကြံပေးဟောင်းအဖြစ် လုပ်ကိုင်ခဲ့သော သံတမန်ဟောင်းတဦးပဲ ဖြစ်သည်။



Source link

Post a Comment

Previous Post Next Post

Comments