သိမ်ဇရပ်က စစ်ကောင်စီတပ်နဲ့ မြို့မရဲစခန်း လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်ခံရ
ကျိုက်ထို၊ မေ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခလရ(၂၀၇)တပ် နဲ့ မြို့မရဲစခန်းကို မေလ ၂၄ ရက်နေ့ မနက် ၃ နာရီခွဲအချိန်လောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ မြို့မရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ ကာကွယ်ရေး အင်အားစု ပူးပေါင်းအဖွဲ့က လက်နက်ကြီးနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီး ထိမှန်ပြီး စစ်ကောင်စီ ခလရ(၂၀၇)တပ်က တပ်ကြပ်ကြီး မောင်လှိုင် သေဆုံးခဲ့သလို တပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ကျိုက်ထို တော်လှန်ရေး အင်အားစု KRF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သိမ်ဇရပ်မြို့မရဲစခန်း တိုက်ခိုက်မှုမှာတော့ ထိခိုက်မှုကို စုံစမ်းလျက်ရှိကြောင်းနဲ့ ထပ်မံတိုက်ခိုက်ဖို့ အခွင့်အရေး ရှိပေမယ့် မိသားစုတွေကို ငဲ့ညှာတဲ့အနေနဲ့ သတိပေးမှုသာ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်အနေနဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကို အချိန်မီ ဆက်သွယ်ပေးဖို့နဲ့ နောက်ထပ် တစ်ကြိမ် အခွင့်အရေး ပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထား ပါတယ်။
ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင်စီတပ်၊ ဂိတ်စခန်းတွေနဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့က မကြာခဏဆိုသလို တိုက်ခိုက်တာ တွေ လုပ်ဆောင်နေပါတယ်။
သတင်း - သံလွင်တိုင်းမ်

Post a Comment