ထားဝယ် ကမ်းနားဈေးမှာ PDF တပ်ဖွဲ့ဝင် တစ်ဦးရဲ့ မိခင်ဖြစ်သူ ပစ်သတ်ခံရ
ထားဝယ်၊ မေ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ကမ်းနားဈေးမှာ မေလ ၂၄ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးရဲ့ အသက် ၆၀ ကျော် မိခင်ဖြစ်သူ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့ ကမ်းနားဈေးမှာ ဒူးရင်းသီး ရောင်းနေတဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်ညွန့်လှိုင်ကို အမည်မသိ သေနတ်သမား ၂ ဦးက သေနတ်နဲ့ လာရောက် ပစ်သတ်သွားခဲ့တာပါ။
ဒေါ်ညွန့်လှိုင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ခေါင်းနဲ့ ရင်ဘတ်တို့မှာ သေနတ် ဒဏ်ရာတွေ ရရှိပြီး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒေါ်ညွန့်လှိုင်ရဲ့ ရုပ်အလောင်းကိုတော့ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေက ထားဝယ်ဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။
ဒေသခံတွေအဆိုအရ ဒေါ်ညွန့်လှိုင်ဟာ သား ၇ ယောက် မွေးထားတဲ့ မိခင် တစ်ဦး ဖြစ်ပြီး သူရဲ့ သားတစ်ဦးက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်ညွန့်လှိုင် သေနတ်နဲ့ ပစ်သတ်ခံရပြီးနောက် ဈေးသူ၊ ဈေသားတွေလည်း ဈေးမရောင်းရဲတော့ဘဲ ဈေးသိမ်းပြီး အိမ်ပြန်သွားကြတယ်လို့ ပြောပါတယ်။
ဒေသခံတွေကတော့ ဒေါ်ညွှန့်လှိုင်ကို သေနတ်နဲ့ ပစ်သတ်သွားတဲ့ သူတွေဟာ စွန်ရဲအဖွဲ့ ဒါမှမဟုတ် ပျူ စောထီးအဖွဲ့က ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။
တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလကစပြီး စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းတွေ ဖြစ်တဲ့ စွန်ရဲအဖွဲ့နဲ့ ပျူ စောထီးအဖွဲ့က NLD ပါတီဝင်တွေနဲ့ NLD ထောက်ခံတဲ့ မိသားစုဝင်တွေကို လိုက်လံသတ်ဖြတ်တာတွေ လုပ်ဆောင်လာပါတယ်။
သတင်း - သံလွင်တိုင်းမ်

Post a Comment